ပြင်းထန်သောမီးအပူချိန်က ဟင်းသီးဟင်းရွက်မှာပါသော အာဟာရဓာတ်ကိုလျော့နည်းစေ
ဟင်းသီးဟင်းရွက်တွေမှာ အာဟာရဓာတ်ပြည့်၀စွာပါ၀င်ပေမယ့် ချက်ပြူတ်ပုံမမှန်လျှင် ထိုအာဟာရဓာတ်များကို ဆုံးရှုံးသွားနိုင်ပါတယ်။
ဟင်းသီးဟင်းရွက်တွေမှာ ရေမှာပျော်၀င်တဲ့ဗီတာမင်တွေဖြစ်တဲ့ ဗီတာမင် C နဲ့ ဗီတာမင် B ပါ၀င်ပြီး ခန္ဓာကိုယ်အတွက် ကောင်းကျိုးများစွာပေးနိုင်ပါတယ်။ ဗီတာမင် C က ကိုယ်ခံအားကိုမြှင့်တင်ပေးနိုင်ပြီး တွယ်ဆက်တစ်သျှူးတည်ဆောက်မှုကို ထောက်ပံ့ပေးနိုင်ကာ ဗီတာမင် B က အာရုံကြောဆိုင်ရာလုပ်ဆောင်ချက်တွေကောင်းမွန်စေဖို့၊ ဂလူးကို့စ်ဓာတ်ညီမျှစေဖို့ လုပ်ဆောင်ပေးနိုင်ပါတယ်။
ဟင်းသီးဟင်းရွက်တွေကို ရေဆူဆူမှာအချိန်ကြာကြာပြုတ်ပါက ရေမှာပျော်၀င်တဲ့ဗီတာမင်တွေ ပျက်စီးသွားနိုင်ပါတယ်။ ဟင်းသီးဟင်းရွက်ပြုတ်တော့မယ်ဆိုရင် ရေနည်းနည်းထည့်ကာ မီးအားသင့်ရုံအနေအထားနဲ့ပြုတ်ပါက ဟင်းသီးဟင်းရွက်မှာပါတဲ့ ဗီတာမင်ဓာတ်တွေ မဆုံးရှုံးနိုင်ပါဘူး။ ဒါပေမယ့် ပွက်ပွက်ဆူနေတဲ့ရေနွေးထဲကို ဟင်းသီးဟင်းရွက်ထည့်လိုက်တာက ဗီတာမင်ဓာတ်တွေ ဆုံးရှုံးသွားစေနိုင်ပါတယ်။ ဟင်းသီးဟင်းရွက်တော်တော်များများကို အချိန် 5 မိနစ်ထက် ပိုပြီးပြုတ်ဖို့မလိုအပ်ဘူးဆိုတာကိုတော့ ဗဟုသုတအနေနဲ့မှတ်ထားသင့်ပါတယ်။
ဟင်းသီးဟင်းရွက်များထဲမှာမှ ပန်းဂေါ်ဖီစိမ်း၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ တရုတ်မုန်ညင်း စတဲ့ဟင်းသီးဟင်းရွက်တွေမှာ ကင်ဆာတိုက်ထုတ်နိုင်စွမ်းရှိတဲ့ ရေပျော်ဒြပ်ပေါင်းတစ်မျိုးဖြစ်တဲ့ glucosinolates ကြွယ်၀စွာပါ၀င်ပြီး ၄င်းဟင်းသီးဟင်းရွက်တွေကို မီးအားပြင်းပြင်းနဲ့ပြုတ်တာ၊ ပေါင်းတာတွေကြောင့် glucosinolates ကိုပျက်စီးသွားစေနိုင်ပါတယ်။
ဒါကြောင့် ဘယ်လိုဟင်းသီးဟင်းရွက်အမျိုးအစားကိုမဆို ပြုတ်တာ၊ ပေါင်းတာ၊ ကြော်လှော်တဲ့အခါ ၄င်းထဲမှာပါ၀င်တဲ့ ဗီတာမင်ဓာတ်တွေ ဆုံးရှုံးမသွားစေဖို့ကိုဦးစားပေးဆောင်ရွက်မှသာ စားသုံးတဲ့ဟင်းသီးဟင်းရွက်မှ အာဟာရဓာတ်ကိုအပြည့်အ၀ ရနိုင်မှာဖြစ်ပြီး ဟင်းသီးဟင်းရွက်မှပေးစွမ်းတဲ့ ကျန်းမာရေးကောင်းကျိုးများစွာကိုရရှိနိုင်မှာဖြစ်ပါတယ်။
CMS






























