နွေရာသီမှာ အပူဒဏ်ကြောင့်ဖြစ်တဲ့ ခေါင်းကိုက်ရောဂါတွေကို ကာကွယ်နည်းများ
သိပ်ပူတဲ့နွေရာသီမှာ ခေါင်းတစ်ခြမ်းကိုက်ရောဂါတွေ အဖြစ်အများဆုံးပါ။ အပူဒဏ်ကြောင့် ခေါင်းမကိုက်ရလေအောင် အပူလွန်ကဲခေါင်းကိုက်ရောဂါတွေ မစွဲရအောင် ဒါလေးတွေ လိုက်နာပေးနော်။
● ပူပူလောင်လောင်ရာသီမှာ ရေဓာတ်ပြည့်ဝနေဖို့ အရေးအကြီးဆုံးပါ။ ခေါင်းကိုက်ချင်လာတဲ့ အရိပ်အယောင်ပြတာနဲ့ ရေတစ်ဖန်ခွက် မော့သောက်လိုက်ခြင်းဖြင့် ခန္ဓာကိုယ်က ရေနဲ့ ဓာတ်ဆားတွေကို မျှတသွားစေပြီး ခေါင်းကိုက်စေတဲ့အာရုံကြောတွေကို ပြေလျော့သွားစေမှာပါ။
● နွေရာသီမှာ ခေါင်းကိုက်တဲ့အခါ နဖူးနဲ့ နားထင်နေရာကို ရေဝတ်လေးနဲ့ အုပ်ပေးပါ။ ၁၅ မိနစ် တစ်ခါအုပ်လိုက် ပြန်ခွာလိုက် လုပ်ကြည့်သင့်ပါတယ်။
● နားထင်ကို ဆီလိမ်းတာကလည်း ထိရောက်ပါတယ်။ ဆီနွေးနွေး သုံးပြီး နှိပ်နယ်ပေးပါ။
1. ပရုပ်ဆီ
2. မုန်ညင်းဆီ
3. လာဗင်ဒါဆီနဲ့
4. ယူကလစ်ဆီတွေကို သုံးနိုင်ပါတယ်။
● ရေနွေးထဲကို ဆီမွှေးနှစ်စက်ခန့် ထည့်လိုက်ပြီး ခေါင်းငုံ့ကာ ရှူရှိုက်ပါ။ ယူကလစ်ဆီမှာ မျက်နှာက လေအခေါင်းပွတွေ ရောင်ရမ်းတာ သက်သာစေတဲ့ ဆီနီရောဓာတ် ပါဝင်ပါတယ်။
Bio Adult 2

● ချင်းတက် ဝါးစားတာက ထိရောက်တဲ့ ခေါင်းကိုက်ပျောက်ဆေးပါ။ လေးနာရီခြားတစ်ခါ တစ်တက်ခန့်စီ စားနိုင်ပါတယ်။ ချင်းတက်ဟာ အရောင်ကျစေပြီး လေအခေါင်းပွတွေကို သက်သာပြေလျော့စေသလို အစွမ်းထက် ခေါင်းကိုက်ပျောက်ဆေးပါ။ အစာအိမ် နာတတ်ရင်တော့ မစားသင့်ပါဘူးနော်။
● အကြောဆန့်ထုတ်ပါ တရားထိုင်ပါ ဝင်သက်ထွက်သက် မှတ်ပါ။
1. ငြိမ်သက်အေးချမ်းတဲ့နေရာလေးမှာ တင်ပလင်ခွေထိုင်ပါ။
2. အသက်ရှူတာကို အာရုံစိုက်ပါ။
3. ဝမ်းဗိုက် ပိန်လိုက်၊ ဖောင်းလိုက်ဖြစ်နေတာကို သတိပြုရှုကြည့်ပါ။
4. ၁၀ မိနစ်ခန့် မိမိကိုယ်ကို ဗဟိုပြုငြိမ်းအေးမှုလေး တည်ဆောက်ကြည့်ပါဦး။
● တောက်ပတဲ့နေရောင်ဟာ ခေါင်းတစ်ခြမ်းကိုက်သမားတွေအတွက် ရန်သူပါ။ နေပူထဲထွက်တိုင်း နေကာမျက်မှန် အဝိုင်းကြီးကြီး တပ်ဆင်ကာကွယ်ထားပါ။
● ပူတဲ့ရာသီမှာ အပူ အစပ် အငန်တွေ စားသုံးတာကလည်း ကိုယ်တွင်းအပူကို မြင့်တက်စေပြီး ခေါင်းပိုကိုက်စေမှာ အသေအချာပါပဲ။ အချိုမုန့်တွေ၊ ငါးပိ ငါးခြောက် ငံပြာရည်၊ လက်ဖက်ရည်ပြင်းပြင်းနဲ့ အသားကင်တွေက နွေရာသီအတွက် မသင့်တော်ပါဘူး။ ရေခဲရေနဲ့ ရေခဲတုံး ဝါးစားတာကိုလည်း ရှောင်ကြဉ်ခြင်းဖြင့် မျက်နှာက လေအခေါင်းပွတွေကို ကျန်းမာစေပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
Bio Adult 1

(Unicode)




























