ညဘက် ခြေထောက်တွေ ကိုက်နေတာ သွေးကြောရောဂါကြောင့်လား
ညဘက်မှာ ခြေထောက်တွေ ကိုက်နေတာ ညအိပ်လို့တောင် မရဘူးလား? ဒါဆိုရင်တေ့ာ အသက်ကြီိးလာလို့ နာတာလောက်တော့ မဟုတ်တော့ဘူး။
သွေးကြောရောဂါကြောင့် ခြေထောက်ရောင်တာဟာ ခြေထောက်တစ်ချောင်းလုံးမှာ ဖြစ်နိုင်တယ် ဆိုပေမယ့် များသောအားဖြင့် ခြေသလုံးကြွက်သားတွေ၊ ပေါင်နဲ့ တင်ပါးတွေမှာ ဖြစ်တတ်တယ်။ တချို့တွေမှာတော့ သိပ်မနာတတ်ပေမယ့် တချို့ကျတော့ လမ်းတောင် မလျှောက်နိုင်လောက်အောင် နာတတ်ပါတယ်။ သွေးကြောရောဂါဆိုတာ ပိုပိုဆိုးလာတတ်တဲ့ ရောဂါတစ်မျိုးပါပဲ။ တချို့တွေမှာတော့ နေ့ခင်းဘက်မှာပဲ နာတတ်တယ်။ တချို့ကျတော့ နားနေတဲ့အချိန်နဲ့ ညဘက်တွေမှာ နာတတ်တယ်။
>> သွေးကြောရောဂါနဲ့ ညဘက်မှာ ခြေထောက်နာခြင်း
ဒီလိုသွေးကြောရောဂါကြောင့် ခြေထောက်နာတာဟာ လှုပ်ရှားတဲ့အချိန်မျိုး အထူးသဖြင့် လမ်းလျှောက်တဲ့အချိန်၊ လှေကားတက်တဲ့အချိန်မျိုးတွေမှာ နာတတ်တယ်။ ဒါပေမဲ့ ခဏလောက် နားလိုက်တာနဲ့ ပျောက်သွားတာမိျုးလည်း ရှိတတ်တယ်။
ညဘက် အိပ်ချိန်မှာ နာတာကျတော့ ပိုဆိုးသွားပြီပေါ့။ ခြေထောက် နာလာတဲ့အခါ မိနစ်ပိုင်းလောက်ကနေ နာရီပိုင်းလောက်ထိကို ကြာတတ်တယ်။
>> သွေးကြောရောဂါဆိုတာ ဘာလဲ?
သွေးလွှတ်ကြောတွေ ပိတ်သွားတဲ့အတွက် ခြေထောက်တွေဆီကို သွေးအသွား နည်းသွားတာကြောင့် ဖြစ်တာပါ။ ဒီရောဂါဟာ တော်တော်အဖြစ်များပြီး လူပေါင်း ၈.၅ သန်းနဲ့ အသက် ၇၀ ကျော်သူတွေရဲ့ ၁၅% လောက်မှာ တွေ့ရတတ်တယ်။
>> ဘာကြောင့်ဖြစ်ရတာလဲ?
သွေးလွှတ်ကြောတွေထဲ အဆီတွေ ပုံလာပြီး မာခဲလာတာကြောင့် ဖြစ်တတ်တယ်။ ဒီလို သွေးကြောတွေ မာလာတာကြောင့် နှလုံးသွေးကြောကျဉ်းရောဂါတွေ၊ ခြေထောက်သွေးကြောကျဉ်းရောဂါတွေ ဖြစ်တတ်တယ်။ အရမ်းဆိုးလာရင် ခြေထောက် ဖြတ်ပစ်လိုက်ရတာမျိုး၊ အသက်ဆုံးရှုံးရတာမျိုးတောင် ဖြစ်နိုင်တယ်။
ဒါဆို သွေးကြောကျဉ်းတာ ဘာလို့ဖြစ်ရတာလဲ ဆိုတာပါ သိဖို့လိုလာပြီ။
ဒီအခြေအနေဟာ အသက်ကြီးတဲ့သူတွေမှာ ပိုဖြစ်တတ်ပြီး သွေးလွှတ်ကြောထဲမှာ အဆီတွေ ပုံလာတာကြောင့် ဖြစ်တတ်တယ်။ အဆီတွေ၊ ကိုလက်စထရောတွေဟာ သွေးကြောမှာ အဖတ်တွေအဖြစ်နဲ့ လာကပ်နေတယ်။ တဖြည်းဖြည်းနဲ့ ပိုပိုပုံလာလေလေ သွေးကြောကြီး ပိုပိုထူလာပြီး သွေးသွားလာတာ နှောင့်နှေးလေလေပါပဲ။
ဘာကြောင့် ဒီလိုအဆီတွေပုံပြီး သွေးကြောမာလာရလဲဆိုတာ ရေရေရာရာ မသိပေမယ့် သေချာတာကတော့ ပျက်စီးနေတဲ့ သွေးကြောတွေမှာ ပိုဖြစ်တတ်တာတော့ အမှန်အကန်ပါပဲ။
● ကိုလက်စထရောများတာ
● သွေးတိုးတာ
● ဆေးလိပ်သောက်တာတွေကြောင့်
သွေးကြောတွေ ပျက်စီးတတ်ပြီး အဆီတွေ ပုံလာတာ အများဆုံး တွေ့ရတတ်တယ်။
ဒီလိုခြေထောက်သွေးကြောကျဉ်းတာရဲ့ တခြားလက္ခဏာရပ်တွေကတော့ -
● လမ်းလျှောက်တဲ့အခါ၊ လှေကားတက်တဲ့အခါ ခြေထောက်တွေ ကိုက်လာပြီး နားလိုက်ရင် သက်သာသွားတယ်။
● ခြေထောက်တွေ ထုံထုံကျင်ကျင် လေးလေးကြီး ဖြစ်လာတယ်။
● ခြေထောက်တွေ အေးစက်လာတယ်။
● ခြေထောက်၊ ခြေဖဝါးနဲ့ ခြေချောင်းတွေမှာ အနာတွေ မကျက်တော့ဘူူး။
● ခြေထောက်နဲ့ ခြေချင်းဝတ် သွေးခုန်နှုန်းတွေ စမ်းမမိတော့ဘူး။
● ခြေထောက်တစ်ချောင်းလုံး ပြောင်နေပြီး ပြာနှမ်းနှမ်း ဖြစ်နေမယ်။
● ခြေထောက်ကအမွေးတွေ ကျွတ်သွားမယ်။
● ခြေသည်းတွေ အထွက်နှေးနေမယ်။
>> ဒီလိုသွေးကြောကျဉ်းရောဂါ မဖြစ်အောင် -
● ဆေးလိပ်သောက်သူတွေ ဆေးလိပ်ဖြတ်ပစ်ပါ။
● လေ့ကျင့်ခန်းလုပ်လို့ ရ၊ မရ ဆရာဝန်ကိုမေးပြီး ရရင် လေ့ကျင့်ခန်း မှန်မှန်လုပ်ပေးပါ။
● သွေးတွင်းကိုလက်စထရောကို ချပေးပါ။
● ပြည့်ဝဆီနည်းတ့ဲ အစားအသောက်တွေကို စားပေးပါ။
● Peudoephedrine ပါတဲ့ အအေးမိပျောက်ဆေးတွေကို ရှောင်ပေးပါ။
တကယ်လို့ သွေးကြောကျဉ်းရောဂါ ရှိတယ်လို့ထင်ရင် ဆရာဝန်နဲ့ပြဖို့ကို ဝန်လေးမနေပါနဲ့နော်။ မြန်မြန်ရောဂါသိရလေလေ မြန်မြန်ကုသမှု ခံယူရလေလေ ရောဂါပြန့်နှုန်း နှေးလေလေပါပဲ။ တကယ်လို့ မကုဘဲ ထားလိုက်မယ်ဆိုရင် ခြေထောက်ဖြတ်ရတာ၊ လေဖြတ်တာ၊ အသက်ဆုံးရှုံးရတာတွေအထိ ဖြစ်နိုင်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)






























