တိုက်ဖွိုက် (ခေါ်) အူရောင်ငန်းဖျားရောဂါမှာ ဆောင်ရန်၊ ရှောင်ရန်များ
တိုက်ဖွိုက်ရောဂါဟာ Salmonella typhi လို့ခေါ်တဲ့ ဘက်တီးရီးယားကြောင့် ဖြစ်ပေါ်သောရောဂါဖြစ်ပြီး မသန့်ရှင်းသောရေနဲ့ အစားအစာများ စားမိခြင်း၊ မသန့်ရှင်းသောနေရာများသို့ သွားရောက်ခြင်းကနေ ကူးစက်နိုင်ပါတယ်။
တိုက်ဖွိုက်ရောဂါ ဖြစ်ပေါ်ပြီဆိုပါက ခေါင်းကိုက်ခြင်း၊ ဖျားခြင်း၊ ဝမ်းပျက်ခြင်း၊ နုံးခြင်း၊ ဝမ်းချုပ်ခြင်း၊ ချမ်းတုန်ခြင်း၊ အသည်းနဲ့ဘေလုံးကြီးခြင်း စတဲ့ လက္ခဏာတွေကို ရင်ဆိုင်ကြုံတွေ့ရမှာ ဖြစ်ပါတယ်။
တိုက်ဖွိုက်ဖြစ်ရင် အစာမာမာ မစားရဘူးဆိုတာ အများစုသိကြပေမယ့် ဘာစားသင့်လဲဆိုတာကို သေချာမသိသူတွေ ရှိပါတယ်။ တိုက်ဖွိုက်ရောဂါဖြစ်နေသူအနေနဲ့ အာဟာရပြည့်ဝဖို့ အလွန်အရေးကြီးတဲ့အတွက် ဆောင်ရန်၊ ရှောင်ရန်တွေကို ဖော်ပြပေးလိုက်ပါတယ်။
>> ဘယ်လိုအစားအစာတွေကို ဦးစားပေးစားသင့်သလဲ?
(၁) တိုက်ဖွိုက်ဖြစ်နေသူများအတွက် ကယ်လိုရီများများပါသော diet ကို စားသုံးဖို့ အကြံပေးလိုပါတယ်။ ဒါမှသာ တိုက်ဖွိုက်ကြောင့် ကျဆင်းသွားတဲ့ ကိုယ်အလေးချိန်တွေကို ပြန်လည်ဖြည့်တင်းနိုင်မှာပါ။ အာလူးပြုတ်၊ ပေါင်မုန့်၊ ခေါက်ဆွဲ၊ ငှက်ပျောသီး စတာတွေ များများစားပေးဖို့ လိုပါတယ်။
(၂) ရေနဲ့ အရည်များများ သောက်ပါ။ တိုက်ဖွိုက်ကြောင့် ဖျားခြင်းနဲ့ ဝမ်းပျက်ခြင်းတွေ ဖြစ်ပေါ်တဲ့အတွက် ရေဓာတ်ဆုံးရှုံးခြင်း ဖြစ်စေပါတယ်။ ဒါကြောင့် လတ်ဆတ်သော အသီးဖျော်ရည်၊ ဓာတ်ဆားရည်နဲ့ ရေပါဝင်မှုများသော အစားအစာတွေကို စားသုံးပေးပါ။
(၃) ကာဗိုဟိုက်ဒရိတ်များများပါသော အစားအစာများကို စားပေးဖို့ လိုပါတယ်။ တိုက်ဖွိုက်ဖြစ်သူများအတွက် အစာပျော့ပျော့ကိုသာ စားသင့်တဲ့အတွက် ဆန်ပြုတ်၊ ဖုတ်ထားသောအာလူး၊ ကြက်ဥပြုတ် စတာတွေ နေ့စဉ်စားပေးနိုင်ပါတယ်။
(၄) သန့်ရှင်းတဲ့ နို့နဲ့နို့ထွက်ပစ္စည်းများများ စားပါ။
ပျားရည်ကဲ့သို့ အချိုပါဝင်မှုများသော အစားအစာတွေကို စားပေးပါ။
(၅) တိုက်ဖွိုက်ဖြစ်နေသူတွေအနေနဲ့ အစာကြေလွယ်ပြီး ပရိုတင်းဓာတ်ပြည့်ဝသော ဒိန်ချဉ်နဲ့ကြက်ဥကို စားပေးသင့်ပါတယ်။
(၆) အိုမီဂါ ၃ ပါသော ငါးများနဲ့ အားဆေးများကိုလည်း စားသုံးခြင်းဖြင့် ကိုယ်တွင်းရောင်ရမ်းမှုတွေကို သက်သာစေမှာပါ။
>> ဘာတွေရှောင်သင့်လဲ?
(၁) အမျှင်များသော အစားအစာတွေ မစားသင့်ပါဘူး
(၂) လေပွစေမယ့် ဂေါ်ဖီထုပ်ကဲ့သို့ အရွက်များ
(၃) ကြက်သွန်ဖြူ၊ ကြက်သွန်နီ
(၄) အပူအစပ်များ
(၅) ဆီကြော်စာများ၊ သရေစာများ
>> တိုက်ဖွိုက်ရောဂါ မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ?
(၁) အသီးအရွက်နဲ့ သစ်သီးများကို မစားမီတွင် သန့်စင်အောင် ဆေးကြောပါ။
(၂) သန့်ရှင်းမှုနည်းပါးသော နေရာများကို ရှောင်ပါ။
(၃) အစာမစားမီ လက်ကို စင်ကြယ်အောင် ဆေးပါ။
(၄) မသန့်ရှင်းသောဆိုင်တွေက အသီးအနှံတွေကို မစားသင့်ပါဘူး။
(၅) ရေသန့် သို့မဟုတ် ရေကျက်အေးသာ သောက်ပါ။
(၆) တိုက်ဖွိုက်လက္ခဏာများ ဖြစ်ပေါ်တာနဲ့ တစ်ပြိုင်နက် ဆေးခန်းပြသင့်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)






























