နေ့လည်ဘက် တစ်ရေးအိပ်ခြင်းနှင့်ပတ်သက်ပြီး သိထားသင့်သည့်အချက်များ
အိပ်ရေးပျက်လို့ပဲဖြစ်ဖြစ်၊ နေ့လည်ဘက်ခဏအနားယူချင်လို့ပဲဖြစ်ဖြစ် တစ်ရေးအိပ်ချင်ကြမှာပါ။ တစ်ရေး မအိပ်သင့်တဲ့အချိန်မှာအိပ်မိရင် (သို့) အကြာကြီးအိပ်မိရင် မကောင်းပါဘူး။ တစ်ရေးအိပ်ခြင်းရဲ့ ကောင်းကျိုး ဆိုးကျိုးနဲ့ အသင့်တော်ဆုံးနည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
တစ်ရေးအိပ်ခြင်း၏ကောင်းကျိုးများ
- အကြောပြေလျော့ခြင်း
- ပင်ပန်းနွမ်းနယ်မှုပြေပျောက်ခြင်း
- လန်းဆန်းတက်ကြွစေခြင်း
- စိတ်တက်ကြွစေခြင်း
- လုပ်ဆောင်ချက်များကောင်းမွန်ခြင်း (တုန့်ပြန်ချိန်မြန်ခြင်း၊ မှတ်ဉာဏ်ကောင်းခြင်း)
တစ်ရေးအိပ်ခြင်း၏ဆိုးကျိုးများ
1. လေးလံထိုင်းမှိုင်းခြင်း - နေ့လည်ဘက်တစ်ရေးနိုးလာချိန်မှာ ဒယိမ်းဒယိုင်နဲ့ အိပ်ချင်မူးတူးဖြစ်နေတတ် ပါတယ်။
2. ညဘက်အိပ်မပျော်ခြင်း - ပုံမှန်အားဖြင့် တစ်ရေးခဏအိပ်ခြင်းကြောင့် ညဘက်အိပ်တာကို အနှောင့်အယှက်မဖြစ်စေနိုင်ပါဘူး။ ဒါပေမေယ့် ညဘက်အိပ်မပျော်တဲ့သူတွေမှာဆိုရင်တော့ နေ့လည်ဘက် တစ်ရေးအိပ်ခြင်းကြောင့် ပိုဆိုးစေနိုင်ပါတယ်။ နေ့လည်ဘက်အကြာကြီးအိပ်ခြင်းနဲ့ မကြခဏအိပ်တာတွေကြောင့်လည်း ညဘက်အိပ်မပျော်ဖြစ်စေနိုင်ပါတယ်။
ဘယ်အချိန်မှာတစ်ရေးအိပ်သင့်သလဲ?
အောက်ပါအခြေအနေတွေမှာ တစ်ရေးအိပ်သင့်ပါတယ်။
- ပင်ပန်းနွမ်းနယ်နေခြင်း (သို့) အလွန်အမင်းအိပ်ချင်စိတ်ဖြစ်ခြင်း
- အိပ်ရေးပျက်ခြင်း (ဥပမာ - ညဘက်အလုပ်တာဝန်ကျခြင်းကြောင့်)
- နေ့စဉ်လုပ်ငန်းဆောင်တာများတွင် တစ်ရေးအိပ်ချိန်ထည့်သွင်းထားရှိလိုခြင်း
တစ်ရေးအိပ်ဖို့ အကောင်းဆုံးနည်းလမ်း
- ခဏပဲအိပ်ပါ။ 10-30 မိနစ်ခန့်ပဲအိပ်ပါ။ အိပ်ချိန်ကြာလေလေ နိုးလာချိန်မှာ လေးလံထိုင်းမှိုင်းလာလေလေပါ။
- နေ့လည်ဘက်တွေမှာအိပ်ပါ။ နေ့လည်စာစားပြီး အိပ်ချင်တဲ့အချိန်၊ လေးလံထိုင်းမှိုင်းလာတဲ့အချိန်တွေဖြစ်တဲ့ နေ့လည် 2-3 နာရီလောက်မှာ အိပ်ပါ။ ဒီအချိန်တွေမှာ ခဏအိပ်ရင် ညဘက်အိပ်စက်ခြင်းကို အနှောင့်အယှက်မဖြစ်စေပါဘူး။
- တိတ်ဆိတ်ငြိမ်သက်ပြီး အလင်းရောင်မစူးဘဲသက်တောင့်သက်သာရှိတဲ့နေရာမှာ အနားယူအိပ်စက်ပါ။
Dr. Mya Myo Myo Swe






























