/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/တံတွေးက-ကျန်းမာရေးနဲ့-ဆိုင်သလား

တံတွေးက ကျန်းမာရေးနဲ့ ဆိုင်သလား

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

သင့်ရဲ့ခံတွင်းထဲမှာ ပိုးမွှားပေါင်း ရာနဲ့ချီ ရှိပါတယ်။ တကယ်လို့ သင်ဟာ တခြားသူတစ်ယောက်ရဲ့ တံတွေး/သွားရည်နဲ့ ထိတွေ့မိရင် ဘာဖြစ်နိုင်မလဲ။
သွားရည်ထဲမှာ ပိုးမွှားတွေကို တိုက်ထုတ်ပေးတဲ့ဆဲလ်တွေ ပိုးမကူးအောင် ကာကွယ်ပေးတဲ့ဓာတ်ပစ္စည်းတွေ ပါဝင်တာကြောင့် ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်အတွက် အရေးပါပါတယ်။
သို့သော်လည်း ရောဂါပိုးတွေဟာ သွားရည်ကနေ အများကြီး ကူးစက်နိုင်ချေ ရှိပါတယ်။ အထူးသဖြင့် လတ်တလော ဖြစ်ပွားနေတဲ့ ကိုဗစ်ရောဂါပါ။ ကိုရိုနာဗိုင်းရပ်စ်ဟာ သွားရည်ထဲမှာ ရှိနေတာကို တွေ့ရှိရတာကြောင့် အစားအစာ ဝေမျှစားတာကတောင် ကူးစက်နိုင်ချေ ရှိပါတယ်လို့ ဆိုပါတယ်။

>>  သွားရည်ကနေတစ်ဆင့် ကူးစက်ပြီး နှာခေါင်း၊ လည်ချောင်း၊ အဆုတ်ထဲထိ ရောက်သွားနိုင်တဲ့ ပိုးတွေကတော့ -
●  တုပ်ကွေး
●  အသည်းရောင် အသားဝါ ဘီ နှင့် စီ
●  ပါးစပ်ရေယုန်အပြင် တခြားရောဂါတွေပါ ရှိပါသေးတယ်။

>>  ဘယ်လိုနည်းလမ်းတွေနဲ့ ကူးစက်နိုင်လဲ?
●  နှုတ်ခမ်းချင်း နမ်းရှုပ်ခြင်း
ဒါကတော့ ပိုးတွေ တစ်ယောက်ဆီကနေ တစ်ယောက်ရောက်ဖို့ အလွယ်ကူဆုံးပါပဲ။ ပါးစပ်ကနေ လည်ချောင်း၊ အဆုတ်ထဲကို ဝင်ရောက်သွားတတ်ပါတယ်။
ဒါဟာ ဒီလို ကိုဗစ်ဖြစ်နေတဲ့အချိန်ှမှာ အထူးသတိထားရမယ့်အချက်ပါ။ ကျန်းမာရေးဝန်ထမ်းတွေရဲ့ အဆိုအရ  ကိုရိုနာဗိုင်းရပ်စ်နဲ့ ထိတွေ့ထားတယ်လို့ သံသယထားနေရမှာဖြစ်လို့ ကိုယ့်ရဲ့ ဇနီး/ ခင်ပွန်းကို နမ်းတာပါ ရှောင်သင့်တယ်လို့ ဆိုပါတယ်။
တုပ်ကွေးပိုးတွေကလည်း ဒီနည်းနဲ့ ပျံ့နှံနိုင်ပါတယ်။
တကယ်လို့ သင့်မှာ ရေယုန်ဖြစ်နေခဲ့ရင် တစ်ယောက်ယောက်ကို နမ်းလိုက်တာက ပိုးကို ဖြန့်ပေးလိုက်သလို ဖြစ်စေပါတယ်။

●  နှာချေတာ
လူတွေဟာ နှာချေတာကို သွားရည်နဲ့ ဆက်စပ်နေတယ်လို့ မတွေးမိကြပါဘူး။ ဒါဟာ ဒီလို ခပ်ခွာခွာနေရမယ့်အချိန်မှာ သတိထားသင့်ပါတယ်။
လူတစ်ယောက် နှာချေလိုက်တဲ့အခါ သွားရည်တွေက ပေ တော်တော်များများအထိ လွင့်စင်သွားနိုင်ပါတယ်။ လူပေါ် မရောက်ရင် မြေကြီးပေါ်ကို ကျသွားပါတယ်။
လူပေါ်ရောက်သွားရင်တော့ ပိုးပေါင်းများစွာ ကူးဖို့ အခွင့်အရေး ရသွားသလို ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် အနည်းဆုံး ၆ ပေ ခွာထားသင့်တာပါ။
နှာချေ၊ ချောင်းဆိုးတိုင်း ပါးစပ်ကို အုပ်ထားသင့်ပါတယ်။

●  သွားပွတ်တံတွေ ဝေမျှသုံးတာ
သွားပွတ်တံတွေဟာ ပွန်းပဲ့မှုသေးသေးလေးတွေကို ဖြစ်စေပါတယ်။ ဒီလိုအချိန်မှာ သူများရဲ့သွားရည်ဟာ ဒီဒဏ်ရာလေးတွေကနေ ဝင်ပြီး ပိုးတွေ ကူးစက်စေနိုင်ပါတယ်။
တကယ်လို့ သင့်ရဲ့ကိုယ်ခံအားက အားနည်းနေရင် ပိုတောင်မသုံးသင့်ပါဘူး။
ရေယုန်ဖြစ်နေချိန်၊ လည်ပင်းနာနေချိန်၊ တုပ်ကွေးဖြစ်နေတဲ့အချိန်တွေမှာ ကိုယ့်ရဲ့ သွားပွတ်တံကို မိသားစုဝင်တွေရဲ့ သွားပွတ်တံတွေ၊ သွားတိုက်ဆေးတွေနဲ့ မထိတွေ့မိအောင် သတိထားပါ။
တကယ်လို့ သင်ဟာ သွားကြိတ်တတ်သူ တစ်ယောက်၊ ဒါမှမဟုတ် တခြားအကြောင်းကြောင့် သွားကို ကာကွယ်တဲ့ အံကပ်ကို ဝတ်တတ်တဲ့လူဆိုရင် သူများကို ငှားတာ၊ သူများအံကပ် ယူဝတ်တာလည်း လုံးဝမလုပ်သင့်ပါဘူး။

>>  အံကပ်ဝတ်တတ်တဲ့သူဆိုရင် -
●  မတပ်ခင် သွားတိုက်ပါ။
●  သွားတိုက်ရင် အံကပ်ကိုပါ သန့်ရှင်းရေး လုပ်ပါ။
●  သေချာ သိမ်းဆည်းထားပါ။
●  အဲ့ဒါကို မကိုက်ပါနဲ့။

Dr. Htar (www.drmyanmar.com)