/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဘယ်အချက်တွေက-နှာပိတ်ခြင်းကို-ဖြစ်စေသလဲ

ဘယ်အချက်တွေက နှာပိတ်ခြင်းကို ဖြစ်စေသလဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

နှာခေါင်းအတွင်းဘက်ရှိ အမြှေးပါးများရောင်ခြင်းကြောင့် နှာခေါင်းအတွင်းမှာ အရည်များနှင့်ပြည့်နေစပြေီး နှာပိတ်ခြင်းကို ဖြစ်စေပါတယ်။ တစ်ခါတလေမှာ နှာပိတ်ခြင်းနှင့်အတူ နှာရည်ယိုခြင်းပါ တွဲဖက်ဖြစ်ပေါ်တတ်ပါတယ်။

>>  နှာပိတ်ခြင်းဖြစ်စေတဲ့ အကြောင်းရင်းတွေကတော့ -
(၁)  နှာခေါင်းတွင်းရှိ အမြှေးပါးများ ရောင်ခြင်း
လေထုထဲရှိ ဖုန်မှုန့်များ၊ ပန်းဝတ်မှုန်များ၊ ဆေးလိပ်ငွေ့များစတဲ့ ဓာတ်မတည့်မှု ဖြစ်စေတဲ့အရာတွေကြောင့် နှာခေါင်းတွင်းရှိ အမြှေးပါးများ ရောင်ကိုင်းပြီး ဖောင်းလာစေပါတယ်။ ဒီလိုဖောင်းလာခြင်းကြောင့် လေကို ဝအောင်မရှူရှိုက်နိုင်ဘဲ နှာပိတ်ခြင်းဖြစ်စေတာပါ။
●  တစ်ခါတလေမှာ ပြင်းထန်သော အနံ့အသက်တွေကြောင့်လည်း နှာခေါင်းအမြှေးပါးများကို ရောင်စေပြီး နှာပိတ်ခြင်း ဖြစ်ပေါ်စေနိုင်ပါတယ်။
●  ကိုယ်ဝန်ဆောင်မိခင်တွေအနေနှင့်လည်း ဟိုမုန်းအပြောင်းအလဲတွေကြောင့် နှာပိတ်ခြင်း ဖြစ်ပေါ်စေတတ်ပါတယ်။
●  နှာပိတ်တာကို သက်သာစေတဲ့ ဆေးတွေ အလွန်အကျွံသောက်မိပါကလည်း တန်ပြန်နှာပိတ်ခြင်းကို ဖြစ်စေတတ်ပါသေးတယ်။

(၂)  နှာခေါင်းတွင်းရှိ တည်ဆောက်ပုံအရ နှာပိတ်ခြင်း
နှာခေါင်းအတွင်း အလုံးငယ်များဖြစ်ပေါ်ခြင်း၊ နှာခေါင်းတွင်းသို့ အရာဝတ္ထုတစ်ခုခု ဝင်ရောက်ခြင်း၊ နှာခေါင်းနှစ်ခုကြားရှိ ပိုင်းခြားထားသောအခန်းမှာ တစ်ဖက်ဖက်သို့စောင်းနေခြင်း၊ နှာခေါင်းတွင်းအကျိတ် ဖြစ်ပေါ်ခြင်းစသော အကြောင်းရင်းတွေကြောင့်လည်း နှာပိတ်ခြင်း ဖြစ်ပေါ်နိုင်ပါတယ်။

(၃)  ထိပ်ကပ်နာဖြစ်ခြင်း
နှာခေါင်းဘေးဘက်တွင်ရှိသော လေအိတ်များအတွင်းသို့ ဘက်တီးရီးယားပိုးဝင်ခြင်းကြောင့် ထိပ်ကပ်နာရောဂါကို ဖြစ်ပေါ်စေပါတယ်။ ထိုသို့ပိုးဝင်ရာကနေ နှာခေါင်းအမြှေးပါးတွေကို ရောင်ရမ်းခြင်းဖြစ်ပေါ်စေပြီး နှာခေါင်းအတွင်းဘက်ရှိ လေဝင်ပေါက်တွေကို ပိတ်ဆို့စေပြီး နှာပိတ်စေပါတယ်။
နားပိုးဝင်ခြင်းနှင့်ပန်းနာရင်ကျပ်ရောဂါတွေကြောင့်လည်း နှာပိတ်ခြင်းကို ဖြစ်စေတတ်ပါသေးတယ်။
နှာခေါင်းတွင်းရှိ အမြှေးပါးရောင်ခြင်းကြောင့်ဖြစ်သော နှာပိတ်ခြင်းတွေကတော့ အရောင်ကျတဲ့အခါမှာ နှာပိတ်တာပါ သက်သာသွားနိုင်ပေမယ့် တည်ဆောက်ပုံအရ သို့မဟုတ် အရာဝတ္ထုတစ်ခုခုကြောင့် နှာပိတ်ခြင်းတွေကတော့ လိုအပ်တဲ့ကုသနည်းလမ်းတွေ ခံယူမှသာ သက်သာနိုင်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)