/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ညှစ်တိုင်းလဲ-မကောင်း

ညှစ်တိုင်းလဲ မကောင်း

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

"ေအာင်မလေး နာတယ် အမေရဲ့ " "ကိုသိန်းဇော် အဲ့တာ ရှင့်ကြောင့် အား ကျွတ်ကျွတ်"
"အမေ ရေ ကယ်ပါဦး "
ဒီလို အသံမျိုးစုံတို့က သားဖွားဆောင်မှာ ပုံမှန်ကြားနေရသည့် အသံတွေ။

"ဆရာမ မရတော့ဘူး မရတော့ဘူး ခွဲပေး "၊ "ဆရာမရေ ဆေးသွင်းပေးပါတော့" ဒီအော်သံတွေ ဘယ်လောက်ကြားကြား ဆရာဝန်မလေးက အလုပ်ပင်မပျက်။ အရာရာတိုင်းဟာ အချိန်ကိုစောင့်ရသည်။ သားအိမ်ဝဆိုတာ ပုံမှန်ဆိုလျှင် ၁ နာရီ မှာ ၁ စင်တီမီတာသာပွင့်သည်။ ၁၀စင်တီမီတာထိ ပွင့်မှ ကလေးထွက်လို့ရသည်။

ကံကောင်းသူတွေမှာတော့ သားအိမ်ပွင့်မြန်သလို သိပ်လဲမနာတတ်။ လူုတစ်ယောက်နဲ့ တစ်ယောက်မတူနိုင်။ တချို့များ ကလေးမွေးတာ အော်သံမကြားလိုက်ရ။ ဆရာမ ညှစ်ချင်ပြီဆို နည်းနည်းအားစိုက်ညှစ်တာနဲ့ ဗြွတ် ကနဲပင်။ တချို့မှာတော့ သားအိမ်ဝပင် မပွင့်သေး။ အော်ဟစ်လူးလိမ့်နေပြီ။ နာကျင်မှုကို ခံနိုင်ရည် ကွာတာလဲ ဖြစ်နိုင်သည်။ ဒါပေမယ့် အားလုံးတူညီသည့်အချက်က ကလေးမွေးပြီးလျင် ဒါတွေအားလုံးမေ့သွားပြီ။ ဒါကြောင့် လူနာဘယ်လောက်အော်အော် ကလေး နှလုံးခုန်နှုန်း အမေသွေးပေါင်ချိန်၊ နှလုံးခုန်နှုန်း အားလုံးကောင်းလျင် ဆရာမလေးက အပြုံးပင်မပျက်။


ဂျုံးဂျုံး အသံ နှင့် အတူ တွန်းလှည်းတစ်စီးဝင်လာသည်။

"အစ်မ လူနာ အသစ် "

တွန်းလှည်းပေါ် လှမ်းကြည့်တော့ လူးလိမ့်အော်ဟစ်နေသော အမျိုးသမီး။

'ဟင်' ခနဲ စိတ်ထဲမှ ရေရွတ်လိုက်မိသည်။ ဖြူဖျော့ပြီး ချေွးသီးချေွးပေါက်ကျနေသော လူနာအခြေအနေမှာ အားမရစရာ။ ဗိုက်ကိုစမ်းသပ်လိုက်ရာ ကျောက်ပျဉ်ကြီးလို တင်းမာလျက်။ အောက်ပိုင်းစမ်းကြည့်တော့ သားအိမ်ဝက မပွင့်တပွင့်သာ။
"ဘာဖြစ်လာတာလဲ အစ်မ "
"မနေ့ကထဲက ဗိုက်နာနေတာ မမွေးနိုင်တာနဲ့ အရပ်ဆရာနဲ့ သားအိမ်ညှစ်ဆေးထိုးလိုက်တယ် "
"ဘယ်ကိုထိုးတာလဲ " "တင်ပါးကိုဆေးတစ်လုံးထိုးတယ် ဒီမှာ ဆေးပုလင်းခွံ" တဲ့။
သွားပါပြီ။ drip ပုလင်းကြီးထဲကို တစ်ဝက်ထည့်ပြီး ဖြေးဖြေးသွင်းရသောဆေးကို တစ်လုံးလုံး ထိုးလိုက်တယ်ဆိုတော့ ဒီဆရာဝန် ရင်ပူရပြီ။

ကလေးနှလုံးခုန်နှုန်း စမ်းကြည့်တော့ ဖြေးဖြေးလေးလေး ဆရာ့ကို ချက်ချင်းအကြောင်းကြားပြီး အရေးပေါ်ခွဲမွေးဖို့ ပြင်ဆင်ရသည်ကျွမ်းကျင်နေသော ဆရာ့လက်က မြန်မြန်ဆန်ဆန် ဗိုက်ဖွင့်လိုက်တဲ့အခါ ပက်ကြားအပ်သကဲ့သို့ ကွဲထွက်လုနီး သားအိမ်ကိုတွေ့လိုက်ရသည်။
"ဆရာ အဲ့ဒါ ဘာဖြစ်တာလဲ "
"အဲ့ဒါ သားအိမ်ညှစ်ဆေးကြောင့် အရမ်းညှစ်ပြီး ကွဲထွက်တာလေ။ ဒီထက်နည်းနည်းများနောက်ကျရင် သားအိမ်ကွဲပြီး အမေရော ကလေးရောသေမှာပဲ " တဲ့။
တစ်ခါမှ မမြင်ဘူးသော အနေအထားဖို့ ဆရာဝန်မလေးမှာ အံ့သြတကြီး။ ကလေးကို ဆွဲထုတ်တော့ ပြာနှမ်းကာ ငိုသံပင်မထွက်။


အဆင်သင့်ရောက်နေသော ကလေးဆရာဝန်လက်အပ်ပြီး သားအိမ်ကို ပြန်ချုပ်ဖို့ပြင်ဆင်ကြရသည်။ ကွဲကြောင်းနေရာတွေကိုပါ ဆရာက စိတ်ရှည်လက်ရှည် ပြန်ချုပ်ပေးပြီး "နောက်ထပ်ကလေးယူဖို့တော့ ခက်မယ်နဲ့တူတယ် " အခုမှ သားဦး မွေးသော လူနာအတွက် ကိုယ်ပါ စိတ်မကောင်းဖြစ်မိသည်။
အရေပြား ပြန်ချုပ်ပြီးချိန်မှာတော့ သာယာနာပျော်ဖွယ် အကောင်းဆုံး ကလေးငိုသံကို ကြားလိုက်ရပြီး အမောပြေ သွားတော့သည်။

အစ်မရေ သိပ်မညှစ်ချင်ပါနဲ့... ညှစ်တိုင်းလဲ မကောင်းဘူးရှင့်။

 

Khin Cho

www.drmyanmar.com