မေတ္တာတရား - ၄
"ဆရာမ သားကူသယ်ပေးမယ်လေ"
"ရပါတယ် သားရယ် ဆရာမ ဘာသာ သယ်ပါ့မယ်"
" ပေးပါ ဆရာမရဲ့ ဒါ ဘီခန်းက ဖိုင်တွဲတွေ မဟုတ်လား သားအခန်းထဲမှာ သွားထားလိုက်မယ် " ပြောပြောဆိုဆို မောင်ဇော်က ဖိုင်တွဲတွေ ယူပြီး အပေါ်ထပ် ပြေးတက် သွားသည်။
Dr.K လည်း နားကျပ် pressure cuff တို့ယူပြီး နောက်က လိုက်လာခဲ့သည်။
မောင်ဇော်က အသက်၁၄နှစ်ခန့် ရှိသော သွေးကင်ဆာ ရောဂါသည်လေး ဖြစ်သည်။ အလွန်သွက်လက်ပြီး ကူညီတတ်သဖြင့် အားလုံးက ချစ်ကြသည်။ သူ့အသက် ၁၂ ခန့်ကစ၍ သွေးအားနည်း၍ စစ်ဆေးရာမှ သွေးကင်ဆာ ဖြစ်နေမှန်း သိရှိခဲ့သည်။
သွေးကင်ဆာကုသနည်းတွင် ဓာတုဆေးသွင်းကုသနည်းနှင့် ရိုးတွင်းခြင်ဆီ အစားထိုးကုသခြင်း နှစ်မျိုးရှိရာ မြန်မာနိုင်ငံတွင် ဆေးသွင်းကုသခြင်းသာ ပြုလုပ်နိုင်သေးသည်။ ဓာတုဆေးဝါးများ၏ အဓိက ပြဿနာမှာ ကိုယ်ခံအားကျဆင်းပြီး ရောဂါပိုးဝင်ခြင်းဖြစ်ရာ ဆေးသွင်းသော လူနာကို ဆေးရုံတွင်သာ ရက်ရှည်နေစေသည်။ မောင်ဇော်မှာ ၆လ ဆက်တိုက် ဆေးရုံတက်၍ ဆေးသွင်းခဲ့သူ ဖြစ်သဖြင့် အားလုံးနှင့် ရင်းနှီးခင်မင်နေပြီဖြစ်သည်။ လူနာအသစ်တွေကို လိုအပ်တာ ကူညီသလို ဆရာဝန် ဆရာမတွေကိုလဲ ကူညီသဖြင့် အားလုံးက လည်းချစ်ခင်ကြသည်။
အခု တစ်ခေါက် ပြင်ပလူနာ လာပြချိန်တွင် သွေးဖြူဥ ကျ၍ ဆေးရုံပြန်တင်ထားခြင်းဖြစ်သည်။
"ဆရာမ သားကို မုန့်ကျေွး "
" အေးပါ ရော့ရော့ မဟုတ်တာတွေ ဝယ်မစားနဲ့နော် "
"ဟေး "ခနဲ ပျော်ရွှင်စွာ ခုန်ပေါက်ထွက်သွားသော မောင်ဇော်ကို ကြည့်ရင်း သူမပြုံးလိုက်မိသည် ပျော်ပါစေကလေးရေ ...
ညဖက် night duty ဖြစ်၍ ညနေ၄ နာရီမှ Dr.K ဆေးရုံရောက်လာသည်။ အထုတ်တွေ အခန်းထဲမှာ သိမ်းပြီးသည် နှင့် နားကျပ်ယူကာ အပြင်ဘက် ထွက်လာခဲ့သည်။ ခွင့်ယူထားတာ ၃ ရက်ရှိပြီမို့ ဘာလူနာတွေရှိမှန်းပင် မသိတော့. လူနာတွေ လိုက်ကြည့်ရဦးမယ်လေ။
"အစ်မ ရောက်ပြီလား " Duty ခိျန်းမည့် ညီမလေးက ရုံးခန်းထဲမှာ report ရေးနေသည်။
"အေး ဘာထူးသေးလဲ ညီမလေး "
" အေးဆေးပါ... တစ်ခုပဲရှိတယ်... မောင်ဇော်လေ...အခြေအနေ မကောင်းဘူး" ဘုရားရေ သူမ ခွင့်ယူသည့် ၃ ရက်မှာ ဒီလောက်တောင် ဆိုးသွားသလား...
"သွေးအဖြေ လုံးဝမကောင်းဘူး. လူလဲ အခြေအနေ မကောင်းဘူး . ဆရာကတော့ ဒီညတောင် မကျော်နိုင်ဘူးနဲ့ တူတယ်တဲ့. ပေးစရာ ဆေးတွေ အကုန်ပေးပြီးသား ဆရာလဲရှင်းပြပြီးသား သွေးပေါင်ချိန်လဲ ကျနေတယ် နာရီဝက်တစ်ခါ ပြန်တိုင်းခိုင်းထားတယ် ဆရာက လိုရင်သူ့ကို ဖုန်းဆက်တဲ့ "
သူမခြေလှမ်းတွေ လူနာဆောင်ဘက်ကို လှည့်လာခဲ့သည်။ ဆေးပုလင်းတွေ တန်းလန်းနှင့် လဲလျောင်းနေသည့် မောင်ဇော်က သူမကို မျက်လုံးလှန်ကြည့်သည်။ ရုတ်တရက် သူမ လက်ကို လှမ်းကိုင်လိုက်ပြီး "ဆရာမ သား မသေနိုင်ပါဘူးနော် သား မသေချင်သေးဘူး ကျောင်းတက်ချင်သေးတယ်" တိုးလျော့စွာ ပြောသော သူ့အသံက သူမရင်ထဲကို နာကျင်သွားစေသည်။ ကလေးရယ် ...
"အေးပါ သားရယ် သက်သာသွားမှာပါ " ဒီတခါပြောရသည့် မုသားအတွက်တော့ သူမ နောင်တ မရချင်တော့ပေ ...
နာရီဝက် တစ်ခါ ကြည့်နေရင်း သူ့အနေအထားက ပိုဆိုးလာသည်။ အသက်ကို ခက်ခဲစွာရှူ နေသော သူ့ပုံစံက မမြင်ရက်စရာ ...
သွေးပေါင်ချိန်တိုင်း ကိရိယာကို ဖြုတ်ရင်း သူမ သက်ပြင်းချလိုက်သည်။ ဆေးတွေ တောက်လျောက်သွင်းနေသော်လည်း သွေးပေါင်ချိန်က ပိုကျလာပြီ။
သူမ အကြောက်ဆုံး အချိန် ရောက်လာပြီနဲ့ တူတယ် ...
"ဆရာမ ... " သူမ လက်ကို လှမ်းဆွဲလိုက်သည့် လက်လေးတွေက အေးအေးစက်စက်... "စိတ်အေးအေးထားနော်သား သက်သာသွားမှာပါ" ကိုယ်ကိုယ်တိုင် မယုံသော မုသားကို သူမ ထပ်ပြော လိုက်သည်...
"သားမသေချင်သေးဘူး " ဒီစကားကိုပင် သူ မနည်း ကြိုးစားပြောလိုက်သည် ဝေါ့ကနဲ အန်ချလိုက်သော သွေးရဲရဲ များကို ကြည့်ရင်း သူမ မျက်နှာ ဘယ်လိုမှ ဟန်မဆောင်နိုင်တော့ သူမ ငိုချမိတော့ မလား
"သား ဆရာမ လက်ကို လွှတ်လိုက်နော်" သွေးတွေပေကုန်တာကြောင့် အားနာစွာ သူ့ဖခင်က ဝင်ပြောသည်... မရ ...သူမလက်ကို တင်းကျပ်စွာ ဆုတ်ကိုင်လိုက်ကာ "ဆရာမ သားကို အသက်ရှင်အောင် ကုပေးပါ" တဲ့
ဘေးနားမှာ လိုအပ်သော ဆေးတွေ သွင်းပေးနေသော ဆရာမလေးက အင့်ခနဲ တစ်ချက်ရှိုက်လိုက်သည်။ သူမကတော့ ငိုလို့မဖြစ်ဘူးလေ။
"အေးပါ သားရယ် ဘုရားစာလေး ရွတ်နေနော် ဆရာမ သက်သာအောင် ဆေးထိုးပေးမယ် ..."
လက်တွေ့မှာတော့ တင်းတင်းဆုတ်ကိုင်ထားသော လက်များကြောင့် သူမ ဘာမှ လုပ်မရ... လိုအပ်သော ဆေးများကို ဆရာမလေးကိုသာ ညွှန်ကြားနေရသည် ...
ခဏတာ ငြိမ်သက်သွားပြီး နှာခေါင်းက သွေးများကျလာပြန်သည်... အသက်ရှူသံ ပိုပြင်းထန်လာသလို သွေးပေါင်ချိန်က တိုင်းမရတော့ ...
တချပ်ချပ်မည်နေသော နာရီသံ မှတပါး အခန်းထဲတွင် တိတ်ဆိတ်လျှက် ...
ည သန်းခေါင်ကျော်ချိန်မှာတော့ သူမလက်ကို တင်းတင်းဆုတ်ထားသော လက်လေးများ အားလျော့ပြီး ငြိမ်သက်သွားတော့သည် ...
အခုမှ ငိုသံတွေ ဆူညံသွားသော အခန်းထဲကနေ Dr.K အသိမဲ့စွာ ထွက်လာခဲ့ပြီး ကိုယ့်အခန်းထဲ ဘယ်လိုပြန်ရောက်လာသည်ပင်မသိ .
အခန်းတံခါးပိတ်အပြီးမှာတော့ တင်းထားသည့် မျက်ရည်တွေက သွန်ကျလာသည်။ မောင်ဇော် တင်းတင်း ဆုတ်ကိုင်ခဲ့သည့် သူမ လက်ကလေးကို ငုံ့ကြည့်ရင်း
"ဆရာမကို ခွင့်လွှတ်ပါ ကလေးရယ် ... "
Khin Cho






























