/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/တရိပ်ရိပ်-မူးဝေနေတတ်တာ-ကျန်းမာရေးအတွက်-စိုးရိမ်ရလား

တရိပ်ရိပ် မူးဝေနေတတ်တာ ကျန်းမာရေးအတွက် စိုးရိမ်ရလား

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ခေါင်းကြီး လေးသွားသလိုမျိုး မကြာခဏ တရိပ်ရိပ် မူးဝေတာတွေ ခံစားဖူးသူတွေရှိရင် ဒါလေးတွေ ဖတ်ထားတာ မမှားဘူးနော်။ သူ့ဘာသာသူ သက်သာသွားတတ်တာတွေ ရှိပေမယ့် ဒီထက် စိုးရိမ်စရာတွေ ရှိသေးလို့ပါ။ အမြန်ဆုံး ဆေးရုံပြသ ကုသရမယ့်ရောဂါတွေပါ ဖြစ်နေတတ်တာမို့ ကိုယ့်မိသားစုထဲမှာ မကြာခဏ မူးနေတတ်တာတွေ မူးလဲတာတွေရှိရင် စဉ်းစားလို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။

          ဘာကြောင့်ရယ်မသိ မူးလဲရင် ဦးနှောက်ကို သွေး အရောက်နည်းသွားတာပြသပြီး အကျိုးအကြောင်း ချက်ချင်းရှာဖွေစစ်ဆေးဖို့ လိုပါတယ်။

●        ရေဆာလွန်တဲ့အခါ၊ ရေဓာတ်ခန်းခြောက်တဲ့အခါ မူးလာတတ်ပါတယ်။ သိပ်ပူတဲ့အခန်းထဲမှာ ကြာကြာနေရင် နေပူထဲမှာ ကြာကြာရပ်ရင် မူးဝေလဲကျတာတွေက သာဓကပါ။ နှုတ်ခမ်းတွေ ခြောက်လာပြီး ခြေတွေ၊ လက်တွေပါ တုန်လာတာပါ။ အရိပ်ရတဲ့နေရာမှာ လဲှချအနားယူပြီး ရေသောက်ပေးရပါမယ်။

●        တစ်ခုခုကြောင့် လန့်ရင်လည်း မူးတတ်ပါတယ်။ အကြောက်လွန်ကဲ မူးမေ့တာက သွေးပေါင် ရုတ်တရက် ကျလို့ပါ။ မလဲခင် အန်ချင်သလိုလို နေမကောင်း ဖြစ်လာပါတယ်။

●        ထိုင်ရာကနေ ရုတ်တရက် ထလိုက်တဲ့အခါတိုင်း မူးတတ်ရင် သွေးပေါင်ကျတာဖြစ်ပြီး ခဏလေး ပြန်ထိုင်အနားယူရင် သက်သာသွားတတ်ပါတယ်။

●        နှလုံးခုန်သံ မမှန်ကန်ရောဂါတွေမှာ မကြာခဏ မူးဝေလဲတတ်ပါတယ်။ ဘာမှန်းမသိဘဲ ရုတ်တရက် မူးလဲတာပါ။ လမ်းလျှောက်နေရင်း စာကျက်နေရင်း စကားပြောနေရင်း ရုတ်တရက် လဲသွားတတ်ပါတယ်။

●        နှလုံးအဆို့ရှင် ကျဉ်းရင်လည်း ဦးနှောက်သွေးစီးဆင်းမှု နည်းသွားတတ်လို့ မကြာခဏ မူးတတ်ပါတယ်။

●        ကိုယ်သောက်နေတဲ့ဆေးတွေမှာ မူးတတ်တဲ့ဆေးတွေ ပါနေလား။ စိတ်ဖိအားကျဆေးတွေ အကိုက်အခဲ ပျောက်ဆေးတွေမှာလည်း မူးစေတဲ့ ဆိုးကျိုးရှိတတ်ပါတယ်။ ဆေးသွင်းနေရင်း မူးတာ၊ သောက်နေရင်း မူးတာတွေဆိုရင် ဆေးမတည့်တာတွေ ဖြစ်နေတတ်ပါသေးတယ်။

●        သွေးတိုး သကြားဓာတ်ကျရင်လည်း မူးတတ်ပါတယ်။ မူးတာအပြင် ချွေးစေးပြန်တာ အန်ချင်တာ၊ မောတာ ရင်တုန်တာတွေပါ ကြုံရတတ်ပါတယ်။ သာမန်လူက သကြားစားလိုက်ရင်၊ အချိူရည် သောက်လိုက်ရင် အဆင်ပြေပေမယ့် ဆီးချိူရောဂါရှိသူတွေမှာတော့ သတိလစ်တဲ့အထိ ဖြစ်နိုင်တာကို သတိပြုမိဖို့ လိုပါတယ်။

●        တုပ်ကွေးဖျားရင်လည်း အစာနည်းတာရယ်၊ ရေမသောက်မိတာရယ်တွေကြောင့် မူးနေတတ်ပါတယ်။

●        ရုတ်တရက် မူးဝေလာပြီး ခြေတွေ၊ လက်တွေ ပျော့ခွေတာ၊ စကားပြောမရတာ ထုံကျဉ်တာတွေရှိရင် လေဖြတ်တာတွေ ဖြစ်နိုင်တာကို စဉ်းစားကြဖို့ ဖြစ်ပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)