/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/နေရောင်ခြည်ဟာ-အဆီဆဲလ်တွေကို-ကျုံ့စေကြောင်း-သုတေသနတစ်ခုက-ဖော်ပြ

နေရောင်ခြည်ဟာ အဆီဆဲလ်တွေကို ကျုံ့စေကြောင်း သုတေသနတစ်ခုက ဖော်ပြ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ဘယ်လောက်ပဲ တစ်နှစ်လုံးလုံး ပိန်အောင်လုပ်လုပ်၊ ဆောင်းတွင်းအားလပ်ရက်များတဲ့ ရာသီရောက်ပြီဆိုတာနဲ့ အလိုလို ဝိတ်တက်လာတာကို သတိထားမိကြပါသလား? အားလပ်ရက်မှာဆို ပုံမှန်ထက် ပိုစားမိတာလည်း မှန်ပေမယ့် တချို့လေ့လာမှုတွေက ဆောင်းရာသီမှာ နေရောင်ရရှိမှုနည်းတာကြောင့်လို့ ဖော်ပြထားတာကို တွေ့ရတယ်။
ဒီလေ့လာမှုမှာ နေရောင်က အဆီပြင်အပေါ်ကို ဘယ်လိုအကျိုးသက်ရောက်မှု ရှိတယ်ဆိုတာ လေ့လာထားပါတယ်။
အရေပြားအောက်က အဆီပြင်လွှာတွေဟာ လူခန္ဓာကိုယ်မှာ ဇီဝကမ္မဖြစ်စဉ်တွေကို ထိန်းချုပ်ထားတယ်ဆိုလည်း မမှားပါဘူး။ ဒီလို အဆီအမျိုးအစားတွေဟာ မကောင်းတဲ့အဆီတွေဖြစ်ပြီး အဝလွန်တာ၊ သွေးတိုး၊ နှလုံး၊ ဆီးချိုရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။
ဒါကြောင့် ဆီးချိုအမျိုးအစား-၁ သမားတွေမှာ ဒီအဆီပြင်တွေ နေရောင်နဲ့ထိတွေ့တာနဲ့ သွေးအချိုဓာတ်ကျစေတဲ့ အင်ဆူလင်ဓာတ် ထုတ်အောင် ကြိုးပမ်းနေကြပါတယ်။
ဒီလိုကြိုးပမ်းနေရင်းနဲ့ အမှတ်မထင် နေရောင်ခြည်ရဲ့ အပြာရောင်အလင်းတန်းလို့ခေါ်တဲ့ နေ့ခင်းဘက်မှာ စိတ်အာရုံ လန်းဆန်းတက်ကြွစေတဲ့ အလင်းတန်းဟာ အဆီဆဲလ်တွေကို ကျုံ့သွားစေကြောင်း တွေ့ရတယ်။

>>  ဒါကိုဆက်ပြီး လေ့လာကြည့်တဲ့အခါ -
မျက်စိနဲ့မြင်ရတဲ့ နေရဲ့အပြာရောင်အလင်းတန်းဟာ အရေပြားကို ဖောက်ထွင်းပြီး အောက်ကအဆီခဲတွေကို သေးသွားစေပြီး ဆဲလ်တွေထဲကနေ ထွက်သွားစေတာကို တွေ့ရတယ်။
အဲဒါကြောင့် လေ့လာသူတွေက နေရောင်ကို ၈ လတာလောက် မရတတ်တဲ့ မြောက်ဝင်ရိုးစွန်းနား ရာသီဥတုမှာ နေထိုင်သူတွေဟာ အဆီသိုလှောင်မှု ပိုများလာပြီး ဆောင်းရာသီတွေမှာ ဝလာတတ်တာကို တွေ့ရတယ်လို့ ဆိုပါတယ်။
အသေအချာတော့ ပြောမရသေးပေမယ့် အိပ်ချိန်၊ နိုးချိန်ကို သတ်မှတ်စေတဲ့ နေအလင်းတန်းဟာ အရေပြားအောက်က အဆီတွေအပေါ်မှာလည်း ဒီလိုအကျိုးသက်ရောက်မှု ရှိနိုင်တယ်လို့ ဆိုပါတယ်။
ဒီလေ့လာမှုအရ နောက်ပိုင်းမှာ ဝိတ်ချနည်းလမ်းအသစ်တွေ၊ အဝလွန်ခြင်းနဲ့ ဆီးချိုတွေအတွက် အလင်းတန်းကုထုံးတွေ ပေါ်ပေါက်လာနိုင်တယ်လို့ ပြောလို့ရပါတယ်။
ဒါပေမဲ့လည်း ဒီလိုပြောလို့ ကိုယ်အလေးချိန်ကျအောင် နေရောင်အတင်းခံတာမျိုးတော့လည်း မဟုတ်သေးဘူးပေါ့။ ထပ်ပြီးတော့ လေ့လာဖို့ အများကြီး ရှိသေးတာကြောင့်ပါ။
ဥပမာအားဖြင့်ဆိုရင် ဒီဖြစ်စဉ်ကိုဖြစ်စေတဲ့ အလင်းရောင်ပမာဏနဲ့ ကြာချိန်ကို သေချာမသိရသေးပါဘူး။
ပြီးတော့ နောက်ပိုင်းလေ့လာမှုတွေမှာ အရင်မိဘဘိုးဘွားတွေထက်စာရင် အခုနောက်ပိုင်းမျိုးဆက်တွေဟာ ပိုအဝလွန်နေကြတယ်လို့ ပြောကြတယ်။ ဒီအချက်ဟာ ဘယ်လောက်နေရောင်က ကျန်းမာရေးနဲ့ ညီညွတ်သလဲဆိုတာအပေါ် မေးခွန်းထုတ်ချင်စရာ ဖြစ်လာစေပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် နောက်ပိုင်းမှာ ဆက်ပြီးတော့ လေလာစမ်းသပ်မှုတွေ လုပ်မယ်ဆိုရင် လူသားတွေအတွက် အကျိုးရှိမယ့်ရလဒ်ကို ရနိုင်လာပါလိမ့်မယ်။

Dr. Emerald (www.drmyanmar.com)