မိုးတွင်းမှာ ဆံပင်လေးတွေ မပျက်စီးရလေအောင် ဂရုစိုက် ထိန်းသိမ်းကြမယ်
မိုးမိလာပြီးရင် ဆံပင်ကို ဒီအတိုင်းထားရင် ကောင်းလား၊ မိုးရေထိတာက ဆံပင်အတွက် ကောင်းလား? မကောင်းဘူးလား? ဆိုတာကို ငြင်းခုံနေကြတုန်းပါပဲ။ တော်တော်များများကတော့ မိုးမိပြီး ဆံပင်တွေ ရေစိုသွားရင် နောက်ပိုင်းမှာ ဆံပင်မှာပြဿနာဖြစ်တာတွေကို တွေ့ရပါတယ်။
>> ဒီတော့ မိုးမိခံရပြီးတဲ့အခါမှာ ဆံပင်တွေကို ဘယ်လိုထိန်းသိမ်းကြမလဲ?
● တတ်နိုင်ရင်တော့လည်း မိုးမိမခံပါနဲ့ - မိုးတွင်းမှာ အချိန်မရွေး မိုးရွာနိုင်တော့ အပြင်ထွက်ပြီဆိုရင် ထီး၊ မိုးကာ စတဲ့ လုံလောက်တဲ့အကာအကွယ် အမြဲယူသွားပါ။ မိုးရေထဲမှာ အညစ်အကြေးတွေ ပါနိုင်ပါတယ်။ ဒီတော့ မိုးမိခံရပြီး ဆံပင်တွေစိုလာပြီ ဆိုရင်တော့ အိမ်ရောက်တာနဲ့ ဆံပင်ကို ခြောက်အောင်သုတ်ပြီးတော့ serum လေး လိမ်းပေးမယ်ဆိုရင် ဆံပင်အစိုဓာတ်ကို ထိန်းပေးပါလိမ့်မယ်။
Serum ကို ဆံပင်တွေမှာ လိမ်းပြီးရင် ဆံပင်ကို အပေါ်ကို ဆွဲတင်ပြီးတော့ အခြေအထိရောက်အောင် လိမ်းပေးပါ။
● ဆံပင်တွေ သန့်ရှင်းအောင်လို့ - မိုးမိပြီး ဆံပင်မိုးစိုလာရင် ခေါင်းလျှော်ပေးမှ အဆိပ်အတောက်တွေ ကင်းစင်ပြီးတော့ အမှိုက်တွေလည်း ကင်းစင်စေပါလိမ့်မယ်။ ပိုပြီးကောင်းတဲ့ သဘာဝခေါင်းလျှော်ရည် ရဖို့အတွက် တမာရွက်ကို ရေကြက်သီးနွေးလေးထဲမှာ စိမ်ပြီးတော့ အဲဒီရေနဲ့ ခေါင်းလျှော်ပေးမယ်ဆိုရင် မှိုစွဲတာ၊ ဗောက်ထတာတွေကို သက်သာစေပါလိမ့်မယ်။ တမာရွက်မရှိရင် သဘာဝခေါင်းလျှော်ရည်တွေ သုံးလို့ရပါတယ်။
● ဆံပင်တွေ နူးညံ့ပျော့ပြောင်းစေဖို့ - မိုးမိခံရပြီးရင် ဆံသားတွေကို နူးညံ့ပျော့ပြောင်းအောင် လုပ်ပေးဖို့ လိုပါတယ်။ သဘာဝပျော့ဆေးအတွက် ကြက်ဥနဲ့ သဘာဝဒိန်ချဉ်ကိုရောပြီး ဆံပင်တွေမှာ လိမ်းပေးပါ။ ကြက်ဥနဲ့ သံလွင်ဆီကိုလည်း ရောပြီး သုံးလို့ရပါတယ်။
● ဆံပင်အတွက် အလှကုန်ပစ္စည်းတွေ - ဒီအချိန်မှာ ဂျယ်လ်၊ ကော်စတဲ့ ဆံပင်ပုံကျအောင်လုပ်တဲ့ အလှကုန်တွေမသုံးတာ အကောင်းဆုံးပါ။ ဆံသားပျက်စီးစေမယ့် အပူနဲ့ ဓာတုပစ္စည်းတွေလည်း မသုံးပါနဲ့။ ဆံပင်အတွက် လိမ်းဆေးတွေ အရမ်းသုံးရင်လည်း အညစ်အကြေးတွေ ပိုစုပြီးတော့ ပိုစိုထိုင်းစေပါတယ်။
● ဆံပင်ညှပ်ပါ - ဆံပင်ကို ပုံမှန်ညှပ်ပေးတာ (သို့) အဖျားလေးတွေ တိပေးတာက ဆံပင်အဖျားတွေကွဲပြီး နှစ်ခွဖြစ်တာကို သက်သာစေပါတယ်။ ဒါက ဆံပင်တွေကို ပိုကျန်းမာစေပြီးတော့ ကြည့်ကောင်းစေပါတယ်။
● ဆံပင်အခြောက်ခံခြင်း - မိုးတွင်းမှာ စိုထိုင်းစတွေကများတော့ ဆံပင်ထဲမှာ ဘက်တီးရီးယားပိုးတွေ ပေါက်တာများပြီးတော့ ဦးရေပြားကို ရောဂါပိုး ဝင်နိုင်ချေ ပိုများစေပါတယ်။ ဒါကြောင့် ဆံပင်ကို ခြောက်အောင်သုတ်ဖို့က အရေးကြီးပါတယ်။ ဆံပင်ကို တဘက်လေးနဲ့ ညင်သာစွာ ပွတ်တိုက်ပါ (သို့) အချိန်ရှိရင်လည်း သဘာဝအတိုင်းလေး အခြောက်ခံပါ။ အချိန်မရှိရင်တော့ ဆံပင်မပျက်အောင် spray လေး ဖျန်းပြီးတော့ hair dryer နဲ့ အခြောက်ခံလို့ ရပါတယ်။ အပူချိန်ကိုတော့ အနိမ့်ဆုံးထားပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























