ဒီလက္ခဏာ တွေတွေ့တိုင်း လန့်မသွားနဲ့နော် (၂)
ရောဂါလက္ခဏာ တစ်ခုခု ကြုံတွေ့ရတဲ့အခါ လူတွေဟာကြားဖူးနားဝတွေ စဉ်းစားပြီး လန့်လန့်သွားတတ်ကြပါတယ်။ ကဲ ... အရမ်းကြီး ကြောက်စရာမလိုတဲ့လက္ခဏာတွေကို ပြောပြပေးသွားမယ်နော်။
၉။ မျက်ခွံလှုပ်ခြင်း
မျက်ခွံ တစ်လှုပ်လှုပ်ဖြစ်နေရင် ကျန်းမာရေးပြဿနာထက် လူနေမှုပုံစံကြောင့်ဖြစ်တာ များပါတယ်။ တစ်နေ့လုံး ကွန်ပျူတာတွေ၊ ဖုန်းတွေကြည့်နေတဲ့အခါ မျက်လုံးအားစိုက်ရပါတယ်။ မျက်လုံးကို အနားပေးပါ။ ဖြစ်နိုင်ရင် အလုပ်နားတဲ့အခါ စခရင်မ်တွေ ကြည့်စရာမလိုတဲ့ ညနေပိုင်း အပန်းဖြေနည်းတစ်မျိုးမျိုးကို ရွေးလုပ်ပါ။ ဒါနဲ့မှမပျောက်ရင်တော့ ရှားရှားပါးပါး အာရုံကြောပြဿနာ ဖြစ်နိုင်ပါတယ်။
၁ဝ။ ရာသီကျော်ခြင်း
ရာသီကျော်တိုင်း ကိုယ်ဝန်ရှိပါပြီ မဟုတ်သေးပါဘူး။ အကြောင်းရင်းအများကြီး ရှိနိုင်ပါတယ်။ ဟော်မုန်းတွေဟာ ကိုယ်နဲ့စိတ်ဖိစီးမှုတွေကို အရမ်းတုန့်ပြန်မှုအားကောင်းပါတယ်။ ဒါကြေယင့် စိတ်လှုပ်ရှားတဲ့အခါ၊ ရုတ်တရက် ဝိတ်ကျသွားတဲ့အခါ ဓမ္မတာမမှန်တာတွေ ဖြစ်တတ်ပါတယ်။ ရာသီ တစ်လလောက် ကျော်သွားတာ ကိစ္စမရှိပါဘူး။ ၃လကျော်လာရင်တော့ သတိထားပါတော့။ ကိုယ်ဝန်လည်း မရှိဘူးဆိုရင် ဆေးတွေ၊ ဟော်မုန်းပြဿနာတွေကို ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။
၁၁။ အဆစ်ထဲမှ တဂျစ်ဂျစ်မြည်ခြင်း
အဆစ် တစ်ဂျစ်ဂျစ်မြည်တာဟာ အဆစ်ရောင်တာကြောင့် မဖြစ်ပါဘူး။ အဆစ်ထဲမှာ လေပူစီဖောင်းတွေ ထလာပြီး ပေါက်ထွက်တဲ့အခါ ဒီအသံမြည်လာတာပါ။ အရွတ်တွေက ကြွက်သားတင်းတင်းကြီးတွေနဲ့ ပွတ်တိုက်မိတဲ့အခါ ဒီအသံတွေ ဖြစ်လာတတ်ပါတယ်။ အကြောလျော့တာ၊ အပူကပ်တာတွေနဲ့ သက်သာစေနိုင်ပါတယ်။
၁၂။ မိုက်ခနဲဖြစ်ခြင်း
ထိုင်ရာက ထလိုက်ချိန် မိုက်ခနဲဖြစ်တာဟာ သွေးပေါင်ကျနေလို့ ဖြစ်နိုင်ပါတယ်။ အထူးအဆန်းကြီး မဟုတ်ပါဘူး။ ကိုယ်ခန္ဓာအနေအထား ပြောင်းလဲတဲ့အခါ ဦးနှောက်ကို သွေးတောက်လျောက်ရောက်နေဖို့ လိုပါတယ်။ တချို့တွေမှာ ခေတ္တပြတ်တောက်သွားတာမျိုး ဖြစ်တတ်ပါတယ်။ မတ်တပ်ဆက်ရပ်နေလိုက်ရင် သက်သာသွားပါလိမ့်မယ်။ သတိပါ လစ်သွားတယ်၊ ရုတ်တရက်ကြီး ထဖြစ်တယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြကြည့်ပါ။
၁၃။ ခါးနာခြင်း
ခါးနာတိုင်း ကျောရိုးဆစ်ပြားညပ်တာ၊ အကျိတ်ဖြစ်တာမျိုး မဟုတ်ပါဘူး။ ခါးနာလို့ဆရာဝန်နဲ့ပြခါမှ လျောက်ရှာကြည့်ပြီး ပိုစိတ်ညစ်ရတတ်ပါတယ်။ လျောက်ရှာရင် ကျောရိုးဆစ် ပုံမမှန်တာတစ်ခုခုတော့ အမြဲတွေ့တတ်ပါတယ်။ များသောအားဖြင့်တော့ ခါးနာတာဟာ အထိုင်များလို့ ထိုင်ပုံမမှန်လို့ ဖြစ်တာများပါတယ်။ ကွန်ပျူတာရှေ့ ကုန့်ကုန်းကြီး ထိုင်နေတဲ့အခါ ခါးနာတော့တာပေါ့။ ဒါကြောင့် ခဏတစ်ဖြုတ် ထထပြီး အညောင်းအညာဖြေကြပါ။
၁၄။ နုံးနေခြင်း
နုံးတာဟာ သွေးလေးဖက်နာကစလို့ နှလုံးရောဂါအလယ်၊ ညအိပ်ချိန် အသက်ရှူလမ်းကြောင်းပိတ်ရောဂါအဆုံး အမျိုးမျိုးဖြစ်နိုင်ပါတယ်။ ဒီလိုနုံးနုံးနေရင် ဆရာဝန်နဲ့ပြကြည့်ပါ။ ဆရာဝန်ကစောစောအိပ်လို့ပဲ မှာလိုက်ရင်လည်း မအံ့ဩပါနဲ့ဦး။ တစ်ခါတလေ နုံးနေတာဟာ အိပ်ရေးမဝလို့လည်း ဖြစ်နိုင်ပါတယ်။
၁၅။ ခေါင်းကိုက်ခြင်း
ရုတ်တရက်ကြီးထပြီး ခေါင်းတွေကိုက်နေပြိဆိုရင် ဦးနှောက်ကင်ဆာဖြစ်မှာကြောက်ပြီး ဆရာဝန်ဆီပြေးတတ်ကြပါတယ်။ များသောအားဖြင့်တော့ သူ့အလိုလို ပျောက်သွားတာများပါတယ်။ တစ်ပတ်တစ်ခါ၊ နှစ်ပတ်တစ်ခါလောက်တော့ အမြဲခေါင်းကိုက်တတ်လေ့ရှိသူတွေ ရှိပါတယ်။ ပုံမှန်မဟုတ်ပေမယ့် စိုးရိမ်စရာလည်း မရှိပါဘူး။ ဖိစီးမှုကြောင့် ခေါင်းကိုက်တာဟာ ရက်သတ္တပတ်နဲ့ချီပြီး ကိုက်တတ်ပါတယ်။ တရားထိုင်တာ၊ စိတ်ဖိစီးမှု ဖြေဖျောက်တဲ့လေ့ကျင့်ခန်းတွေ လုပ်တာဟာ နာတာကျင်တာကို သက်သာစေနိုင်ပေမယ့် အရင်ကိုက်တဲ့ပုံစံနဲ့မတူရင်၊ အရမ်းဆိုးရင်တော့ ဆရာဝန်နဲ့ပြသဖို့ လိုပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)






























