ပန်းနာရင်ကြပ်ရောဂါကို ပိုဆိုးစေနိုင်တဲ့ ဓာတ်မတည့်မှုများ
ပန်းနာရင်ကြပ်ေ၀ဒနာ ခံစားနေရတဲ့ ကလေးတစ်ယောက်ဟာ သူနဲ့ဓာတ်မတည့်တဲ့အရာ တစ်ခုခုကို ရှူရှိုက်မိပါက ချောင်းဆိုးခြင်း၊ တရွှီရွှီမြည်ခြင်းနဲ့ အသက်ရှူကြပ်ခြင်းတို့ကို ခံစားနိုင်ပါတယ်။ ဒါကြောင့် ကလေးနဲ့ ဓာတ်မတည့်တဲ့ပစ္စည်းတွေကို သိထားခြင်းဖြင့် ၎င်းဆရာတွေကို ကြိုတင်ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။ ဓာတ်မတည့်ပစ္စည်းတွေဟာ တစ်ယောက်နဲ့တစ်ယောက် မတူကြပေမယ့် အောက်ပါပစ္စည်းများကြောင့် ဓာတ်မတည့်မှုများ အများဆုံး ခံစားရလေ့ရှိကြပါတယ်။
1. မွှား
လူ့ခန္ဓာကိုယ်က ကွာကျတဲ့ ဆဲလ်သေအရေခွံလေးတွေကို စားသုံးပြီး အသက်ရှင်နေထိုင်ရတဲ့ မွှားသေးသေးလေးတွေဟာ ပန်းနာရင်ကြပ် ဖြစ်စေတတ်တဲ့ အဓိကအကြောင်းအရင်းတစ်ခုပဲ ဖြစ်ပါတယ်။ ၎င်းတို့သည် အိပ်ရာခင်း၊ မွေ့ရာ၊ ခေါင်းအုံး၊ စောင်၊ မွှေးပွရုပ်၊ ကော်ဇော၊ လိုက်ကာနဲ့ အိပ်ထောင်ပရိဘောဂ အချို့မှာ ကပ်ငြိနေတတ်ပါတယ်။ အရေပြားဆဲလ်သေတွေ ကွာကျတာကို ဘာမှမလုပ်နိုင်ပေမယ့် မိသားစုထဲမှာ မွှားတွေ ရှိမနေနိုင်အောင်တော့ လုပ်ဆောင်နိုင်ပါတယ်။ အိပ်ရာခင်းတွေကို ရေနွေးဖြင့် အနည်းဆုံး တစ်ပတ်လျှင် တစ်ကြိမ် ပြုတ်လျှော်ပါ။ ထို့နောက် အခြောက်ခံစက်ထဲ၌ အခြောက်ခံပါ။ မွှေးပွရုပ်များကိုလည်း အထက်ပါနည်းအတိုင်း လျှော်ပါ။ မွေ့ရာနဲ့ ခေါင်းအုံးအတွက် အထူးပြလုပ်ထားတဲ့ အစွတ်တွေကိုလည်း ၀ယ်ယူရရှိနိုင်ပါတယ်။ ဖြစ်နိုင်ပါက ကော်ဇော၊ ခြေသုတ်ခုံ၊ ပိတ်စနဲ့ ပြုလုပ်ထားတဲ့ အိမ်ထောင်ပရိဘောဂတွေ အားလုံးကို သစ်သား၊ ဗီနိုင်း (သို့) အခြားအရာတစ်ခုခုနဲ့ အစားထိုး အသုံးပြုသင့်ပါတ်။
2. ပိုးဟပ်
လူတွေရဲ့ စားကြွင်းစားကျန်နဲ့ ရေတို့ကို သောက်သုံးကာ အသက်ရှင်နေထိုင်တဲ့ ထိုကပ်ပါးပိုးများကို နေရာအနှံ့အပြား၌ တွေ့ရတတ်ပါတယ်။ ပိုးဟပ်နဲ့ သူ့ခန္ဓာကိုယ်မှထွက်တဲ့ အရည်တွေဟာ ပန်းနာရင်ကြပ်ရောဂါကို ပိုဆိုးစေနိုင်ပါတယ်။ ကာကွယ်ရန်နည်းလမ်းမှာ အစားအစာများကို ရေခဲသေတ္တာ (သို့) လေလုံဘူးထဲ၌ ထည့်သိမ်းထားရန်၊ စားပြီးသားပန်းကန်များကို ချက်ချင်းဆေးကြောရန်၊ အမှိုက်သရိုက်များကို တံမြက်စည်းလှည်းရန်၊ ပိုးဟပ်၀င်အောင်းနေနိုင်တဲ့ အပေါက်တို့ကို ပိတ်ပစ်ရန်တို့ပဲ ဖြစ်ပါတယ်။ ပိုးဟပ်အရည်များကို တွေ့ရှိပါက အဖုံးပါတဲ့ အမှိုက်ပုံးထဲသို့ ချက်ချင်းလွှင့်ပစ်သင့်ပါတယ်
3. မှို
ပန်းနာရင်ကြပ်ရောဂါကို ပိုဆိုးစေနိုင်သော အိမ်တွင်းအိမ်ပြင် ဓာတ်မတည့်တဲ့အရာတွေပဲ ဖြစ်ပါတယ်။ အိမ်ပြင်ပ၌ သစ်ပင်ပန်းမန်နှင့် မြေကြီးတွေမှာ အသက်ရှင်နေထိုင်၍ အိမ်တွင်းမှာတော့ မှိုတွေဟာ စိုစွတ်တဲ့နေရာတွဖြစ်တဲ့ ကြမ်းပြင်၊ မီးဖိုချောင်သုံး လက်ဆေးစင် အပါအ၀င် ရေရှိတဲ့နေရာ အနီးအနားတစ်၀ိုက်မှာ တွေ့ရနိုင်ပါတယ်။ အကောင်းဆုံးကာကွယ်နည်းကတော့ အိမ်တွင်း၌ စိုထိုင်းစ နည်းသထက်နည်းအောင် ကြိုးစားလုပ်ဆောင်သင့်ပါတယ်။ မျက်စိရှေ့မှာတွေ့တဲ့ မှိုတွေကို ဖယ်ရှားရှင်းလင်းရမှာဖြစ်ပြီး ရေချိုးခန်း၌ လေထုတ်စက် တပ်ဆင်ခြင်း၊ လေအေးပေးစက် (သို့) လေထု စိုထိုင်းစ ဖယ်ရှားပေးစက် အသုံးပြုခြင်း စတာတွေကို လုပ်ဆောင်သင့်ပါတယ်။ အိမ်အနီးအနား ပတ်၀န်းကျင် ခြောက်သွေ့သန့်ရှင်းနေခြင်းဖြင့် ပိုးဟပ်နဲ့ မွှားအန္တရာယ်မှလည်း ကာကွယ်နိုင်ပါတယ်။
4. တိရစၧာန်များ
ကြောင်၊ ခွေး၊ ပူး၊ ငှက်နဲ့ အခြားအမွှေးအတောင်ပါတဲ့ တိရစၧာန်တွေကြောင့် ပန်းနာရင်ကြပ်ရောဂါကို ပိုဆိုးနိုင်ပါတယ်။ အမွှေးအမျှင်တွေက ပြဿနာမဟုတ်ပေမယ့် တိရစၧာန်တွေရဲ့ မစင်၊ ဆီး၊ တံတွေး စတာတွေကြောင့် ရောဂါဖြစ်စေတာ ဖြစ်ပါတယ်။ အိမ်မွေးတိရစၧာန် မရှိသေးပါက အကောင်းဆုံးကတော့ မမွေးပါနှင့်။ အကယ်၍ ရှိနေပါက အိမ်အပြင်ဘက် (သို့) ကလေးငယ်ရဲ့ အိပ်ခန်းနဲ့ ေ၀းတဲ့နေရာမှာဖြစ်စေ ထားသင့်ပြီး အိမ်အသုံးအဆောင်ပစ္စည်းနဲ့ ကော်ဇောတွေပေါ်ကိုလည်း မတက်ပါစေနှင့်။ အကောင်းဆုံးကတော့ အိမ်မွေးတိရစၧာန်တွေကို အနည်းဆုံး တစ်ပတ်လျှင်တစ်ကြိမ် ရေချိုးပေး၍ သေချာစွာ လေမှုတ်ပေးသင့်ပါတယ်။
5. ပန်း၀တ်မှုန်
၀တ်မှုန်တွေနဲ့ ဓာတ်မတည့်မှုဟာ မိမိနေထိုင်ရာအရပ်နဲ့ ရာသီစက်၀န်းပေါ်မှာ များစွာမူတည်ပါတယ်။ ဥပမာအားဖြင့် ပန်းပင်တွေက ၀တ်မှုန်တွေဟာ နွေဦးကာလမှာ ပြဿနာဖြစ်ပေမယ့် နွေရာသီအချိန်မှာ ဒုက္ခပေးတာကတော့ မြက်ပင်တွေဖြစ်ပြီး မိုးရာသီအချိန်မှာတော့ ပေါင်းပင်တွေကြောင့် ဓာတ်မတည့်မှုတွေ ဖြစ်စေတတ်ပါတယ်။ (ဥတုစက်၀န်း ပြောင်းလဲခြင်းဆိုတာ ၀တ်မှုန်ရာသီဟာ ပုံမှန်ထက် ပိုမိုရှည်ကြာခြင်းကို ဆိုလိုပါတယ်) မိုးကြိုးလျှပ်စီးများကြောင့် သစ်ပင်ပန်းမန်တွေဟာ ၀တ်မှုန်တွေကို ထုတ်လွှတ်လေ့ရှိတဲ့အတွက် ရာသီဥတုအခြေအနေကို အမြဲမပြတ် စောင့်ကြည့်ဖို့လိုပြီး ၀တ်မှုန်ပမာဏ များပြားတဲ့နေ့တွေမှာဆိုရင် ကလေးငယ်ကို အိမ်ထဲ၌သာ နေစေသင့်ပါတယ်။
6. ဆေးလိပ်ငွေ့
ဆေးလိပ်ငွေ့ကြောင့် ပန်းနာရင်ကြပ်ရောဂါ ပြန်ထနိုင်တဲ့အတွက် မိမိကိုယ်တိုင်သာမက ကလေးငယ်တွေကိုပါ ဆေးလိပ်ငွေ့ မရှူရှိုက်မိအောင် ဂရုစိုက်သင့်ပါတယ်။ ကလေးငယ်တွေရဲ့အဆုတ်ဟာ ကောင်းစွာ မဖွံ့ဖြိုးသေးတာကြောင့် ဆေးလိပ်ငွေ့ဟာ ကလေးငယ်တွေအတွက် ပိုပြီးတော့ အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ အိမ်တွင်း၌ဖြစ်စေ၊ ကားပေါ်၌ဖြစ်စေ ဆေးလိပ်သောက်သူ တစ်ဦးတစ်ယောက်မျှ မရှိအောင် သတိပြုပါ။ အခြားအငွေ့တွေဖြစ်တဲ့ မီးသွေးမီးဖိုမှထွက်တဲ့ အငွေ့တွေဟာလည်း ပန်းနာရင်ကြပ်ကို ပိုဆိုးစေတာကြောင့် ဖြစ်နိုင်လျှင် ထင်းမီးဖိုများ အသုံးပြုခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။
7. အနံ့များ
မြောက်မြားစွာသော အိမ်သုံးပစ္စည်းတွေဟာ ပန်းနာရင်ကြပ်ရောဂါကို ပိုဆိုးစေတဲ့ အနံ့အမျိုးမျိုးကို ပေးစွမ်းနိုင်ပါတယ်။ ၎င်းတို့မှာ ကလိုရင်းပါ၀င်တဲ့ သန့်ရှင်းရေးသုံးပစ္စည်းများ၊ အနံ့ပါသော ဖယောင်းတိုင်၊ ဆံပင်ဖြန်းဆေး၊ ချိုင်းချေွးနံ့ပျောက်ဆေးများ၊ ရေမွှေး၊ အိမ်သုတ်ဆေးနဲ့ ပိုးသတ်ဆေးတို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် တတ်နိုင်သမျှ အမွှေးနံ့မပါ၀င်တဲ့ တစ်ကိုယ်ရည်သုံးပစ္စည်းများကိုသာ အသုံးပြုသင့်ပါတယ်။ အိမ်သုတ်ဆေး (သို့) ပိုးသတ်ဆေးများကိုမူ ကလေးငယ် အနားမှာမရှိတဲ့ အချိန်များမှသာ သုံးစွဲသင့်ပါတယ်။
Dr. Thinzar Wynn (www.drmyanmar.com)






























