/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/မျက်လုံးတွေ-မို့နေ-ရောင်နေရင်-သတိထား

မျက်လုံးတွေ မို့နေ ရောင်နေရင် သတိထား

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

မျက်လုံးမို့တာက အိပ်ရေးပျက်တာကြောင့် ဖြစ်နိုင်သလို အဆိုးဆုံးအနေနဲ့ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါတွေကြောင့်လည်း အလွန်အကျွံ မို့ဖောင်းနေတတ်ပါတယ်။ မျက်လုံးရောင်တာ၊ နာတာတွေက တစ်ခုခုနဲ့ ဓာတ်မတည့်တာတွေ ထိခိုက်ဒဏ်ရာ ရတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ မျက်လုံးမို့တဲ့အခါ၊ မျက်လုံးရောင်တဲ့အခါ ဒီလိုလက္ခဏာတွေ ဖြစ်ပေါ်ခံစားနေရသလား သတိထားပြီးကြည့်ပါ။
●  မျက်လုံးယားယံကာ အထဲမှာ တစ်ခုခု ဝင်နေသလို ဖြစ်သလား
●  အလင်း မကြည့်နိုင်ဘူး
●  မျက်ရည်ပူတွေ ထွက်မယ်
●  အမြင်အာရုံ ထိခိုက်မယ်
●  မျက်လုံးနီမယ်၊ မျက်သားတွေ ရဲတက်နေမယ်
●  မျက်ဝတ်တွေ အများကြီး ထွက်မယ်
●  မျက်သားခြောက်သလို ခံစားရမယ်
●  မျက်လုံးတွေ နာမယ်

ဓာတ်မတည့်တာကြောင့်ဆိုရင် တစ်ကိုယ်လုံး အကွက်တွေထပြီး ယားသလို မျက်လုံးအိမ်ပါ မို့ပြီး ရဲတက်လာကာ မျက်ရည်ပူတွေပါ တရစပ်ကျပါတယ်။
မျက်လုံးထောင့်စွန်း မျက်ခွံတွေမှာဖြစ်တတ်တဲ့ ထိရင် အရမ်းနာတဲ့ အဖုသေးသေးလေးတွေက မျက်ရည်အိတ်ဂလင်းလေးတွေ ဘက်တီးရီးယားပိုးဝင်ပြီး ရောင်လို့ဖြစ်တာပါ။ မျက်စဉ်းကောင်းကောင်းနဲ့ ပျောက်တတ်ပါတယ်။
မျက်ရည်အိတ်ဂလင်းလေးတွေ အဆီတွေပိတ်ဆို့လို့ဖြစ်တဲ့ မျက်ခွံက မာမာခဲခဲဘုလေးကတော့ အရွယ်အစားပေါ် မူတည်ပြီး တစ်ခါတလေ ခွဲထုတ်ဖို့ လိုတတ်သလို ရေနွေးဝတ်လေး အုပ်ပေးရုံနဲ့ သူ့အလိုလို ပျောက်ကင်းသက်သာသွားတတ်တာလည်း ရှိပါတယ်။
မျက်ကပ်မှန်တွေကလည်း မျက်လုံး ရောင်တာ၊ နာတာတွေ ဖြစ်တတ်ပါသေးတယ်။
မျက်တောင်လေးတွေရဲ့အခြေက အဆီဂလင်းလေးတွေ ပိတ်ရင်လည်း မျက်လုံး ရောင်တတ်၊ နာတတ်ပါတယ်။
မျက်လုံးမှာ ရေယုန်ဖြစ်နိုင်လားဆို ဖြစ်နိုင်ပါတယ်။ မျက်လုံးထဲမှာ အနာဖြစ်ပြီး အမာရွတ်မာမာအနေနဲ့ ကျက်သွားပါတယ်။ အမြင်အာရုံကို ထိန်းသိမ်းဖို့ မျက်ကြည်လွှာအစားထိုး ကုသရတဲ့အထိ ဖြစ်တတ်ပါတယ်။
မျက်လုံးအခြေအနေတွေထဲမှာ ကြောက်စရာ အကောင်းဆုံးကတော့ ဘက်တီးရီးယားပိုးဝင်လို့ဖြစ်တဲ့ မျက်လုံးရောင်ကိုင်း အဆိပ်တက်ရောဂါ ဖြစ်ပါတယ်။ မျက်လုံးက အလွန်အကျွံ ရောင်ကိုင်းလာပြီး မျက်ရည်ပူတွေကျ နာကျင်တဲ့အပြင် မျက်စိ လုံးဝမမြင်ရတော့တဲ့အထိ ဖြစ်နိုင်ပါတယ်။ အင်းဆက်ကိုက်တာ၊ မျက်လုံးတွင်းဖုလေးတွေကနေ ထပ်ဆင့်ပိုးဝင်တာ မျက်သားရောင်တာတွေကနေ ဆိုးသွားတဲ့အဆင့်လိုဆိုနိင်ပါတယ်။
ဘာအကြောင်းကြောင့်ပဲ မျက်လုံးရောင်ရောင် မပေါ့သင့်ဘူးလို့ သတိပေးနေ၇တာ မျက်လုံး လုံးဝကွယ်နိုင်တဲ့ ဒီနောက်ဆက်တွဲရောဂါကြောင့် ဖြစ်ပါတယ်။ ပဋိဇိဝဆေးသွင်း ကုသရနိုင်တဲ့အတွက် သက်ဆိုင်ရာဆရာဝန်နဲ့ အမြန်ဆုံးပြသဖို့ လိုအပ်ပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)