/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/နာတာရှည်ကျောက်ကပ်ရောဂါ-ဖြစ်စေနိုင်သော-အကြောင်းအရင်းများ

နာတာရှည်ကျောက်ကပ်ရောဂါ ဖြစ်စေနိုင်သော အကြောင်းအရင်းများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

အမေရိကန်နိုင်ငံမှာ နာတာရှည် ကျောက်ကပ်ရောဂါသည် ၂၆ သန်းလောက် ရှိတယ်လို့ ကျောက်ကပ်အဖွဲ့အစည်းက ခန့်မှန်းထားပါတယ်။ အများစုက နာတာရှည်ကျောက်ကပ် ကနဦးအဆင့်မှာရှိပြီး သူတို့ကိုယ်သူတို့ ရောဂါရှိမှန်း မသိကြပါဘူး။ နာတာရှည်ကျောက်ကပ်ရောဂါမှာ ကျောက်ကပ်လုပ်ဆောင်ချက်တွေ လျင်မြန်စွာ ပျက်စီးစေတဲ့ ရေတိုကျောက်ကပ်ပျက်စီးတာနဲ့တော့ မတူပါဘူး။
ကျောက်ကပ် ကောင်းကောင်းအလုပ်မလုပ်တော့တဲ့အတွက် ပိုနေတဲ့အရည်တွေနဲ့ စွန့်ပစ်ပစ္စည်းတွေက ခန္ဓာကိုယ်ထဲမှာ စုပုံနေပြီး အခြားနောက်ဆက်တွဲဆိုးကျိုးတွေကို ခံစားရစေပါတယ်။ နာတာရှည်ကျောက်ကပ်ရောဂါကို အမြစ်ပြတ်ကုသလို့ မပျောက်ကင်းနိုင်ပေမယ့် ရောဂါစောစောသိရင် ပျက်စီးမှုကို နှေးအောင် ထိန်းထားနိုင်ပါတယ်။

>> နာတာရှည်ကျောက်ကပ်ရောဂါ ဖြစ်စေသောအကြောင်းအရင်းများ
နာတာရှည်ကျောက်ကပ်ရောဂါဟာ လအတော်ကြာ၊ နှစ်အတော်ကြာမှ ဖြည်းဖြည်းချင်း ပိုဆိုးလာပြီး အများအားဖြင့် နောက်ခံကျန်းမာရေးအခြေအနေတစ်ခုခုနဲ့ ဆက်စပ်နေပါတယ်။ ရောဂါ 3 ပုံ 2 ပုံလောက်က သွေးတိုး (သို့) ဆီးချိုရောဂါကြောင့် ဖြစ်ရပါတယ်။
သွေးတိုးရောဂါက လူလတ်ပိုင်းအရွယ်တွေမှာ အဓိကဖြစ်တဲ့ အဖြစ်များဆုံးသော နှလုံးသွေးကြောရောဂါ တစ်မျိုးပါ။ လူတစ်ယောက်က -
● ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ခန္ဓာကိုယ်ပုံစံ (အဝလွန်) ရှိရင်
● မိသားစုထဲမှာ သွေးတိုးရောဂါရာဇဝင်ရှိရင်
● အသက်အရွယ်ကြီးရင်
သွေးတိုးရောဂါ ပိုဖြစ်နိုင်ခြေရှိပါတယ်။
သွေးတိုးရောဂါကို မထိန်းချုပ်နိုင်ခြင်းက နာတာရှည်ကျောက်ကပ်ရောဂါ ဖြစ်စေနိုင်တဲ့ အကြောင်းအရင်း ဖြစ်တဲ့အတွက် သွေးတိုးသမားတွေမှာ သေချာကုသမှု သေချာခံယူဖို့ အရေးကြီးပါတယ်။

ဆီးချိုရောဂါက ကျောက်ကပ် ထိခိုက်စေပြီး လုပ်ငန်းဆောင်ရွက်မှုတွေကို ကျဆင်းစေခြင်းအားဖြင့် နာတာရှည် ကျောက်ကပ်ရောဂါ ဖြစ်စေပါတယ်။
အခြား နာတာရှည် ကျောက်ကပ်ရောဂါ ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းအရာတွေကတော့ -
● နှလုံးရောဂါ
● ကျောက်ကပ်ကို ရောဂါပိုးဝင်ခြင်း
● ဆီးများ ကျောက်ကပ်ထဲ ပြန်ဆန်တက်ခြင်း
● သွေးတွင်းကိုလက်စထရောဓာတ်များခြင်း
● အဝလွန်ခြင်း
● ဆေးလိပ်သောက်ခြင်း
● အရက်သောက်ခြင်း
● မူးယစ်ဆေးသုံးစွဲခြင်း
● အကိုက်အခဲပျောက်ဆေး အလွန်အကျွံသုံးစွဲခြင်း (ibuprofen, acetaminophen) စသည်တို့ ဖြစ်ကြပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)