ဘာလို့ စိတ်ဓာတ်ကျတာလဲဲဲ
စိတ်ဓာတ်ကျခြင်းဆိုတာဟာ စိတ်ခံစားချက်ကိုတင်မက လူတစ်ယောက်ရဲ့ ဘဝနေထိုင်မှု အစိတ်အပိုင်းတိုင်းကို ထိခိုက်နိုင်တတ်တယ်။ ကမ်ဘာ့ကျန်းမာရေးအဖွဲ့အစည်းကြီးက ၂၀၂၀ ရောက်တဲ့အခါ စိတ်ကျရောဂါဟာ ကမ်ဘာပေါ်မှာ နှလုံးသွေးကြောရောဂါရဲ့နောက် ဒုတိယ မစွမ်းမသန်ဖြစ်စေနိုင်တဲ့ အကြောင်းရင်း ဖြစ်လာမယ်လို့ ဆိုပါတယ်။
စိတ်ကျဝေဒနာခံစားနေရသူတွေဟာ နာတာရှည်ရောဂါတွေဖြစ်တဲ့ နှလုံးသွေးကြောရောဂါ၊ ခါးပြဿနာ၊ အဆစ်အမြစ်ရောင်၊ ဆီးချို၊ သွေးတိုးတွေပါ ဖြစ်လာတတ်ပြီး ရလဒ်တွေ ပိုဆိုးတတ်တယ်။ စိတ်ဓာတ်ကျတာကို မကုသဘဲထားတဲ့အခါ ကာကွယ်ဆေးတချို့ရဲ့ ခုခံတုံ့ပြန်နှုန်းကိုတောင် ထိခိုက်နိုင်တယ်တဲ့။
စိတ်ဓာတ်ကျခြင်းဟာ မစွမ်းမသန် ဖြစ်စေရုံတင်မကဘဲ အသက်ပါ သေစေနိုင်စွမ်းရှိတယ်နော်။ စိတ်ကျနေသူ ၅ ယောက်ထဲက ၁ ယောက်နှုန်းလောက် တစ်ချိန်ချိန်မှာ ကိုယ့်ကိုယ်ကို သတ်သေတတ်တယ်လို့ ဆိုတယ်။
>> ဖြစ်စေတဲ့အကြောင်းရင်းတွေ
စိတ်ဓာတ်ကျခြင်းဆိုတာဟာ လွယ်လွယ်နဲ့ ကျော်လွှားလို့မရတတ်တဲ့ စိတ်အခြေအနေမျိုး မဟုတ်ဘူးနော်။ စိတ်ဓာတ်ကျခြင်းဆိုတာဟာ ဦးနှောက်က ပျော်ရွှင်စိတ်ကြည်နူးစရာ အလုပ်အကိုင်တွေကို လက်မခံနိုင်တော့တဲ့ ရောဂါတစ်မျိုးပါပဲ။ စိတ်ဓာတ်ကျနေသူတွေရဲ့ MRI ဓာတ်မှန်မှာဆိုရင် ဦးနှောက်အစိတ်အပိုင်းတွေမှာ ပြောင်းလဲမှုတွေဖြစ်နေတာ တွေ့ရတယ်။
အမျိုးသမီးတွေဟာ အမျိုးသားတွေထက်စာရင် စိတ်ကျရောဂါဖြစ်နှုန်း ၂ ဆ ပိုများတယ်။ အသက် ၄၅ နှစ်နဲ့ ၆၄ နှစ်ကြားအရွယ်၊ လူဖြူ မဟုတ်သူ၊ အိမ်ထောင်ပြိုကွဲထားသူ၊ ကျောင်းမပြီးသူ၊ အလုပ်မလုပ်နိုင်သူ၊ အလုပ်မရှိသူ၊ ကျန်းမာရေးထောက်ပံ့မှုမရှိသူတွေမှာ စိတ်ကျရောဂါဖြစ်ဖို့ ပိုများတယ်။
စိတ်ကျရောဂါ ဖြစ်စေနိုင်တဲ့ တခြားအကြောင်းရင်းတွေကတော့ -
● ဘဝမှာ စိတ်ဖိစီးမှုများတဲ့ အခြေအနေတွေဖြစ်တဲ့ အလုပ်ပြုတ်ခြင်း၊ အိမ်ထောင်ရေးအဆင်မပြေခြင်း၊ ကျန်းမာရေးပြဿနာ ကြီးကြီးမားမားရှိနေခြင်း၊ ငွေရေးကြေးရေး အခက်အခဲတွေရှိခြင်း
● ကလေးဘဝ အနှိပ်စက်ခံရတာ၊ မိဘတွေနဲ့ အဆင်မပြေတာ၊ မိဘနှစ်ပါး အိမ်ထောင်ရေး အဆင်မပြေတာ စသဖြင့် ကလေးဘဝ မကောင်းခြင်း
● စိတ်ဖိစီးမှုများလာရင် အလွန်အကျူး စိတ်ညစ်တတ်တာ စတဲ့ ကိုယ်ရည်ကိုယ်သွေးမျိုးရှိခြင်း
● မိသားစုထဲ စိတ်ကျရောဂါရာဇဝင်ရှိခြင်းကြောင့် ကိုယ်ကိုယ်တိုင်မှာ စိတ်ကျရောဂါဖြစ်နှုန်းကို ၃၊ ၄ ဆလောက် တိုးစေတယ်။
စိတ်ဓာတ်ကျတာဟာ ထင်တာထက်ကို ပိုအဖြစ်များတယ်နော်။ အရွယ်ရောက်ပြီးသူ ၁၀ ယောက်မှာ ၁ ယောက်နှုန်းလောက်ဟာ တစ်ချိန်ချိန်မှာ စိတ်ဓာတ်ကျတတ်ပြီး ဒီထဲက တစ်ဝက်လောက်ဟာ ကြီးကြီးမားမားကို စိတ်ဓာတ်ကျတတ်ကြပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)






























