မျက်လုံးထဲ ဝင်သွားတဲ့ ပျားပေါက်စလေးကောင်
ဘိုးဘွားတွေရဲ့အုတ်ဂူကို သွားရောက်ရှင်းလင်း လှည်းကျင်းနေတဲ့ ထိုင်၀မ်မိန်းမပျိုလေးရဲ့ မျက်စိထဲ ဝင်သွားတဲ့ ပျားကောင်လေးကောင်ရဲ့အဖြစ်လေးကို တင်ပြပေးလိုက်ပါတယ်။
အစကတော့ ခိုးလိုးခုလုနဲ့ အမှိုက်စလေးလို့ ထင်မိတာပေါ့။ နောက်ကျမှ တဖြည်းဖြည်း နာလာပါတယ်။ မျက်လုံးတွေ မခံမရပ်နိုင်အောင်နာ၊ မျက်ရည်ပူတွေလည်း ကျပေါ့။ မျက်လုံးထဲကြည့်တော့လည်း ထွေထွေထူးထူး မတွေ့။
မျက်ရည်ပူတွေကတော့ အဆက်မပြတ်ကျနေဆဲ။ သူမဟာ နောက်ဆုံး မခံမရပ်နိုင်တဲ့အဆုံးမှာ မျက်စိအထူးကုဆရာဝန်ဆီ ပြေးပါတော့တယ်။
မျက်လုံးထဲကို ကိရိယာနဲ့ သေချာစမ်းသပ် စစ်ဆေးလိုက်တဲ့အခါ ... အမယ်မင်း ... ပျားကောင်ပေါက်စလေးတွေ လေးကောင်တိတိပါတဲ့။ တကယ့်သေးသေးလေးတွေ။ အသက်ရှင်နေဆဲတဲ့။ ကဲ ...။
နေရာမပာုတ်ဘဲ ကျူးကျော်လာတဲ့ ရန်သူတွေကို တစ်ကောင်ပြီးတစ်ကောင် ဆေးအကူအညီနဲ့ ဖယ်ထုတ်ပစ်ခဲ့ရတာပေါ့။
ကံကောင်းထောက်မစွာနဲ့ သူမ အမြင်အာရုံ မဆုံးရှုံးခဲ့ပါဘူး။ ဘာကြောင့်များပါလိမ့်။ သူမဟာ မျက်ကပ်မှန် တပ်ထားတာကြောင့် ဖြစ်နေတုန်းက မျက်လုံးကို မပွတ်ခဲ့ဘူးလို့ ဆိုပါတယ်။ တကယ်လို့ မျက်လုံးကို လက်နဲ့သာ ပွတ်ခဲ့ရင် အထဲက အကောင်လေးတွေက ဒေါသတကြီးနဲ့ အဆိပ်ထုတ်လိုက်တာနဲ့ တစ်သက်လုံး မျက်မမြင်ဘဝ ရောက်သွားရမှာ ဖြစ်ပါတယ်။
မျက်လုံးဟာ အလွန်အရေးပါတဲ့ ကိုယ်ခန္ဓာ အစိတ်အပိုင်း ဖြစ်တာကြောင့် မျက်လုံးထဲ တစ်ခုခု ၀င်တဲ့အခါ မပေါ့ဆကြဖို့ တင်ပြလိုက်ပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























