/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/နားကိုက်ခြင်းကိုသက်သာစေမည့်-မီးဖိုချောင်တွင်းမှ-ဆေးမြီးတိုများ

နားကိုက်ခြင်းကိုသက်သာစေမည့် မီးဖိုချောင်တွင်းမှ ဆေးမြီးတိုများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        နားကိုက်ခြင်းသည် လုံးဝမမျှော်မှန်းထားသောနေရာ၊ အချိန်တို့တွင် ဖြစ်ပွားတတ်သည်ဖြစ်ရာ ဆရာဝန် မပြသနိုင်သည့် ညနက်သန်းခေါင်အချိန်မတော်ဖြစ်ပွားခဲ့ပါက အသင့်ရရှိနိုင်သည့် အနာသက်သာစေ မည့် အောက်ပါဆေးမြီးတိုများကို သိရှိထားလျှင် အကျိုးများနိုင်ပါသည်။ သို့ရာတွင် ဆေးမြီးတိုများနှင့် ကုသခြင်းသည် နာကျင်ခြင်းကိုသာ သက်သာစေမည်ဖြစ်သည့်အတွက် ဖိအားအပြောင်း အလဲကြောင့်နှင့် နှာခေါင်းပိတ်ခြင်းကြောင့်နားနာကျင်ရခြင်းမဟုတ်ဘဲ နားပြည်တည်ခြင်း၊ ယိုခြင်း၊ ပိုးဝင်ခြင်းတို့အတွက် နာကျင်ရခြင်းဖြစ်လျှင် တတ်ကျွမ်းသည့်ဆရာဝန်နှင့်မဖြစ်မနေ ပြသရန် လိုအပ်ဦးမည်ဖြစ်ပါသည်။

၁။ ဂျင်း

        ဂျင်းသည် သဘာဝမှရရှိနိုင်သော အရောင်ကျစေနိုင်သည့်အနာသက်သာဆေးဖြစ်ပြီး နားပြည် တည်ခြင်းကို ကာကွယ်ကုသရာတွင် ကူညီပေးပါသည်။ နားအနာသက်သာစေရန်အတွက် လတ်ဆတ်သော ဂျင်းစိမ်းရည်ကို နားအတွင်းတိုက်ရိုက်ထည့်သွင်းနိုင်သကဲ့သို့ နွှာထားသောဂျင်းအလွှာများနှင့် သံလွင်ဆီတို့ကိုရောလျက် မိနစ်အနည်းငယ်ခန့် အုံထားနိုင်ပါသည်။ မည်သည့်နည်းကို အသုံးပြုသည် ဖြစ်စေ ညဘက်အနာသက်သာ၍ အိပ်ပျော်စေပြီး မိုးလင်းသည်နှင့် ဆရာဝန်ပြသနိုင်မည်ဖြစ်သည်။

 

၂။ သံလွင်ဆီ

         သံလွင်ဆီသည် နားအူခြင်းကို သက်သာစေပြီး ပိုးဝင်ခြင်းကိုကာကွယ်နိုင်ကာ အနာလည်း သက်သာစေသည်။ သံလွင်ဆီ ၂ စက် ၃စက်ကို နာနေသောနားထဲချပေးခြင်း (သို့မဟုတ်) ဂွမ်းသန့်သန့်နှင့် ထည့်ပေးခြင်းသည် သိသာစွာသက်သာစေမည်ဖြစ်သည်။ သံလွင်ဆီအေးစက်မနေ စေရန်ကိုမူ ဂရုပြုသင့်သည်။

 

၃။ ပင်စိမ်းရွက်

         ပင်စိမ်းရွက်ကို မီးဖိုချောင်တိုင်းတွင် ဆောင်ထားလေ့မရှိသော်လည်း ဂျင်းနှင့် သံလွင်ဆီတို့မရှိချိန်တွင် ပင်စိမ်းရွက်ကိုလည်း ညနက်သန်းခေါင်နားကိုက်ခြင်းအတွက် အသုံးပြုနိုင် ပါသည်။ လတ်ဆတ်သော ပင်စိမ်းရွက်အနည်းငယ်ကို အရည်ညှစ်လျက် ၃စက်ခန့် နားထဲထည့်ပေး နိုင်ပါသည်။

 

၄။ ကြက်သွန်ဖြူ

         ကြက်သွန်ဖြူသည် ကိုယ်ခံအားကိုမြှင့်တင်ပေးပြီး အအေးမိတုပ်ကွေးဖြစ်ခြင်းကို ကာကွယ်နိုင်သည်။ ထို့အပြင် သန်ကောင်များကိုလည်း သေစေနိုင်ပြီး ကျောက်ကပ်ကို သန့်စင်ပေးကာ သွားနာခြင်းကိုလည်း သက်သာစေသည်။ ကြက်သွန်ဖြူသည် ဘတ်တီးရီးယားပိုးနှင့် ဗိုင်းရပ်စ်ပိုးများကို သေစေနိုင်ပြီး ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိရှိသည့်အတွက် နားကိုက်ခြင်းတွင်လည်း အသုံးဝင်ပါသည်။ လတ်ဆတ်သောကြက်သွန်ဖြူအစိမ်းရည် ၂စက်ခန့်ကို နာနေသော နားတွင်းထည့်ပေးခြင်း (သို့မဟုတ်) နုပ်နုပ်စဉ်းထားသော ကြက်သွန်ဖြူကို နှမ်းဆီ (မုန်ညင်းဆီနှင့် သံလွင်ဆီကိုလည်း အသုံးပြုနိုင်ပါသည်) နှင့်ရောလျက် အပူပေးပြီးနောက် အအေးခံကာ အရည်စစ်လျက် ရသော အဆီ ၂စက်ကို နားတွင်ထည့်ပါ။

 

၅။ ပူစီနံရွက် ( Peppermint )

          လတ်ဆတ်သောပူစီနံရွက်ကိုလည်း နားကိုက်သက်သာစေရန် အသုံးပြုနိုင်သည်။ လတ်ဆတ်သော ပူစီနံရွက်များကို ချေလျက် အရည် ၂စက်ခန့် နားတွင်းသို့ ညှစ်ထည့်နိုင်သည်။ သို့ရာတွင် ပူစီနံဆီ (Peppermint Oil) ကိုမူ ကိုက်နေသောနားတွင်းသို့ တိုက်ရိုက်ထည့်လျှင် အနာပိုဆိုးစေ နိုင်သည့်အတွက် နားဝပတ်လည်တွင်သာ သန့်စင်သောဝါဂွမ်းနှင့်တို့လျက် လိမ်းသင့်သည်။

 

၆။ ကြက်သွန်နီ

         မီးဖိုချောင်တိုင်းတွင်ရှိသော ကြက်သွန်နီသည်လည်း နားကိုက်ခြင်းအတွက် ဆေးမြီးတို တစ်ခုပင်ဖြစ်သည်။ ကြက်သွန်နီ ၁ ဥ - ၂ဥခန့်ကို သေးသေးလှီးလျက် (သို့မဟုတ်) ထောင်းလျက် အရည်ညှစ်ပြီး ကြက်သွန်နီရည် ၂ စက်ခန့်ကို တစ်နေ့ ၂ကြိမ်နားထဲသို့ထည့်ပါ။ (သို့မဟုတ်) ချေထားသောကြက်သွန်နီများကို အဝတ်သန့်သန့်နှင့်ထုပ်ပြီး နားပေါ်တွင် ကြပ်ထုပ်ထိုးသကဲ့သို့ ၅မိနစ်- ၇မိနစ်ခန့်ပြုလုပ်ပေးပါ။ ကြက်သွန်နီတွင် ပိုးသေစေသောအာနိသင်ရှိသဖြင့် နားကိုက်ခြင်းကို သက်သာစေမည်ဖြစ်သည်။

 

၇။ ကြပ်ထုပ်ထိုးခြင်း၊ ရေနွေးအိတ်ကပ်ခြင်း

         မီးဖိုချောင်တွင်းမှ ဆေးမြီးတိုများကို မရရှိနိုင်ပါက ရေနွေးအိတ်ကို အဝတ်သန့်သန့်ဖြင့် ထုပ်လျက် နာကျင်နေသောနားကို မိနစ်အနည်းငယ်ကြာစီ ကြပ်ထုပ်ထိုးပေးနိုင်ပါသည်။ ညဘက်တွင် အနာသက်သာစေပြီး မိုးလင်းလျှင် ဆေးရုံသို့သွားရောက်ပြသနိုင်မည်ဖြစ်သည်။

 

၈။ ပျားရည်

         သဘာဝပျားရည် (Raw Honey) တွင် ကျန်းမာရေးအကျိုးကျေးဇူးများစွာရှိပါသည်။ ၄င်းအား နားတွင်းထည့်ခြင်းမှာ မသင့်တော်သော်လည်း နားကိုက်ခြင်းပြင်းထန်နေချိန်တွင် နားဝပတ်လည်တွင် သဘာဝပျားရည်ကို ဂွမ်းသန့်သန့်နှင့် တို့ပေး၊ ပွတ်ပေးခြင်းဖြင့် သက်သာစေနိုင်ပါသည်။

         အထက်တွင် ဖော်ပြခဲ့သည့် ဆေးနည်းများကို တစ်နေ့လျှင် တစ်ကြိမ် (သို့မဟုတ်) နှစ်ကြိမ်ပြုလုပ်နိုင်ပြီး ထို့ထက်ပို၍ မပြုလုပ်သင့်ပေ။ အိမ်တွင်းဆေးမြီးတိုများသည် နားကိုက်ခြင်းကို သက်သာစေနိုင်သော်လည်း နားကိုက်ခြင်းသည် ပြင်းထန်သောရောဂါများကြောင့် ဖြစ်ပေါ်နိုင် သည့် အတွက် ရောဂါဇစ်မြစ်ကိုသိရှိလျက် ပျောက်ကင်းသည်အထိကုသနိုင်ရန် တတ်ကျွမ်းနားလည်သည့် ဆရာဝန်နှင့် မဖြစ်မနေပြသရမည်ဖြစ်သည်။

 

Dr. Thanda Lin

www.drmyanmar.com