/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ပြင်းပြင်းထန်ထန်-စိတ်ဒဏ်ရာ-ရသွားတတ်သူတွေအကြောင်း

ပြင်းပြင်းထန်ထန် စိတ်ဒဏ်ရာ ရသွားတတ်သူတွေအကြောင်း

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ဒေါက်တာငှက်တို့ လွန်ခဲ့တဲ့ သုံးနှစ်က ပုသိမ်ကြီးမှာ ဆေးခန်းဖွင့်တယ်။ တစ်ရက် ည ၇ နာရီလောက် အိမ်ကို ငွေသိမ်းပြီး အိတ်လေးလွယ် ဆိုင်ကယ်စီးပြီး ပြန်လာရင်း လမ်းမှာ အိတ်ကို ဖြတ်လုသွားတယ်။ ဆိုင်ကယ်က မလဲရုံတမယ် ကျန်ခဲ့တယ်။ ပါသွားတာ ငွေနည်းနည်းနဲ့ ဖုန်း။

အဲ့ဒါကြုံပြီး တစ်ပတ်လောက်ထိ လူက ဂနာမငြိမ်ဘူး။ ကြောက်သလိုလို စိုးရိမ်သလိုလို ရင်တုန်တယ်။ စိတ်ထဲမှာ ဟာနေသလို အိပ်မရဘူး။ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ။ ခဏခဏ လန့်တယ်။ ထခုန်တယ်။ ခံစားချက်တွေ အကုန်ပျောက်ဆုံးသွားသလို ဟာတာတာနဲ့ ဖီလင်ကြီးက ကြောက်စရာကြီး။

တကယ်တော့ အဲ့ဒါမျိုးခံစားရတတ်တယ်ဆိုတာ ဒေါက်တာငှက်တို့လို တစ်ခုခု အကြမ်းဖက်တာ၊ အနိုင်ကျင့်တာ၊ လုယက်တာ ခံရပြီးနောက်မှာ လူက သိပ်လန့်သွားပြီး ကြောက်စရာခံစားချက်တွေ ကျန်နေခဲ့တာ။ အဲ့ဒါက ပုံမှန်ပါပဲ။ တစ်ပတ်၊ နှစ်ပတ်လောက်ဆို နည်းနည်းနေသာသွားတယ်။

PTSD (Post Traumatic Stress Disorder) လို့ခေါ်တဲ့ ရောဂါ။ တကယ်တော့ သူ့ကို ရောဂါလို့ပဲ အမည်တပ်ရတော့မယ်။ ဘာလို့လဲဆိုတော့ တစ်ခုခု ပြင်းပြင်းထန်ထန် ကြုံရပြီးနောက် လူတိုင်းဖြစ်လေ့ရှိတဲ့ သောက လက္ခဏာတွေက ခဏနဲ့ သက်သာပျောက်ကင်းမသွားဘဲ အကြာကြီး လနဲ့ချီ ဆက်ရှိနေတာကို ခေါ်ပါတယ်။ တချို့ဆို နှစ်ချီတယ်။ နှစ်ကြာပြီးမှ တစ်ခုခုတိုက်ဆိုင်လို့ သတိရစရာရှိရင်လည်း ခံစားချက်ဆိုးတွေ ပြန်ပေါ်လာတယ်။

PTSD လို့ခေါ်တဲ့ စိုးရိမ်သောကနဲ့ စိတ်ဒဏ်ရာ ပြင်းပြင်းထန်ထန် ကျန်ခြင်းရဲ့ အကြောင်းရင်းတွေက -
● အနိုင်အထက် မုဒိန်းကျင့်ခံရခြင်း
● အစုလိုက် အပုံလိုက် သေနတ်ပစ်ခံရခြင်း
● သဘာဝဘေးအန္တရာယ်တွေ (ငလျင်မုန်တိုင်း)
● ကားမတော်တဆဖြစ်တာတွေ
● သေလုမြောပါး ရောဂါဖြစ်ဖူးတာတွေကြောင့် ဖြစ်တတ်ပါတယ်။

ကိုယ်တိုင်ကြုံမှ ဒါမျိုးဖြစ်တတ်တာ မဟုတ်ဘူး။ သူများခံစားရတာကို မျက်မြင် မြင်ဖူးထားရင်လည်း စိတ်က လိုက်ခံစားပြီး စိတ်ဒဏ်ရာ ရတတ်တာပဲ။

အလွန်အကျွံ သောကရောက်တော့ အိပ်မရဘူး၊ လန့်လန့်နိုးတယ်၊ အိမ်မက်ဆိုးမက်မယ်၊ အထိတ်တလန့်အတွေးတွေ ခဏခဏ တွေးမိတယ်၊ ပတ်ဝန်းကျင်ကို မယုံသင်္ကာဖြစ်မယ်၊ အစွန်းရောက်အတွေးတွေ မကြာခဏ တွေးမယ်၊ စိတ်အလွန်အကျွံ ပူတတ်မယ်၊ ကြုံခဲ့ရသမျှကို ထပ်ချည်းတလဲလဲ တွေးမယ်၊ ငိုချင်နေမယ်၊ အားမရှိသလို အမြဲခံစားနေရမယ်။

ဒေါက်တာငှက် ရန်ကုန်မှာ ဘက်စကားစီးရင်း နာဂစ်ကို ကိုယ်တွေ့ကြုံခဲ့ရတဲ့ အမျိုးသမီးတစ်ယောက်နဲ့ ကပ်ထိုင်ရတယ်။ စကားပြောကြည့်တော့ သူ့ကိုကြည့်ရတာ မျက်နှာက ဖျော့နေတယ်။ နာဂစ်အကြောင်း သူ ပြောလဲပြောချင်တယ်။ ပြောရင်းလည်း မခံစားနိုင်သလို ခဏခဏ မျက်နှာလွှဲတယ်၊ စကားလွှဲတယ်၊ ဒေါက်တာငှက်က မမေးပေမယ့် သူ့ကိုကြည့်ရတာ မငြိမ်ဘူး။ မျက်လုံးတွေက အရောင်မရှိဘူး။ ညတွေလည်း လန့်လန့်နိုးနေတတ်တယ်တဲ့။ စားလို့မဝင်ဘူး။ သူ့ကိုယ်သူ ဘာစားလို့ စားနေမှန်း မသိဘဲ ဖြစ်ဖြစ်နေတတ်တယ်တဲ့။ နာဂစ်မုန်တိုင်းအပြီး စိတ်ဒဏ်ရာအကြီးအကျယ် PTSD ရတဲ့သူတွေ ဘယ်နှစ်ဦးရှိနေမလဲ။ အများကြီးပါ။ ဒါတွေကိုရော လျစ်လျူရှုထားကြဆဲလား မသိနိုင်။

စိတ်ဒဏ်ရာရထားတဲ့ ခံစားနေရတဲ့ သူတွေဟာ အဲ့ဒါနဲ့ပတ်သက်တဲ့ မှတ်ဉာဏ်တွေ အလားတူ အဖြစ်အပျက်တွေကို ရှောင်တယ်။ သူတို့ ရင်မဆိုင်ဝံ့ဘူး။ ပြန်လည်သတိရမှုတိုင်းဟာ သူတို့ကို သိပ်နာကျင်စေတယ်။ ဒီတော့ သူတို့ဟာ ဒီတိုင်းပဲ ဆိုးသထက်ဆိုးလာပြီး တစ်သက်လုံး ဝေဒနာနဲ့ စိတ်မချမ်းမသာ နေသွားရတယ်။ သိပ်သနားစရာ ကောင်းပါတယ်။

ဒီနေရာမှာ PTSD အတွက် အကောင်းဆုံးကုသမှု ပြောပါဆိုရင် အဲ့ဒါကို ဖွင့်ထုတ်ပြောပြလိုက်တာပဲ။ ရှောင်နေတာထက် ဆရာဝန်၊ ကျန်းမာရေးဆရာမ အကုန်ပွင့်ပွင်းလင်းလင်း ပြောချလိုက်ခြင်းအားဖြင့် စိတ်တွေ သက်သာသွားတာ တွေ့ရတယ်။ နှစ်သိမ့်ဆွေးနွေးပေးသူကို မှတ်ဉာဏ်ကို ဖွင့်ထုတ်ခိုင်းတယ်။ အားရပါးရပြောစေတယ်။ အုပ်စုလိုက်ဖြစ်စေ တစ်ဦးချင်းဖြစ်စေ ခံစားချက်တွေ မျှဝေစေတယ်။ ပြီးရင် ခံစားချက်ဆိုးတွေကို ဘယ်လိုပြောင်းတွေးရမယ်ဆိုတာ ချေဖျက်နည်း ဒါတွေကို လေ့ကျင့်ပေးဖို့လိုတယ်။ တရားထိုင်တာ၊ စိတ်ကိုဖြေလျှော့တာ အိပ်မွေ့ချတဲ့နည်းတွေနဲ့ စိတ်ဒဏ်ရာ အပြင်းအထန်ရတာကို ကုနိုင်တယ်။

စိတ်ထိခိုက်မှု၊ အကြမ်းဖက်မှု၊ လုယက်မှု၊ အနိုင်ကျင့်ခံတာတွေ ကြုံပြီးနောက် လူက သောကအထွေထွေနဲ့ စိတ်ဂနာမငြိမ် ဖြစ်ကျန်ခဲ့တာ ပုံမှန်ပါ။ ဒါပေမဲ့ ပုံမှန်လူမှာ ဒါတွေမကြာခင် သောကသက်သာသွားပြီး ပုံမှန်လူလို သွားလာစားသောက်နေထိုင်ပါတယ်။ PTSD ခံစားရတဲ့ လူနာမှာတော့ ဒါတွေ သောကတွေ၊ ဂနာမငြိမ်တာ၊ အစွန်းရောက်တာ၊ မယုံမကြည်ဖြစ်တာ အဲ့ဒီအကြောင်းကိုပဲ ထပ်တလဲလဲ တွေးနေတာတွေ သိပ်ကြာလာတာ ဖြစ်ပါတယ်။

သားဆုံးတဲ့မိခင်တွေ၊ ခင်ပွန်း၊ ဇနီး ဆုံးပါးသွားသူတွေ၊ သူငယ်ချင်းဆုံးပါးတဲ့ ဆယ်ကျော်သက်တွေ၊ ဓားထောက်ခြိမ်းခြောက်ခံရတဲ့ အဒေါ်တွေ၊ ဦးလေးတွေ၊ နာဂစ်လိုဘေးဒဏ်ကြုံဖူးသူတွေ၊ ဒီလိုလူတွေဟာ စိုးရိမ်သောကတွေကနေ မိမိကိုယ်ကို ဘယ်လိုပြောင်းလဲရမလဲမသိဘဲ အဖြေမရှိကြပါဘူး။ အကြမ်းဖက်တာ၊ မုဒိန်းကျင့်ခံရတာ၊ အိမ်မီးလောင်တာ၊ ငလျင်လှုပ်တာလို သဘာဝအန္တရာယ် ကြုံတွေ့ခံစားရသူတွေ၊ သေလုမြောပါးရောဂါနဲ့ ဆေးရုံတက်ဖူးသူတွေကို ပတ်ဝန်ကျင်နဲ့ မိသားစုက ဂရုတစိုက်နဲ့ အပြင်းအထန် စိတ်ဒဏ်ရာရရှိခြင်း လက္ခဏာတွေကို မပြတ်စောင့်ကြည့်ပေးဖို့ လိုပါကြောင်း၊ နှစ်သိမ့်ဆွေးနွေးကုသပေးဖို့ လိုပါကြောင်း အသိပေး တင်ပြလိုက်ပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)