ဒီဆေးတွေ သောက်နေရင် ချက်ချင်း မရပ်လိုက်ပါနဲ့နော်
တချို့ဆေးဝါးတွေဟာ မှန်မှန် သောက်သုံးနေရာက ချက်ချင်းရပ်လိုက်တာနဲ့ ခန္ဓာကိုယ်မှာ ပြဿနာကြီးကြီး တက်သွားတတ်ပါတယ်။ သင်ဟာ အောက်ပါဆေးတွေကို ပုံမှန်သောက်သုံးနေရသူလား?
● သွေးကျဆေး ဘီတာဘလော့ဂါ (beta blockers) အုပ်စုကို အကြောင်း တစ်ခုခုကြောင့် ကိုယ့်သဘောနဲ့ကိုယ် ရပ်လိုက်တဲ့အခါ သွေးပေါင်ဆောင့်တက်ပြီး နောက်ပိုင်း နှလုံးထိခိုက်တဲ့အထိ ဖြစ်နိုင်ပါတယ်။
● သွေးကျဲဆေးတွေ သောက်သုံးနေရရင်လည်း ပုံမှန်သောက်သင့်ပါတယ်။ မူလ ရောဂါအခံပေါ် မူတည်ပြီး ချက်ချင်းရပ်လိုက်ပါက လေဖြတ်လေငန်းရောဂါထိ ဖြစ်တတ်ပါတယ်။
● စိတ်ဖိစီးမှုအတွက် သောက်ရတဲ့ဆေးဝါးတွေကို ရေရှည်သောက်သုံးလာရတာနဲ့အမျှ ခန္ဓာကိုယ်က စွဲသွားတတ်လို့ ဆေးပြတ်သွားတဲ့အခါ ပထမ တစ်ရက်ကနေ သုံးရက်အတွင်း အတက်ရောဂါ ရတတ်ပါတယ်။
● စိတ်ကျရောဂါအတွက် ဆေးသောက်နေရရင် ဖြတ်လိုက်တာနဲ့ ခေါင်းကိုက်၊ ခေါင်းမူးတာ၊ ပျို့အန်တာ၊ ချွေးထွက်တာတွေ ဖြစ်တတ်ပါတယ်။
● စတီးရွိုက်ဆေးဝါးတွေကို သောက်သုံးနေရင်း ရုတ်တရက် ဖြတ်လိုက်တဲ့အခါ ခန္ဓာကိုယ်က အဒရီနယ်အကျိတ်က ဟော်မုန်း လိုအပ်လာပြီး ဝမ်းလျှောမယ်၊ ဗိုက်နာမယ်၊ ပျို့အန်မယ်။
● အိပ်ချင်စိတ်ဖြစ်စေတဲ့ ကိုဒင်း၊ မော်ဖင်းလိုဆေးဝါးတွေဟာ ဖြတ်လိုက်တာနဲ့ ဂဏှာမငြိမ်ခြင်း စိတ်ဖိအားတက်ခြင်း၊ ဝမ်းလျှောခြင်း၊ တစ်ကိုယ်လုံး နာကျင်တာတွေ ဖြစ်စေနိုင်ပါတယ်။
● ရေတိမ်အတွက် မျက်စဉ်းဆေးတွေကို ချက်ချင်းရပ်မပစ်ရပါဘူး။ မျက်လုံးဖိအား ဆောင့်တက်လာပြီး မျက်စိအာရုံကြော ထိခိုက်ကာ မျက်လုံးကွယ်နိုင်ပါတယ်။
● အတက်ရောဂါဆေးတွေကို ဖြတ်လိုက်တဲ့အခါ ၂၄ နာရီကနေ ၄၈ နာရီအတွင်း ဝေဝါးထုံထိုင်းတာ အိပ်ချင်လာတာတွေ စတင်ခံစားရပါတယ်။
● လည်ပင်းကြီးရောဂါ သိုင်းရွိုက်ဆေး သောက်နေရရင်လည်း ချက်ချင်းရပ်လိုက်တာနဲ့ နှလုံးခုန်မြန်တာ၊ ဖျားတာ၊ မူးမေ့လဲတာတွေ ဖြစ်ပွားလာပြီး အသက်အန္တရာယ် ဆုံးရှုံးသည်အထိ ဖြစ်စေနိုင်ပါတယ်။
သင်ဟာ ဒီဆေးတွေ သောက်သုံးနေရသူဆိုရင် ကိုယ့်သဘောနဲ့ကိုယ် ချက်ချင်းမရပ်ဘဲ ဆရာ၀န်ညွှန်ကြားချက်နှင့် တဖြည်းဖြည်းချင်း ဆေးဖြတ်/ဆေးပြောင်းသင့်ကြောင်း အကြံပြုပါရစေ။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)




























