/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/နေ့လည်နေ့ခင်းအိပ်စက်ချိန်များလွန်းတာဟာ

နေ့လည်နေ့ခင်းအိပ်စက်ချိန်များလွန်းတာဟာ ဆီးချိုရဲ့သတိပေးလက္ခဏာတစ်ခုဖြစ်နေ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          နေ့လည်ဘက်တွင် တစ်နာရီထက်ပိုပြီးအိပ်စက်နေခြင်းက အမျိုးအစား (2) ဆီးချိုေ၀ဒနာရှိနေခြင်းရဲ့ သတိပေးလက္ခဏာတစ်ခုဖြစ်တယ်လို့ ဂျပန်သုတေသီတွေက ရှာဖွေဖော်ထုတ်နိုင်ခဲ့ပါတယ်။

          ဒီအကြံပြုပြောဆိုချက်ကတော့ လူပေါင်း 300,000 ကျော်ပါဝင်တဲ့ လေ့လာမှုတွေမှာ အခြေခံထားတာဖြစ်ပြီး လေ့လာမှုရလဒ်များအရ နေ့ခင်းမှာ လုံးဝမအိပ်သူတွေနှင့်ယှဉ်လျှင် နေ့လည်နေ့ခင်းမှာ တစ်နာရီထက်ပိုပြီး အိပ်သူတွေမှာ အမျိုးအစား (2) ဆီးချိုရောဂါရှိနိုင်ချေ 45% ပိုများနေတာကိုတွေ့ရပါတယ်။ ဒါပေမဲ့ အိပ်စက်ချိန် မိနစ် 40 ကျော်သူတွေမှာတော့ အမျိုးအစား (2) ဆီးချိုရောဂါနှင့်ဆက်စပ်မှုမရှိဘူးလို့သိရပါတယ်။

          နေ့ခင်းဘက်မှာအချိန်အကြာကြီးအိပ်စက်ခြင်းက ညဘက်မှာအိပ်ရေးကောင်းကောင်းမဝတာကြောင့်ဖြစ်ပြီး များသောအားဖြင့် Sleep Apnea လို့ခေါ်တဲ့ အိပ်ပျော်နေစဉ် အသက်ရှုရပ်သွားကြတာကြောင့်ဖြစ်နိုင်ပါတယ်။ အိပ်ပျော်နေစဉ် အသက်ရှုရပ်သွားခြင်းနှင့် နှလုံးတိုက်ခိုက်ခံရခြင်း၊ လေဖြတ်ခြင်း၊ နှလုံးသွေးကြောဆိုင်ရာပြဿနာများနှင့် အမျိုးအစား (2) ဆီးချိုရောဂါဖြစ်ပွားနှုန်းကိုပါ မြင့်တက်စေပါတယ်။

          ဒါ့အပြင် အလုပ်အလွန်အကျွံလုပ်ခြင်း ခေတ်ရေစီးကြောင်းအရ ညဘက်အချိန်ဖြုန်းစရာများလာခြင်းကြောင့် အိပ်ချိန်နည်းပါးလာခြင်းက အစားအလွန်အကျွံစားသုံးခြင်း၊ အဝလွန်ခြင်းနှင့် အမျိုးအစား (2) ဆီးချိုရောဂါဖြစ်ပွားနှုန်းကို မြင့်တက်စေပါတယ်။ သို့ပေမယ့် နေ့ခင်းအချိန်မှာ ခဏတာအိပ်စက်ခြင်းကတော့ တက်ကြွနိုးကြားမှုကို ကောင်းမွန်စေမှာဖြစ်ပါတယ်။ အိပ်စက်မှုပုံစံပြောင်းလဲခြင်းက လူသားတို့ရဲ့ကျန်းမာရေးအပေါ်မှာ ကြီးမားတဲ့ပြောင်းလဲမှုရှိ/မရှိ အတည်ပြုဖို့အတွက် လေ့လာမှုတွေထပ်မံပြုလုပ်ဖို့လိုအပ်ပါသေးတယ်လို့ သုတေသီတွေကဆိုပါတယ်။

 

Dr. Htet Htet Aung

www.drmyanmar.com