/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/နှလုံးအမောဖောက်ခြင်းအတွက်-အရေးကြီးဆုံးအချိန်-ပထမတစ်နာရီ

နှလုံးအမောဖောက်ခြင်းအတွက် အရေးကြီးဆုံးအချိန် (ပထမတစ်နာရီ)

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

Heart attack ဖြစ်ခြင်းဟာ ပြင်းထန်တဲ့အခြေအနေတစ်ခုဖြစ်ပြီး အသက်ပါထိခိုက်နိုင်တယ်ဆိုတာ လူတော်တော်များများ သိရှိကြပါတယ်။ ဒီလို Heart attack ဖြစ်ချိန်မှာ အချိန်မီ သိရှိမယ်ဆိုရင်တော့ သင့်အသက်ကို ကာကွယ်နိုင်ပါလိမ့်မယ်။
နှလုံးအမောဖောက်ခြင်းလို့ခေါ်တဲ့ heart attack စတင်ဖြစ်ပေါ်ချိန်ကနေ တစ်နာရီအတွင်းကို ရွှေရောင်တစ်နာရီလို့ တင်စားခေါ်တာ ဖြစ်ပါတယ်။
ဒီတစ်နာရီအတွင်းမှာ မှန်ကန်တဲ့ကုသချက်တွ ဆောင်ရွက်နိုင်မယ်ဆိုရင် ပြန်လည်သက်သာပြီး အသက်ရှင်ခွင့်ရနိုင်တာမို့ ရွေရောင်အချိန်လို့ သတ်မှတ်ကြတာပါ။
နှလုံးအမောဖောက်ခြင်းကနေ နှလုံးရပ်တန့်ခြင်းနှင့် သေဆုံးခြင်းတို့ဟာ ဒီတစ်နာရီအတွင်းမှာ ဖြစ်တာဖြစ်တဲ့အတွက် အလွန်အရေးကြီးလှပါတယ်။ အချိန်မီဆေးရုံသို့ ပို့ဆောင်နိုင်ပြီး အရေးပေါ်ကုသမှုခံယူနိုင်မယ်ဆိုရင်တော့ အသက်ရှင်ဖို့ ရာနှုန်းများပါလိမ့်မယ်။

>>  ဘာတွေလုပ်ဆောင်ရမလဲ?
●  ရောဂါလက္ခဏာတွေကို အချိန်မီသိရှိခြင်း
●  ချက်ချင်းဆေးရုံသွားခြင်း၊ လူနာတင်ကားခေါ်ခြင်း
●  ဆေးရုံသို့အချိန်မီရောက်ခြင်း

>>  ဘယ်လိုလက္ခဏာတွေရှိသလဲ?
●  ငြိမ်ငြိမ်လေးနေချိန် သို့မဟုတ် သင့်တင့်သောလှုပ်ရှားမှုပြုလုပ်ချိန်တွင် ရင်ခေါင်းမှာ လေးလံသလို အောင့်တောင့်တောင့်ဖြစ်ခြင်း၊ရင်ခေါင်းပူခြင်း
●  ချွေးစေးပြန်ခြင်း
●  မေးရိုး၊ နောက်ကျောနှင့် ဘယ်ဘက်လက်မောင်းထိပ် နာကျင်ခြင်း
●  ဆီးချိုရောဂါရှိသူတွေမှာဆိုရင် ရင်ဘတ်မအောင့်သော်လည်း အသက်ရှူမဝခြင်း
အထက်ပါလက္ခဏာတွေဟာ ပိုမိုပြင်းထန်လာခြင်းနှင့် လက္ခဏာတစ်ခုထက် ပိုရှိခြင်းတို့ ကြုံတွေ့ရပြီဆိုရင်တော့ ရောဂါအခြေအနေပြင်းထန်နေပြီဟု သတ်မှတ်နိုင်ပါတယ်။

>>  ဘာတွေဆောင်ရွက်သင့်လဲ?
●  နှလုံးသွေးကြောမှာ သွေးခဲပိတ်ဆို့ခြင်းကြောင့် Heart attack ဖြစ်ပေါ်ရခြင်းဖြစ်ပါတယ်။ ဒါကြောင့် ပိတ်ဆို့နေတဲ့သွေးခဲကို အမြန်ဆုံး ဖယ်ရှားဖို့က ပထမဦးစားပေးလုပ်ဆောင်ချက် ဖြစ်ပါတယ်။ မဟုတ်ပါက နှလုံးသွေးလှည့်ပတ်မှုပြတ်တောက်ပြီး သေဆုံးသွားပါလိမ့်မယ်။
●  သွေးခဲပျော်စေဖို့အတွက် Aspirin ဆေးပြား 300/325mg ပမာဏကို ချက်ချင်းဝါးစားပါ။ ပြီးရင်တော့ ချက်ချင်းဆေးရုံသို့သွားဖို့ လိုပါတယ်။

>>  နှလုံးရောဂါရှိသူများ ကြိုတင်ပြင်ဆင်ရမယ့်အချက်များ
●  ဆရာဝန်နှင့်တကွ အရေးပေါ်လူနာတင်ယာဉ်ဖုန်းနံပါတ်တွေကို ဖုန်းထဲ (သို့) မျက်စိနှင့် အလွယ်တကူမြင်နိုင်မယ့်နေရာတွင် ရေးမှတ်ထားပါ။
●  မိမိအိမ်နှင့် အနီးဆုံးဆေးရုံသို့သွားပါ။ ဆေးရုံသို့ အမြန်ဆုံးရောက်ဖို့ လိုပါတယ်။
●  လူနာကိုယ်တိုင် ကားမောင်းပြီး ဆေးရုံသို့ မသွားသင့်ပါ။ လိုအပ်ပါက ambulance ခေါ်ပါ။

>>  ကာကွယ်နည်းများ
●  သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါရှိသူများအနေနှင့် ပုံမှန်ဆေးကုသမှုခံယူပါ။
●  အဝလွန်သူများ ကိုယ်အလေးချိန်လျှော့ချပါ။
●  ဆေးလိပ်ဖြတ်ပါ။
●  အဆီအဆိမ့်၊ အငန်များ လွန်ကဲစွာစားတာ ရှောင်သင့်ပါတယ်။
●  နေ့စဉ် ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပါ။
●  သစ်သီး၊ အသီးအရွက်နှင့် သားငါးတို့ကို မျှတအောင်စားပါ။
●  ပုံမှန်မဟုတ်တဲ့လက္ခဏာများ ဖြစ်ပေါ်ပါက ချက်ချင်းသတိပြုမိပြီး ဆေးရုံသို့ သွားရောက်ပါ။
နှလုံးအမောဖောက်ခြင်းအတွက် အချိန်တစ်နာရီဟာ အလွန်တန်ဖိုးရှိလှပါတယ်။ ဒီအတွက် မိမိ မိသားစုမှာဖြစ်စေ၊ မိမိကိုယ်တိုင်ဖြစ်စေ နှလုံးအမောဖောက်ခြင်းလက္ခဏာတွေကို လျင်မြန်စွာသိရှိခြင်းဖြင့် အသက်မဆုံးရှုံးအောင် ကာကွယ်သင့်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)