/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဖြစ်လေ့ဖြစ်ထရှိသော-ခေါင်းကိုက်ခြင်း-10-မျိုး

ဖြစ်လေ့ဖြစ်ထရှိသော ခေါင်းကိုက်ခြင်း (10) မျိုး

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ခေါင်းကိုက်ဝေဒနာကို လူတိုင်းခံစားဖူးကြပြီး လူတိုင်းမုန်းကြတဲ့ခံစားမှုတစ်ခုလည်းဖြစ် ပါတယ်။ ခေါင်းကိုက်ခြင်းသည် သာမန်အဆင့်မှ အလွန်ပြင်းထန်ဆိုးရွားတဲ့ အခြေအနေတစ်ခု အထိဖြစ်နိုင်ပြီး ခေါင်းတစ်ခုလုံးကိုက်နိုင်သလို တစ်နေရာထဲကွက်ပြီး ကိုက်တာမျိုးလည်းဖြစ်နိုင်ပါတယ်။

          ဘယ်လိုခေါင်းကိုက်တာမျိုးပဲဖြစ်ဖြစ် စိတ်အနှောင့်အယှက်ဖြစ်စေ၍ အလုပ်လုပ်ရာမှာလည်း အခက်တွေ့စေနိုင်ပါတယ်။

          ခေါင်းကိုက်စေတဲ့အကြောင်းအရင်းကိုသိခဲ့မယ်ဆိုရင်တော့ တတ်နိုင်သမျှသက်သာအောင် လုပ်လို့ရပါတယ်။ တခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေလိုပဲ ခေါင်းကိုက်တဲ့နေရာမှာလည်း ခေါင်းကိုက်တဲ့ပုံစံ၊ သက်သာအောင်ပြုလုပ်နည်း၊ နောက်တစ်ကြိမ်ထပ်မဖြစ်အောင် အစားအသောက်ပုံစံပြောင်းလဲ၍ ကာကွယ်နည်း စတာတွေကိုလေ့လာထားသင့်ပါတယ်။

          ခေါင်းကိုက်တဲ့အမျိုးအစားများစွာရှိသည့်အနက် ခေါင်းတစ်ခြမ်းကိုက်ခြင်း၊ ကိုယ်စိတ်ပင်ပန်းမှုကြောင့် ခေါင်းကိုက်ခြင်း၊ စုဖွဲ့ခေါင်းကိုက်ခြင်းတို့ဟာ အဖြစ်အများဆုံးဖြစ်ပါတယ်။ ၎င်းတို့သည် ဖျားနာခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းနဲ့ ခန္ဓာကိုယ်မှာ ပြဿနာတစ်ခုခုရှိခြင်းတို့ကြောင့် ဖြစ်တတ်ပါတယ်။ ထို့ပြင် စိတ်ဖိစီးမှုနဲ့ စိတ်ခံစားမှုပြင်းထန်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အစားအသောက်ဆိုင်ရာပြဿနာများကြောင့်လည်း ခေါင်းကိုက်တတ်ပါတယ်။

          မိမိနေ့စဉ်ဘဝကို အနှောက်အယှက်ဖြစ်လောက်အောင် မကြာခဏခေါင်းကိုက်နေပြီဆိုပါက ဆရာဝန်နှင့် တိုင်ပင်၍ ကုသမှုခံယူသင့်ပါတယ်။

ခေါင်းကိုက်ခြင်းအမျိုးအစား 1 - ဓာတ်မတည့်ခြင်း

        ဓာတ်မတည့်ခြင်းဟာ ခေါင်းကိုက်စေတဲ့အဓိကအကြောင်းအရင်းတစ်ခုဖြစ်ပြီး ထိပ်ကပ်နာနဲ့ ဦးခေါင်းအတွင်း ဖိအားတက်လာတာတွေကြောင့် ပိုဖြစ်စေပါတယ်။ ဓာတ်မတည့်တာကြောင့် ခေါင်းကိုက်ပါက မျက်ရည်ပူကျခြင်း၊ မျက်လုံးယားယံခြင်းနဲ့ ခေါင်းတစ်ခုလုံးသာမက မျက်နှာတစ်ပြင်လုံးပါ နာကျင်မှုကိုခံစားရစေနိုင်ပါတယ်။ ရာသီအလိုက်ဓာတ်မတည့်မှုများကြောင့်လည်း အထက်ပါဝေဒနာတွေခံစားရတတ်ပါတယ်။ ကုသမှုတွေအနေနဲ့ကတော့ ဓာတ်မတည့်မှုသက်သာစေတဲ့ဆေးများ၊ စတီးရွိုက်များကို ဆရာဝန်မှ ညွှန်ကြားပါလိမ့်မယ်။

ခေါင်းကိုက်ခြင်းအမျိုးအစား 2 - ထိပ်ကပ်နာ

        ထိပ်ကပ်နာကြောင့် ဦးခေါင်းအတွင်းဖိအားတွေများလာပြီး နဖူး၊ မျက်လုံးတစ်ဝိုက်နဲ့ ပါးရိုးတွေကို ကိုက်ခဲစေပါတယ်။ ထိပ်ကပ်နာဟာ တစ်နေ့တစ်နေ့ပိုမိုဆိုးလာတတ်တာကြောင့် ပဋိဇီဝဆေးတွေနဲ့ နှာပိတ်တာကိုသက်သာစေတဲ့ဆေးတွေရဲ့ အကူအညီကိုရယူသင့်ပါတယ်။

          မိမိခံစားနေရတဲ့ဝေဒနာတွေဟာ အခြားသူတွေထက်ပိုဆိုးတယ်လိုအထင်ရှိပါက ဆရာဝန်နဲ့ပြသ၍ အခြားပြဿနာတွေရှိ/မရှိ ကို စစ်ဆေးသင့်ပါတယ်။

ခေါင်းကိုက်ခြင်းအမျိုးအစား 3 - စိတ်ပူပန်မှုများခြင်း

        စိတ်ဖိစီးမှုတွေများလာတဲ့အခါမှာ နဖူးတစ်လျှောက်မှာ စည်းနှောင်ထားတဲ့ နာကျင်မှုမျိုးကို ခံစားရလေ့ရှိပါတယ်။ အလုပ်တွေများတဲ့အချိန် (သို့) စိတ်ခံစားမှုတွေပြင်းထန်တဲ့အချိန်မှာ စိတ်ပူပန်သောကတွေမြင့်တက်လာတာကြောင့် ဒီလိုခေါင်းကိုက်ဝေဒနာမျိုးကို ခံစားရတာဖြစ်ပါတယ်။

          အကောင်းဆုံးနည်းလမ်းကတော့ ကာကွယ်ခြင်းဖြစ်ပြီး ခေါင်းစတင်ကိုက်လာပါက အသက်ပြင်းပြင်းရှုခြင်းနဲ့ တရားထိုင်ခြင်းတို့ကိုပြုလုပ်နိုင်ပါတယ်။ အိပ်ရေးဝအောင် အိပ်စက်ခြင်းကလည်း ခေါင်းကိုက်ခြင်းကို သက်သာစေနိုင်ပါတယ်။

ခေါင်းကိုက်ခြင်းအမျိုးအစား 4 - စုဖွဲ့ခေါင်းကိုက်ခြင်း

        စုဖွဲ့ခေါင်းကိုက်ခြင်းဟာ အလွန်ဆိုးရွားတဲ့ခေါင်းကိုက်ခြင်းအမျိုးအစားဖြစ်ပြီး မျက်လုံးနားတစ်ဝိုက်မှာဖြစ်လေ့ရှိပါတယ်။ နာကျင်ကိုက်ခဲမှုကြောင့် မျက်လုံးမှမျက်ရည်များကျနိုင်ခြင်း နှာခေါင်းပိတ်ခြင်းကိုလည်းဖြစ်စေနိုင်ပါတယ်။ မျက်နှာနီမြန်းခြင်းလည်းဖြစ်လေ့ရှိပြီး အမျိုးသားတွေမှာ ပိုမိုတွေ့ရလေ့ရှိပါတယ်။ ဘာကြောင့်ဖြစ်လည်းဆိုတဲ့ အကြောင်းအရင်းကိုမသိရပေမယ့်လည်း မျိုးရိုးဗီဇကြောင့်ဟု ယူဆကြပါတယ်။ အရက်သောက်ခြင်းနဲ့ ဆေးလိပ်သောက်ခြင်းတို့သည် ၎င်းခေါင်းကိုက်ဝေဒနာကိုသက်သာအောင်ပြုလုပ်နိုင်ပါတယ်။

ခေါင်းကိုက်ခြင်းအမျိုးအစား 5 - ကဖိန်းဓာတ်ကိုစွဲလန်းခြင်း

        ကော်ဖီကို အလွန်အကျွံသောက်သုံးသူတစ်ဦးသည် မသောက်ရပါက ခေါင်းကိုက်မှုကိုခံစားရနိုင်ပါတယ်။ ၎င်းမှာ စွဲလန်းမှုရဲ့ရောဂါလက္ခဏာတစ်ခုဖြစ်ပါတယ်။ ၎င်းခေါင်းကိုက်မှုမျိုးသည် တဆစ်ဆစ်ကိုက်လေ့ရှိပြီး ကဖိန်းဓာတ်ကြောင့် ကျဉ်းနေတဲ့သွေးကြောတွေ ကျယ်သွားလို့ဖြစ်ပါတယ်။ အကောင်းဆုံးကုသနည်းကတော့ ကဖိန်းသောက်သုံးမှုကိုလျှော့ချလိုက်ဖို့ပဲဖြစ်ပါတယ်။ ဆိုးရွားတဲ့ဖြစ်စဉ်တွေမှာတော့ ကော်ဖီသာမက ကဖိန်းပါတဲ့ ဘယ်ဖျော်ရည်မျိုးမဆိုကို ရှောင်ကြဉ်သင့်ပါတယ်။

ခေါင်းကိုက်ခြင်းအမျိုးအစား 6 - ခေါင်းတစ်ခြမ်းကိုက်ခြင်း

        ခေါင်းတစ်ခြမ်းကိုက်ခြင်းဟာ မိသားစုမျိုးရိုးထဲမှာရှိပါက မိမိမှာလည်းကြုံတွေ့နိုင်ဖို့ မျှော်လင့်ထားရမှာဖြစ်ပါတယ်။ ဦးခေါင်းရဲ့တစ်ခြမ်းထဲမှာပဲ ကိုက်ခဲလေ့ရှိပြီး သာမန်အဆင့်မှ ပြင်းထန်တဲ့ဝေဒနာထိ ခံစားရတတ်ပါတယ်။ တစ်ခါခေါင်းကိုက်ပါက 4 နာရီမှ 72 နာရီထိ ကြာမြင့်လေ့ရှိပြီး နေ့စဉ်လုပ်ငန်းဆောင်တာများကိုပါ ထိခိုက်လေ့ရှိပါတယ်။ အချို့သူများတွင် ပျို့ခြင်း၊ အန်ခြင်း၊ အလင်းရောင်နဲ့အသံတို့ကို မခံနိုင်ခြင်းတို့ကိုပါ ကြုံတွေ့ရတတ်ပါတယ်။

          ထို့ပြင် ခေါင်းတစ်ခြမ်းမိုက်မီ ရှေ့ပြေးနိမိတ်များကို ခံစားရလေ့ရှိကြောင်းလည်း အချို့သူများ၏ ပြောပြချက်အရသိရပါတယ်။ ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ဆေးဝါးများဖြင့်သာမက ဇီဝဗေဒတုံ့ပြန်မှုဖြင့်ပါ ကုသနိုင်ပါတယ်။

ခေါင်းကို်က်ခြင်းအမျိုးအစား 7 - တင်းကျပ်ခြင်း

        ကြွက်သားများတင်းခြင်းကြောင့်ဖြစ်တဲ့ ခေါင်းကိုက်ခြင်းအမျိုးအစားဟာ အဖြစ်အများဆုံးဖြစ်ပြီး နားထင်၊ ဦးခေါင်းနောက်နဲ့ လည်ပင်တစ်လျှောက်မှာ နာကျင်မှုဝေဒနာကို ခံစားရနိုင်ပါတယ်။ သာမန်နာကျင်မှုမျိုးမှ မခံမရပ်နိုင် နာကျင်မှုမျိုးထိဖြစ်နိုင်ပြီး အကိုက်အခဲပျောက်ဆေးတွေရဲ့ အကူအညီနဲ့သက်သာအောင်ပြုလုပ်လို့ရပါတယ်။ ဒီခေါင်းကိုက်ခြင်းအမျိုးအစားဟာ ခန္ဓာကိုယ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ဖိအားတွေကြောင့် ဦးရေပြားနဲ့လည်ပင်းမှာရှိတဲ့ ကြွက်သားနဲ့တွယ်ဆက်တစ်သျှူးတွေမှာ တင်းအားဖြစ်ပေါ်လာတာကြောင့်ဖြစ်ရခြင်းဖြစ်ပါတယ်။ ကုထုံးအနေနဲ့ကတော့ အနားယူခြင်းနဲ့ စိတ်ဖိစီးမှုကိုလျော့ကျစေနည်းတို့ဖြင့် သက်သာစေနိုင်ပါတယ်။

ခေါင်းကိုက်ခြင်းအမျိုးအစား 8 - မေးရိုးအဆစ်နာခြင်း

        ဦးခေါင်းခွံနဲ့ မေးရိုးကိုဆက်ပေးထားတဲ့ အဆစ်မှာနာကျင်ကိုက်ခဲရတာဟာ နားထင်နဲ့မေးရိုးမှာရှိတဲ့ ကြွက်သားကျုံ့မှုတွေကြောင့်ဖြစ်ပြီး မေးရိုးလှုပ်ရှားမှုတိုင်းမှာ နားထင်တွင်နာကျင်မှုကိုခံစားရပြီး အသံတစ်ခုထွက်ပေါ်လာပါတယ်။ အကြောင်းအရင်းကတော့ မေးရိုးဟာ ပုံမှန်ရှိရမယ့်အနေအထားမှ စွေဆောင်း၍ ဒဏ်ဖြစ်စေတာကြောင့်ဖြစ်ပါတယ်။

          ကုသမှုတွေအနေနဲ့ကတော့ ကြွက်သားပြေလျော့ခြင်းနဲ့ မေးရိုးကိုအနေအထားမှန်အောင် ပြန်လည်ပြုပြင်ခြင်း တို့ပါဝင်ပါတယ်။

ခေါင်းကိုက်ခြင်းအမျိုးအစား 9 - အစာခြေခြင်းဆိုင်ရာပြဿနာများ

        အစာအိမ်ဝေဒနာနဲ့ တစ်ချိန်တည်းမှာဖြစ်တဲ့ ခေါင်းကိုက်ခြင်းဆိုပါက စားတဲ့အစားကြောင့်ဖြစ်တာသေချာပါတယ်။ အဆာလွန်ခြင်းကြောင့်လည်း ခေါင်းကိုက်စေတတ်ပါတယ်။ တစ်ခါတစ်ရံမှာတော့ အစာနဲ့မတည့်တာ၊ အရက်အလွန်အကျွံသောက်တာတွေကြောင့်လည်း နဖူး၊ မျက်လုံးနဲ့ နားထင်တွေမှာ နာကျင်မှုဝေဒနာကို ခံစားရစေပါတယ်။ ထိုကဲ့သို့ခေါင်းကိုက်ခြင်းကိုမကြာခဏခံစားနေရပါက အာဟာရဗေဒပညာရှင်ရဲ့အကူအညီနဲ့ အစားအသောက်ပိုင်းဆိုင်ရာကို ပြန်လည်ဆန်းစစ်တဲ့အပြင် အရက်သောက်ခြင်းကိုလည်း လျှော့ချသင့်ပါတယ်။

ခေါင်းကိုက်ခြင်းအမျိုးအစား 10 - သွေးကြောများရောင်ခြင်း

        ဦးခေါင်းနဲ့ နားထင်နားတစ်ဝိုက်မှာရှိတဲ့ သွေးကြောနံရံတွေရောင်ခြင်းကြောင့်လည်း ခေါင်းကိုက်ဝေဒနာခံစားရတတ်ပါတယ်။ ဦးရေပြားကျိန်းစပ်ခြင်းအပြင် မေးရိုးကိုက်ခြင်းနဲ့ အမြင်အာရုံပြဿနာတွေကိုပါ ကြုံတွေ့ရနိုင်ပါတယ်။ ကုသမှုမခံယူပါက အမြင်အာရုံဆုံးရှုံးနိုင်တဲ့အပြင် လေဖြတ်နိုင်ချေလည်းမြင့်မားစေပါတယ်။ ဒါကြောင့် ဆရာဝန်နှင့်ပြသ၍ ဆေးဝါးများကို မှန်မှန်မှီဝဲသင့်ပါတယ်။

Dr. Thinzar Wynn (www.drmyanmar.com)