ထိလွယ်ရှလွယ် သွေးထွက်လွယ်သူများ သတိထားဖို့
အလွယ်တကူ သွေးခြေဥ၊ သွေးထွက်တတ်တာ ပုံမှန်ဖြစ်တတ်ပေမယ့် တစ်ခါတလေ ရောဂါတစ်ခုခု ရှိနေတာလည်း ဖြစ်နိုင်ပါတယ်။
● မေးခွန်း : ကျွန်တော် အသက် ၅၄ နှစ်ရှိပြီး ကျန်မာရေးကောင်းမွန်ပါတယ်။ အခုနောက်ပိုင်းမှာ သွေးခြေ တအားဥလာတယ်။ ပုံမှန်ပဲလား? ဆရာဝန်နဲ့ ပြဖို့လိုလား?
● အဖြေ : သွေးခြေဥလွယ်တာဟာ ပုံမှန်လူတွေ အထူးသဖြင့် အသက်ကြီးလာလေလေ ပိုဖြစ်တတ်လာလေလေပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ခါတလေ ရောဂါတစ်ခုခုကြောင့် သွေးထွက်လွယ်နေတာလည်း ဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ တိုင်ပင်ကုသသင့်တယ်။ အထူးသဖြင့် လတ်တလောမှာ ရုတ်တရက် ဖြစ်လာတာမျိုး၊ မကြာခဏထွက်လာပြီး ပြင်းထန်တာမျိုးမှာ အထူးစိုးရိမ်ရပါတယ်။
ထိခိုက်ဒဏ်ရာကြောင့် အရေပြားအောက်ခြေမှာရှိတဲ့ ဆံချည်မျှင်သွေးကြောသေးသေးလေးတွေ ပေါက်ထွက်တဲ့အခါ သွေးတွေ သွေးကြောအပြင်ဘက်ကို စိမ့်ထွက်လာပြီး အရေပြားမှာ အနီရောင်၊ ခရမ်းရောင်၊ အမညး်ရောင် အမှတ်တွေ ဖြစ်လာတတ်ပါတယ်။ သိပ်မကြာခင်မှာပဲ သွေးတွေကို အရေပြားက စုပ်ယူသွားတဲ့အခါ အမှတ်စက် ပျောက်သွားပါလိမ့်မယ်။ လက်မောင်းနဲ့ ခြေထောက်တွေမှာ မကြာခဏ ဖြစ်တတ်ပါတယ်။ ပုံမှန်အားဖြင့် ထိခိုက်ဒဏ်ရာကြီးလေလေ သွေးခြေဥလေလေဖြစ်ပေမယ့် သတိတောင် မထားမိတဲ့ ထိခိုက်မှုသေးသေးလေးတွေကြောင့် သွေးခြေအကွက်လိုက် ဥလာရင်တော့ သတိထားဖို့ လိုအပ်လာပါပြီ။
တချို့လူတွေဟာ ပုံမှန်ထက်စာရင် ပိုပြီးသွေးခြေဥလွယ်တာရှိသလို အသက်ကြီးလာတဲ့အခါမှာလည်း သွေးကြောမျှင်နံရံလေးတွေကို ထောက်ပံ့ပေးထားတဲ့ တစ်သျှူးအသား နည်းပါးလာတာတစ်ကြောင်း၊ ထိခိုက်ဒဏ်ရာကို တန်ပြန်ကာကွယ်ပေးမယ့် အဆီိတွေ ဆုံးရှုံးလာတာကြောင့်တစ်ကြောင်း သွေးကြောလေးတွေ အလွယ်တကူပေါက်ထွက်ပြီး သွေးခြေဥ လွယ်စေပါတယ်။
ရုတ်တရက်ကြီး သွေးခြေဥ လွယ်လာတယ်၊ မကြာခဏ ဖြစ်လာတယ်၊ သွေးခြေဥတာဟာ အရမ်းကြီးပြီး အရမ်းနာလာတယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
ဆရာဝန်နဲ့ ပြသတဲ့အခါ ဆရာဝန်က ရောဂါလက္ခဏာမေးမြန်းခြင်း၊ သွေးခြေကို စမ်းသပ်ကြည့်ရှုခြင်း၊ မိသားစု ရောဂါရာဇဝင်နဲ့ သောက်နေတဲ့ဆေးတွေအကြောင်း မေးမြန်းပါလိမ့်မယ်။
ဥပမာအားဖြင့် သွေးကြဲဆေးတွေဖြစ်တဲ့ အက်စပရင် Aspirin, warfarrin, clopidogrel စတဲ့ ဆေးတွေဟာ သွေးခဲစေနိုင်စွမ်းကို ကျဆင်းစေနိုင်ပါတယ်။ ဒါ့အပြင် ပန်းနာရင်ကြပ်၊ ဓာတ်မတည့်မှု၊ ကြွပ်ပွေးစသည်ဖြင့် ရောဂါအများအပြား ကုသရာမှာ အသုံးပြုတဲ့ Corticosteroid ဆေးတွေဟာလည်း အရေပြားကို ပါးစေကာ သွေးထွက်လွယ်စေနိုင်ပါတယ်။ ငါးကြီးဆီ၊ gingko စတဲ့ ဖြည့်စွက်အားဆေးတွေဟာလည်း သွေးကြဲစေတဲ့အစွမ်း ရှိတာကြောင့် သွေးထွက်လွယ်စေတတ်ပါတယ်။
စမ်းသပ်မေးမြန်းမှုတွေ ပြုလုပ်ပြီးမှ ဆက်ပြီး သွေးတွေ စစ်ဆေးကြည့်ဖို့ လို/မလို၊ သွေးရောဂါအထူးကုနဲ့ ပြသပြီး ဆွေးနွေး သင့်/မသင့်၊ ဘာမှမလုပ်ဘဲဆက်ပြီး စောင့်ကြည့်နေဖို့ စသည်ဖြင့် လိုအပ်တဲ့ကုသမှုတွေ ပြုလုပ်ပေးပါလိမ့်မယ်။
အလွယ်တကူ သွေးခြေဥရတဲ့ အကြောင်းရင်းတွေဟာ သွေးခဲတဲ့ပြဿနာ၊ သွေးရောဂါတွေကစလို့ အရေးမပါတဲ့ အကြောင်းအရာတွေအထိ ဖြစ်တတ်ပါတယ်။ ဒါကြောင့် အကောင်းဆုံးက ဆရာဝန်နဲ့ တွေ့ဆုံပြီး လိုအပ်တဲ့ကုသမှုကို ခံယူလိုက်ဖို့ပါပဲ။
Dr. Mya Phoo Ngon (www.drmyanmar.com)






























