နှာချေ၊ ချောင်းဆိုးတဲ့အခါမှာ ဒီကျင့်ဝတ်တွေကို လိုက်နာပါ
နှာချေ၊ ချောင်းဆိုးတာက လူထုထဲမှာ ရောဂါပိုးတွေကို ပျံ့နှံ့စေနိုင်တဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာတစ်ခုပါ။
ဒီမှာ လိုက်နာသင့်တဲ့အချက်တွေက ရောဂါပိုးတွေ မပျံ့နှံ့အောင် ကာကွယ်ဖို့အတွက် အရေးကြီးပါတယ်။ အထူးသဖြင့်တော့ နေမကောင်းဖြစ်ပြီးတော့ နှာချေ၊ ချောင်းဆိုးတဲ့အခါမှာ ဒီကျင့်ဝတ်တွေကို လိုက်နာဖို့ လိုကိုလိုပါတယ်။ တုပ်ကွေး၊ ကြက်ညှာချောင်းဆိုး၊ ပြင်းထန်ဆိုးရွားတဲ့ အသက်ရှူလမ်းကြောင်းရောဂါ စတဲ့ ပြင်းထန်တဲ့ရောဂါတွေက နှာချေ၊ ချောင်းဆိုးရာ၊ မသန့်ရှင်းတဲ့လက် (လက်နဲ့ ရောဂါပိုးတွေကို ထိတွေ့မိပြီးနောက်မှာ မျက်နှာကို ထိကိုင်မိခြင်း၊ မသန့်တဲ့လက််နဲ့ တခြားအရာတွေကို ထိကိုင်မိခြင်း ) စတာတွေကနေတစ်ဆင့် ကူးစက်တတ်ပါတယ်။
ရောဂါပိုး ကူးစက်ပျံ့နှံ့တာကို ရပ်တန့်စေဖို့အတွက် -
● နှာချေ၊ ချောင်းဆိုးတိုင်း တစ်ရှူးနဲ့အုပ်ပြီး ဆိုးပါ။
● အသုံးပြုပြီးသားတစ်ရှူးကို အမှိုက်ပုံးထဲသို့ သေချာစွန့်ပစ်ပါ။
● တစ်ရှူးမရှိပါက တံတောင်ဆစ်အခွက်နဲ့အုပ်ပြီး ဆိုးပါ။ လက်ဖဝါးနဲ့ မအုပ်ပါနဲ့။
နှာချေ၊ ချောင်းဆိုးပြီးတိုင်းမှာ လက်ဆေးပါ။
● ဆပ်ပြာ၊ ရေတို့ဖြင့် လက်ကို သေချာစွာ ဆေးကြောပါ။
● ဆပ်ပြာ၊ ရေတွေမရှိပါက အရက်ပြန် အနည်းဆုံး ၆၀% ပါသော လက်သန့်ဆေးရည်နဲ့ သေချာပွတ်တိုက်ပါ။
နှာချေ၊ ချောင်းဆိုးရင် လိုက်နာရမယ့်ကျင့်ဝတ်တွေက အထူးသဖြင့် အရေးပေါ်ဌာနတွေ၊ ဆရာဝန်ရုံးခန်း၊ ဆေးခန်းစတဲ့ ကျန်းမာရေးဌာနတွေမှာ ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ဖို့အတွက် အထူးအရေးကြီးပါတယ်။
ရောဂါ မကူးစက်အောင် ကာကွယ်နိုင်မယ့် နောက်ဆုံးတစ်ချက်ကတော့ နေမကောင်းတဲ့သူနဲ့ ဝေးဝေးနေပါ။ ကိုယ် နေမကောင်းဖြစ်နေရင်လည်း တခြားသူတွေကို မကူးအောင် ဝေးဝေးနေဖို့ လိုပါတယ်။ ဖြစ်နိုင်ရင် ကျောင်းတွေ၊ အလုပ်တွေမသွားဘဲ အိမ်မှာပဲ နားနေပါ။ အထူးသဖြင့် ကလေးငယ်တွေကို နေမကောင်းတဲ့သူတွေနဲ့ ထိတွေ့ခြင်းမရှိရန် ဂရုစိုက်ပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























