/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/နာကျင်ကိုက်ခဲမှုတွေကို-လျော့ပါးအောင်-ဘယ်လိုလုပ်ဆောင်မလဲ

နာကျင်ကိုက်ခဲမှုတွေကို လျော့ပါးအောင် ဘယ်လိုလုပ်ဆောင်မလဲ?

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

♦       လှုပ်လှုပ်ရှားရှားနေပါ။

          ကိုယ်လက်လှုပ်ရှားမှုတွေကို ပုံမှန်လုပ်ဆာင်ခြင်းဖြင့် ကွဲပြားခြားနားမှုတွေကို သိသိသာသာ မြင်တွေ့နိုင်ပါတယ်။ လမ်းလျှောက်ခြင်း၊ ရေထဲ၌ အေရိုးဗစ်ကစားခြင်း (သို့) ယောဂပြုလုပ်ခြင်းဖြင့် အဆစ်အမြစ်တွေ နာကျင်မှုကို သက်သာစေရုံသာမက ခန္ဓာကိုယ်ကို ပိုမို ကျန်းမာသန်စွမ်းစေပါတယ်။ ဒါ့ကြောင့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများကို တစ်နေ့လျှင် မိနစ် 30 ခန့်နဲ့ 3-4 ရက်ခန့်လုပ်ဖို့ ကြိုးစားသင့်ပါတယ်။

 

♦       ကောင်းစွာ အိပ်စက်ပါ။

          နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ခြင်းဖြင့် ခန္ဓာကိုယ်မှ နာကျင်မှုတွေကို ပိုမိုလွယ်လွယ်ကူကူ တိုက်ထုတ်ပေးနိုင်ပါတယ်။ ဖြစ်နိုင်လျှင် အိပ်ရာ၀င်ချိန်၊ အိပ်ရာထချိန်ကို တစ်သမတ်တည်း ထားသင့်ပါတယ်။ အိပ်ရာထဲ၌ စာဖတ်ခြင်း၊ ရုပ်ရှင်ကြည့်ခြင်းတွေကို မလုပ်ဆောင်သင့်ပါဘူး။ ခဏတစ်ဖြုတ် မှေးတာမျိုးကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ မိမိရဲ့အိပ်ခန်းကို တိတ်ဆိတ်၍ သက်သောင့်သက်သာရှိအောင် ဖန်တီးထားသင့်ပါတယ်။ အကယ်၍ နာကျင်ကိုက်ခဲမှုကြောင့် လန့်နိုးလာပါက ဆရာ၀န်နဲ့ ပြသကာ ဆေးဝါးများရဲ့ အကူအညီကို ရယူနိုင်ပါတယ်။

 

♦       အလုပ်မှာ အကူအညီတောင်းဖို့ ၀န်မလေးပါနှင့်။

          အချို့နေ့တွေမှာ နာကျင်ကိုက်ခဲမှုကြောင့် အလုပ်မှာ အဆင်မပြေတာတွေ ကြုံတွေ့ရတတ်ပါတယ်။ ထိုအခါမျိုးမှာ ခွင့်ရက်ရှည် ယူတာပဲဖြစ်ဖြစ်၊ အိမ်ကနေ အလုပ်လုပ်တာပဲဖြစ်ဖြစ် စတဲ့ နည်းလမ်းတစ်ခုခုကို ရှာဖွေသင့်ပါတယ်။ အလုပ်စားပွဲနဲ့ ထိုင်ခုံကိုလည်း သက်သောင့်သက်သာရှိအောင် ပြောင်းလဲသင့်ပါတယ်။

 

♦       အကိုက်အခဲပျောက်ဆေးများကို သောက်သုံးနိုင်ပါတယ်။

          နာကျင်မှုကို သက်သာစေရုံသာမက ကောင်းစွာ အိပ်စက်နိုင်ဖို့အတွက်ကိုလည်း ဆရာ၀န်မှ ဆေးပေးပါလိမ့်မယ်။ အကယ်၍ ဘေးထွက်ဆိုးကျိုးတွေ ခံစားလာရပါက ဆရာ၀န်နဲ့ သေချာဆွေးနွေးဖို့ လိုပါတယ်။

 

♦       မိမိလုပ်ချင်တဲ့ အလုပ်တွေကို လုပ်ပါ။

          မိမိကို စိတ်ပျော်ရွှင်စေတဲ့ အလုပ်တွေကို လုပ်ဆောင်ခြင်းဖြင့် နာကျင်မှုေ၀ဒနာတွေကို မေ့ထားနိုင်ပါတယ်။ ဆေးရောင်ခြယ်ခြင်း၊ ပန်းချီဆွဲခြင်း၊ အိမ်တွင်းမှု ပြုလုပ်ခြင်း စတာတွေအပြင် သူငယ်ချင်းတွေနဲ့ ကတ်ပြားဂိမ်းဆော့ခြင်း၊ ပဟေဠိဖြေခြင်းတို့ကိုလည်း လုပ်ဆောင်နိုင်ပါတယ်။ အပြင်ထွက်တာကို ဝါသနာပါ,ပါက ဥယျာဉ်စိုက်ပျိုးတာမျိုးလည်း လုပ်နိုင်ပါတယ်။

 

♦       နာကျင်မှုေ၀ဒနာတွေအတွက် ကြိုတင်ပြင်ဆင်ထားပါ။

          နာကျင်မှုတွေ ခံစားရတဲ့အချိန်မှာ ဘာလုပ်မလဲဆိုတာကို ကြိုတွေးထားပါ။ ဖြစ်သင့်တာက နေ့စဉ်လှုပ်ရှားမှုပုံစံကို ပြောင်းလဲခြင်း၊ ဆေးဝါးများ သောက်သုံးခြင်း၊ အပူ (သို့) အအေးကပ်ခြင်းတို့ပဲ ဖြစ်ပါတယ်။ နာကျင်မှုကို ပိုမိုဆိုးစေတဲ့အရာတွေကို စာရင်းပြုစုထားပြီး ထိုကဲ့သို့ ဖြစ်ပွားပါက ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာကို ဆရာ၀န်နဲ့ တိုင်ပင်ထားလို့ ရပါတယ်။

 

♦       အာဟာရမျှတအောင် စားပါ။

          နာကျင်မှုေ၀ဒနာတွေ သက်သာစေဖို့အတွက် သင့်တင့်မျှတဲ့ အစားအသောက်တွေကို စားသုံးပေးဖို့ လိုပါတယ်။ သစ်သီး၊ ဟင်းသီးဟင်းရွက်၊ အစေ့အနှံနဲ့ အဆီမပါတဲ့ အသားတွေကို များများစား၍ သကြား၊ ဆားနဲ့ အဆီပါ၀င်မှုများတဲ့ စည်သွပ်ဘူးတွေကို ရှောင်ကြဉ်သင့်ပါတယ်။ ရေများများ သောက်တတ်တဲ့ အလေ့အကျင့်ကို မွေးမြူပါ။ အာဟာရဆေးပညာရှင် (သို့) ဆရာ၀န်ရဲ့ အကူအညီဖြင့် မိမိနဲ့ သင့်တော်မယ့် အစားအစာစာရင်းကို ပြုစုပါ။

 

♦       အနားယူပါ။

          နာတာရှည် နာကျင်မှုေ၀ဒနာတွေကို ခံစားရတဲ့အချိန်မှာ စိတ်ဖိစီးမှုတွေကို ခံစားနေတတ်ပါတယ်။ နာကျင်ကိုက်ခဲတာတွေကို သက်သာအောင် ပြုလုပ်ခြင်းဖြင့် စိတ်ဖိစီးမှုလည်း လျော့ကျစေပါတယ်။ အသက် ဖြည်းဖြည်းမှန်မှန် ရှူခြင်း၊ တရားထိုင်ခြင်း၊ စိတ်အာရုံ စူးစိုက်ခြင်း စတဲ့ နည်းလမ်းတွေကို လုပ်ဆောင်နိုင်ပါတယ်။

 

♦       ကိုယ့်ကိုယ်ကို အားဖြည့်ပါ။

          တစ်ခါတစ်ရံမှာ ကိုယ့်ကိုယ်ကို အင်အားပြည့်၀နေတယ်လို့ ထင်ကြပေမယ့် နောက်ရက်တွေကျတော့ အားအင်ကုန်ခမ်းကာ နာကျင်မှုတွေကို ခံစားရတတ်ပါတယ်။ ဒါကြောင့် ဘယ်အချိန်မှာ အနားယူဖို့ လိုတယ်ဆိုတာ သေချာသိဖို့ လိုအပ်ပါတယ်။ ဖြစ်နိုင်လျှင် အရေးကြီးတဲ့ အလုပ်တွေကို ဦးစားပေး လုပ်ထားခြင်းဖြင့် စိတ်သက်သာရာ ရစေပါတယ်။ အလုပ်အကြီးကြီးတွေကို အသေးလေးတွေဖြစ်အောင် ခွဲခြမ်း၍ လွယ်ကူတဲ့အလုပ်နဲ့ အချိန်ပေးရမယ့်အလုပ်တွေကို မျှပြီး လုပ်ဆောင်ပါ။ လိုအပ်ပါက တခြားသူ တစ်ဦးဦးရဲ့ အကူအညီကို ရယူပါ။

 

♦       မိသားစု၊ သူငယ်ချင်းတွေနဲ့ စကားစမြည် ပြောဆိုပါ။

          နာကျင်မှုကြောင့် စိတ်တိုတာတွေ၊ ၀မ်းနည်းတာတွေ၊ အားငယ်တာတွေကို မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်းတွေကို မျှေ၀ခြင်းဖြင့် သူတို့ရဲ့အကူအညီကို ရယူနိုင်ပါတယ်။

 

♦       ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ပါ။

          ဆေးလိပ်သောက်တဲ့သူတွေဟာ ခါးနာရောဂါ၊ အဆစ်အမြစ်ကိုက်ရောဂါနဲ့ အစာအိမ်ရောဂါတွေကို ပိုဖြစ်စေတတ်ပါတယ်။ ယေဘုယျအားဖြင့် ဆေးလိပ်သောက်ခြင်းဟာ ခန္ဓာကိုယ်ရဲ့ အနာကျက်နှုန်းကို ပြောင်းလဲလိုက်တာကြောင့် နာကျင်မှုေ၀ဒနာတွေကို ပိုပြီးမခံနိုင် ဖြစ်တတ်ပါတယ်။ လိုအပ်ပါက ဆရာ၀န်ရဲ့ အကူအညီနဲ့ ဆေးလိပ်ဖြတ်နိုင်ပါတယ်။

 

 

Dr. Thinzar Wynn (www.drmyanmar.com)