/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/တံတွေးနဲ့-ပတ်သက်သော-ကျန်းမာရေးဝေဒနာအဖြာအဖြာ

တံတွေးနဲ့ ပတ်သက်သော ကျန်းမာရေးဝေဒနာအဖြာအဖြာ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

    ကျွနု်ပ်တို့ဟာ လက်မှာဒဏ်ရာရလို့ သွေးထွက်တဲ့အခါ အထိတ်တလန့်ဖြစ်နိုင်ပေမယ့် တံတွေးနဲ့ပတ်သက်ရင်တော့ တော်ရုံသတိထားမိခြင်း မရှိကြပါဘူး။ တကယ်တော့ တံတွေးကို လူ့ခန္တာကိုယ် ရဲ့ ပုံရိပ်လို့တောင် တင်စားနိုင်တဲ့အထိ တံတွေးကနေ သိနိုင်တဲ့ ကျန်းမာရေးပြဿနာတွေ အများကြီး ရှိပါတယ်။ သင် စိတ်ဝင်စားသွားပြီဆိုရင်တော့ ဒီစာစုလေးကို ဆက်ဖတ်ကြည့်ပါ။

(၁)     အာခြောက်ခြင်း
    ကျွနု်ပ်တို့ဟာ တစ်နေ့ကို တံတွေး ဂါလန်ဝက်လောက် မျိုချကြပါတယ်။ တံတွေးမှာပါတဲ့ဓာတ်တွေက အက်ဆစ်တွေကို ချေဖျက်ပေးတဲ့အတွက် သွားပိုးစားခြင်းကို ကာကွယ်ပေးပါတယ်။ ခံတွင်းထဲရှိ ဘက်တီးရီးယားတွေကိုလည်း ရှင်းထုတ်ပေးပါတယ်။
    အချို့သောဆေးများ (သွေးတိုးကျဆေး၊ စိတ်ရောဂါဆေးများ၊ အစာအိမ်ဆေးများ) ဟာ တံတွေးထွက်နှုန်းကို ကျစေပြီး ပါးစပ်ခြောက်စေနိုင်ပါတယ်။ ဒီလိုခံတွင်းခြောက်လာပါက ရေများများ သောက်ပေးသင့်ပါတယ်။

(၂)     ခံတွင်းပိုးဝင်ခြင်း
    ပါးစပ်မှိုစွဲခြင်း ဖြစ်ပေါ်တဲ့အခါမှာ တံတွေးအရောင် ဖြူပျစ်ပျစ် ဖြစ်စေနိုင်ပါတယ်။ မှိုကြောင့်ဖြစ်သော အဖြူဖတ်တွေဟာ လျှာ၊ ပါးစောင်၊ သွားဖုံး၊ အာခေါင်၊ အာသီးပါမကျန် လည်မျိုအတွင်းပိုင်းထိ တွေ့ရတတ်ပါတယ်။ ဆီးချိုရောဂါရှိသူများနဲ့ ကိုယ်ခံအားကျနေသူတွေ၊ အချို့ဆေးဝါးများ မှီဝဲနေသူများမှာ တွေ့ရတတ်သလို ကလေးတွေမှာလည်း ဖြစ်နိုင်ပါတယ်။

(၃)     ရောဂါများ
    လိုတာထက်ပိုပြီး ခံတွင်းခြောက်ခြင်းဟာ အသက်ကြီးလာခြင်းကြောင့် ဖြစ်နိုင်သလို Sjogren’s Syndrome ရဲ့ လက္ခဏာတစ်ရပ်လည်း ဖြစ်နိုင်ပါတယ်။

(၄)     ဆီးချိုရောဂါ
    ဆီးချိုနဲ့ ခံတွင်းကျန်းမာရေးဟာ ဆက်စပ်မှုရှိပြီး ဆီးချိုရောဂါသည်တွေမှာ ခံတွင်းခြောက်ခြင်း၊ သွားဖုံးရောင်ခြင်းတို့ ခံစားရတတ်ပါတယ်။

(၅)     မူးယစ်ဆေးများ
    ကိုကိန်း၊ ဆေးရွက်ကြီး၊ အန်ဖက်တမင်း၊ အက်တက်ဆီနဲ့ ဘိန်းစသော မူးယစ်ဆေးအမျိုးမျိုး အသုံးပြုထားခြင်း ရှိ၊ မရှိကို တံတွေးကနေ စမ်းသပ်နိုင်ပါတယ်။

(၆)     မျိုးရိုးဗီဇရောဂါများ စစ်ဆေးခြင်း
    အယ်ဇိုင်းမားရောဂါ၊ ပါကင်ဆန်ရောဂါနဲ့ မွေးရာပါ သွေးခဲသောရောဂါများအတွက် တံတွေးကနေ စစ်ဆေးတဲ့ စမ်းသပ်ချက်တွေ ပေါ်ပေါက်နေပြီ ဖြစ်ပါတယ်။

(၇)     တံတွေးအထွက်များခြင်း
    တံတွေးအထွက်များခြင်းဟာ စိုးရိမ်စရာကိစ္စတော့ မဟုတ်ပါဘူး။ ကိုယ်ဝန်ဆောင်အမျိုးသမီးများဟာ တံတွေးအထွက်များသလို အစာအိမ်အက်ဆစ်များ အထက်သို့ဆန်တက်သော GERD ရောဂါ၊ ပန်ကရိယရောင်သောရောဂါနဲ့ အသည်းရောဂါတွေမှာလည်း တံတွေးအထွက် များစေတတ်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)