မိုးအကုန်ဆောင်းအကူးမှာ ကျန်းကျန်းမာမာရှိစေဖို့ ဒီအချက်တွေကို လိုက်နာပါ
မကြာခင်မှာ နိုဝင်ဘာကုန်ပြီး ဒီဇင်ဘာလထဲ ရောက်တော့မှာမို့ ဆောင်းတွင်းသရုပ် ပီပြင်တော့မှာ ဖြစ်ပါတယ်။ မိုးအကုန်ဆောင်းအကူးကာလဟာ ပျော်ရွှင်ဖွယ်ကောင်းသလို တုပ်ကွေးနှင့် အခြားရောဂါတွေလည်း ဖြစ်လွယ်တဲ့အတွက် အခုဖော်ပြမယ့်အချက်လေးတွေကို လိုက်နာခြင်းဖြင့် သင့်ကျန်းမာရေးကို ဂရုစိုက်သင့်ပါတယ်။
(၁) အာဟာရပြည့်ဝအောင်စားခြင်း
အာဟာရပြည့်ဝစေဖို့ အသား၊ ငါး၊ ကြက်ဥနှင့် လတ်ဆတ်သော ဟင်းသီးဟင်းရွက်များနှင့် သစ်သီးတို့ကို နေ့စဉ်မျှတအောင် စားသုံးပေးပါ။
(၂) ရွှေဖရုံသီးစားပါ
ရွှေဖရုံသီးကို ဟင်းရည်အဖြစ်သောက်ခြင်း၊ ဟင်းချက်စားခြင်းတို့ ပြုလုပ်နိုင်ပါတယ်။ ဗီတာမင်အေ ကြွယ်ဝတဲ့အတွက် မျက်စိနှင့်အရေပြားကို ကျန်းမာစေပြီး ကိုယ်ခံအားကိုလည်း မြင့်တက်စေပါတယ်။
(၃) ဗီတာမင်ဒီဆေးပြားများ သောက်ပါ
ဆောင်းတွင်းမှာ နေရောင်ခြည်ရရှိမှု နည်းပါးနိုင်တဲ့အတွက် ဗီတာမင်ဒီကို အားဆေးပြားကနေတစ်ဆင့် သောက်သုံးပေးသင့်ပါတယ်။ ဗီတာမင်ဒီက အရိုးနှင့်သွားတွေကို သန်မာစေပြီး ကိုယ်ခံအားကိုလည်း ကောင်းမွန်စေမှာဖြစ်ပါတယ်။
(၄) စွပ်ပြုတ်ပူပူလေး
ချမ်းအေးတဲ့ဆောင်းညတွေမှာ စွပ်ပြုတ်ပူပူလေးသောက်ပေးခြင်းက သင့်ကိုနွေးထွေးစေမှာ အမှန်ပါပဲ။ ကြက်စွပ်ပြုတ်ကို အရွက်လေးတွေ၊ ဆေးဖက်ဝင်အပင်တွေနှင့် ပြုတ်ပြီး သောက်သုံးနိုင်ပါတယ်။
(၅) လေ့ကျင့်ခန်း ပြုလုပ်ပါ
ဆောင်းတွင်းမနက်ခင်းတွေဟာ အားကစားလိုက်စားသူတွေအတွက် လမ်းထလျှောက်ဖို့ အကောင်းဆုံးအချိန်တွေပါပဲ။ မနက်အစောကြီး မထချင်ဘူးဆိုရင်တောင် အိမ်မှာပဲ ကိုယ်လက်လေ့ကျင့်ခန်းတွေ ပြုလုပ်နိုင်ပါတယ်။
(၆) ရေများများသောက်ပါ
နွေရာသီလို ချွေးအများကြီးထွက်မှာ မဟုတ်ပေမယ့် ဆောင်းတွင်းဘက်မှာလည်း ရေဓာတ်ပြည့်ဝနေဖို့ လိုအပ်ပါတယ်။ ဒါကြောင့် တစ်နေ့ကို ရေ ၂ လီတာ အနည်းဆုံး သောက်ပေးသင့်တယ်နော်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)






























