မျက်နှာက အဆီပိုတွေ လျှော့ချဖို့ လိုက်နာသင့်တဲ့ခုနှစ်ချက်
မျက်နှာလေး ဖောင်းကားပြီး အစ်အစ်လေး မဖြစ်နေအောင် ဒီလိုလေးတွေ လုပ်ကြည့်ပါလား။ သွယ်လျလှပတဲ့မျက်နှာလေးဖြစ်ဖို့ နည်းနည်းလေး ကြိုးစားကြည့်ရအောင်။
♦ မျက်နှာလေ့ကျင့်ခန်းလုပ်မယ်။ ပါးဖောင်းလိုက် လေထုတ်လိုက်လုပ်ကြည့်တာက ပေါ်ပြူလာလေ့ကျင့်ခန်းပါ။ ပြုံးနေရင်း အံကျိတ်ကြည့်ပါ။ မျက်နှာကို တွန့်ကြည့်၊ မဲ့ကြည့်ပါ။ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ကြွက်သားတွေ တင်းမာလာပြီး အဆီစုတာကို ကာကွယ်ပါတယ်။
♦ စက်ဘီးစီးတာ၊ တောင်တက်တာ၊ ပြေးတာ၊ ရေကူးတာတွေက မျက်နှာတင်မက တစ်ကိုယ်လုံးကိုပါ အဆီကျစေပါတယ်။ တစ်ကိုယ်လုံး ပိန်သွယ်သွားခြင်းဖြင့် မျက်နှာအတွက် အထွေအထူး အာရုံစိုက်စရာ မလိုတော့ပါဘူး။
♦ ရေများများ သောက်တာလည်း အရေးပါတဲ့လုပ်ငန်းပါ။ မနက်စာစားပြီး ရေသောက်မယ် ဇီဝရုပ်ဖြစ်ပျက်မှုကို ၂၄ ရာခိုင်နှုန်း တိုးစေမယ်။ ရေဓာတ် လုံလောက်ပြီး ဆီးသွားလိုက်တော့ မျက်နှာတွေ ရောင်တာ၊ ဖောင်းအစ်တာ မဖြစ်တော့ဘူးပေါ့။
♦ အရက်သောက်ခြင်းကြောင့် မျက်နှာတွေ၊ ပါးစို့တွေ ဖောင်းရောင်နေတာ မြင်ဖူးကြမှာပါ။ မျက်နှာသွယ်လျလှပချင်သူများအတွက် အဆင်မပြေပါဘူး။
♦ သကြားစားလေ အချိုကြိုက်လေ အဆီတွေစုလာပြီး မျက်နှာတွေ ဖောင်းတက်လာပါတယ်။ ဆန်လုံးညိုနဲ့ သဘာဝကျကျ အစေ့အဆန်တွေကို ကိတ်မုန့်၊ ပေါင်မုန်ချိုတွေနေရာမှာ အစားထိုးလိုက်ရင် ဆိုသလောက် မပူရတော့ဘူးပေါ့။
♦ အိပ်ရေးပျက်တာကြောင့် ကော်တီဆောဟော်မုန်း ပမာဏတက်လာပြီး ကိုယ်အလေးချိန် တက်စေပါတယ်။ ကော်တီဆောများလေ အဆီစုလေ ပွယောင်းယောင်းမျက်နှာ ရလေပါပဲ။ အိပ်ရေးဝဝ အိပ်စက်ခြင်းကြောင့် မျက်နှာလေး သွယ်လျနေမှာပေါ့။
♦ ဆားအစားများလေ အငန်ကြိုက်လေ မျက်နှာ မို့အစ် ရောင်ကိုင်းလေပါပဲ။ ကိုယ်တွင်းမှာ ဆားဓာတ်များရင် ရေဓာတ်ကို ဆွဲထားတာကြောင့် မျက်နှာတွေ ဖောင်းလာတတ်ပါတယ်။
>> အဓိကအကျဆုံး အချက်တွေကတော့ ...
● အိပ်ရေးဝဝ အိပ်ပါ။
● အချို လျှော့ပါ။
● အငန် မစားပါနဲ့။
● ရေ တစ်ရက်ကို ရှစ်ဖန်ခွက် သောက်သုံးပါ။
● ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပါ။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)




























