ယားလေ ကုတ်လေ၊ ကုတ်လေ ယားလေ ဖြစ်နေပါသလား? ဝဲပေါက်နေတာလား?
ကမျဉ်းနီကောင်လို့ခေါ်တဲ့ သေးငယ်လှတဲ့ အင်းဆက်လေးဟာ အရေပြားအောက်ကို တိုးဝင်တဲ့အခါ အလွန်ယားတဲ့ ဝဲဆိုတဲ့ အရေပြားရောဂါ ဖြစ်လာပါတယ်။
လူလူချင်း ထိတွေ့ရာကနေ ကူးစက်လွယ်ပြီး သူ့အလိုလို မပျောက်တတ်တဲ့အတွက် ကုသဖို့ အထူးလိုအပ်ပါတယ်။
>> အဓိကအချက်များ
1. ဝဲပေါက်နေသူနဲ့ ထိတွေ့ရာမှသော် လည်းကောင်း၊ အဝတ်အစား၊ အိပ်ရာများ အတူသုံးစွဲရာမှသော် လည်းကောင်း ကူးစက်တတ်ပါတယ်။
2. ဝဲပျောက်စေတဲ့ လိမ်းဆေးများနဲ့ ကုသပေးဖို့ လိုအပ်ပါတယ်။
3. ဝဲပေါက်နေသူရဲ့ အိမ်သူအိမ်သားများကိုလည်း ကုသဖို့ လိုပါတယ်။
4. အကောင်မရှိတော့တဲ့ အချိန်မှာတောင် ရက်သတ္တပတ် အတန်ကြာ ယားနေတတ်ပါတယ်။
5. ဒါပေမဲ့ 6 ပတ်ထက်ကြာအောင် ယားနေရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
>> ဖြစ်တတ်တဲ့ အကြောင်းရင်းများ
ဗိုက်ကြီးနေတဲ့ ကမျဉ်းနီကောင် အသားပေါ်ကို ရောက်လာပြီး အရေပြား အပေါ်ယံလွှာထဲ တိုးဝင်လာတဲ့အခါ ဝဲဆိုတာ ဖြစ်လာပါတယ်။ ဒီအကောင်ဟာ အရေပြားအောက်မှာ သူ့ရဲ့သက်တမ်း 1 လမှ 2 လအတွင်း တောက်လျှောက် တစ်နေ့ကို ဥ 3 ဥ ဥချပါတယ်။ ဒီဥတွေ အကောင်ပေါက်ဖို့ 10 ရက်မှ 14 ရက်ခန့် ကြာတတ်ပါတယ်။ ဝဲပေါက်တဲ့အခါ အကောင်ကို ဓာတ်မတည့်တဲ့ ဆန့်ကျင်မှုဖြစ်တာကြောင့် ယားယံတတ်တာပါ။
>> ဘာကြောင့် ဝဲပေါက်ရသလဲ?
ဝဲဟာ ညစ်ပတ်လို့ပေါက်တာ မဟုတ်ပါဘူး။ အသန့်ရှင်းဆုံးဆိုသူတွေ၊ အမြဲ ဆပ်ပြာနဲ့ လက်ဆေးနေသူတွေမှာလည်း ဝဲပေါက်နိုင်ပါတယ်။ ဝဲပေါက်ရတဲ့ အကြောင်းရင်းတွေကတော့ -
● ဝဲပေါက်သူတွေနဲ့ လက်ဆွဲနှုတ်ဆက်တာ၊ ပွေ့ဖက်တာ စသည်ဖြင့် ထိတွေ့မိတာ
● အဝတ်အစား၊ အိပ်ရာတွေ အတူသုံးစွဲတာ စတာတွေကြောင့်ပဲ ဖြစ်ပါတယ်။
ဝဲဟာ တိရစာၦန် ကမျဉ်းနီကောင်တွေကြောင့် ဖြစ်တာမဟုတ်ပါဘူး။ ဒါပေမဲ့ ဒီတိရစာၦန်တွေမှာနေတဲ့ ကမျဉ်းနီကောင်တွေကြောင့် လက်ဖျံတွေမှာ အနီကွက်ကိုက်ရာတွေ ဖြစ်တတ်ပါတယ်။
>> ရောဂါလက္ခဏာများ
အဓိကလက္ခဏာကတော့ ယားယံတာပါပဲ။ အထူးသဖြင့် ညဘက်တွေနဲ့ ပူပြင်းတဲ့အခါ ပိုယားတတ်ပါတယ်။ ကူးပြီး ရက်အနည်းငယ်အကြာမှာ ယားတတ်ပြီး ဖြစ်ဖူးသူတွေမှာတော့ နာရီပိုင်းလောက် အတွင်းမှာတင် စ ယားလာတတ်ပါတယ်။ ဝဲကွက်တွေဟာ ခန္ဓာကိုယ်နဲ့ ခြေတွေလက်တွေမှာ နီနီရဲရဲ အဖုလေးတွေအနေနဲ့ ပေါ်လာတတ်ပြီး အင်ပြင်တွေ၊ အရေပြားရောဂါတွေနဲ့ မှားတတ်ပါတယ်။
အကောင်ဝင်တဲ့နေရာကို ခြေချောင်း၊ လက်ချောင်းကြားနဲ့ လက်ကောက်ဝတ်တွေမှာ ခဲရောင် လမ်းကြောင်း သေးသေးလေးအနေနဲ့ တွေ့ရတတ်ပါတယ်။ ချိုင်းကြား၊ တင်ပါးကြား၊ လိင်အင်္ဂါတွေနဲ့ ခြေဖနောင့်တွေမှာလည်း တွေ့ရတတ်ပါသေးတယ်။
ဒါ့အပြင် ချိုင်းကြား၊ ပေါင်ကြားနဲ့ လိင်အင်္ဂါတွေမှာ ယားယံတဲ့ အဖုအလုံးလေးတွေ ပေါက်တတ်ပါတယ်။ ဒီအဖုလေးတွေဟာ အကောင်တွေ သေကြေပြီး ရက်သတ္တပတ် အတန်ကြာအောင် ရှိနေတတ်ပါတယ်။
မွေးခါစကလေးတွေမှာ အရည်ကြည်ဖုလေးတွေ၊ ပြည်ဖုလေးတွေအနေနဲ့ တွေ့ရတတ်ပါတယ်။
ဝဲမှာ ဘတ်တီးရီးယားပိုး ဝင်လေ့ရှိပြီး အသား အဖတ်ဖတ်တွေ ကွာတာ၊ ကုတ်ရာနေရာမှာ ပြည်ဖုတွေ ဖြစ်လာတာမျိုးတွေ မြင်ရပါတယ်။
Cellulitis လို့ခေါ်တဲ့ အရေပြားအောက် အဆီပြင်လွှာ ပိုးဝင် ရောင်ရမ်းတဲ့အခါ နီရဲနာကျင်လာတတ်ပြီး အဖျား ပါဝင်လာတတ်ပါတယ်။
>> ဝဲပေါက်ကြောင်း ဘယ်လိုသိနိုင်မလဲ?
● အလွန်ယားယံပြီး ညဘက်တွေမှာ ပိုဆိုးရင်
● ကွေးကွေးကောက်ကောက် လမ်းကြောင်းနီနီရဲရဲနဲ့ အရည်ကြည်ဖုလေးတစ်ခု တွေ့ခဲ့ရင်
● ယားနေသူ တစ်ဦးဦးနဲ့ ထိတွေ့ခဲ့မိရင် ဝဲပေါက်နေနိုင်ပါတယ်။
ဝဲပေါက်နေတာကို သိနိုင်ဖို့ ဆရာဝန်က လက်ကောက်ဝတ်၊ ခြေချောင်း လက်ချောင်းကြား၊ ခြေဖဝါး တစ်ဖက်တစ်ချက်တွေမှာ နီရဲနေတာ၊ အရည်ကြည်ဖုနဲ့ ကုတ်ရာတွေ၊ အနာဖေးတွေ ရှိ/မရှိကို စမ်းသပ်ကြည့်ပြီး သိရှိနိုင်ပါတယ်။
အခြားစမ်းသပ်နည်းတွေကတော့ -
● Ink Burrow Test
ဒီစမ်းသပ်နည်းမှာ ယားနေတဲ့နေရာကို ဖျက်လွယ်နဲ့ မင်အမည်း တို့ကြည့်တဲ့အခါ အချိန်အတန်ကြာမှာ အရေပြားပေါ်က မင်ပျောက်သွားပြီး လမ်းကြောင်းတစ်လျှောက်မှာ မည်းမည်းကွေ့ကောက်လမ်းကြောင်းလေး ပေါ်လာပါလိမ့်မယ်။
● အရေပြားခြစ် စစ်ဆေးခြင်း
ယားနေတဲ့နေရာက ခြောက်သွေ့သွေ့ အရေပြားလေးကို ခြစ်ယူပြီး အဏုမြူမှန်ပြောင်းအောက်မှာ အကောင်ကို ရှာနိုင်ပါတယ်။
>> ကုသနည်း
ဝဲဟာ သူ့အလိုလို ပျောက်မသွားတတ်ပါဘူး။ အကောင်သေစေတဲ့ လိမ်းဆေးလိမ်းပေးဖို့ လိုအပ်ပါတယ်။ ဆေးဆိုင်မှာ ဒီအတိုင်း ဝယ်နိုင်သလို ဆရာဝန်အညွှန်းနဲ့လည်း ဝယ်နိုင်ပါတယ်။ ဒါပေမဲ့ အသက် 2 နှစ်အောက် ကလေးငယ်များနဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေကတေ့ာ ဆရာဝန်နဲ့ ပြသပြီးမှ လိမ်းရပါမယ်။
>> ဘယ်လိုလိမ်းမလဲ?
ဝဲပေါက်နေသူရဲ့ အိမ်သူအိမ်သားတွေဟာ မယားရင်တောင်မှ ဆေးလိမ်းရပါမယ်။ ညဘက် မအိပ်ခင်မှာ လိမ်းတာ အကောင်းဆုံး ဖြစ်ပါတယ်။ ရေနွေးနွေးလေးနဲ့ ချိုးပါ။ မေးစေ့ကနေ ခြေဖဝါးအထိ၊ ခြေချောင်း လက်ချောင်းကြား၊ လက်သည်းအောက်နဲ့ လိင်အင်္ဂါပါမကျန် တစ်ကိုယ်လုံးကို လိမ်းပေးပြီး တစ်ညလုံး ထားလိုက်ပါ။ ညဘက်မှာ လက်ဆေးခဲ့ရင် ပြန်လိမ်းရပါမယ်။ မနက်နိုးတဲ့အခါ ရေချိုးပြီး အကျႌအသစ် လဲပါ။
>> အဝတ်အစားနဲ့ အိပ်ရာ
ဆေးလိမ်းပြီး မနက်မှာ လွန်ခဲ့တဲ့အပတ်က ဝတ်ခဲ့တဲ့ အဝတ်အစားအားလုံးနဲ့ အိပ်ရာခင်း၊ စောင်၊ ခြင်ထောင်၊ ခေါင်းအုံးစွပ်၊ မျက်နှာသုတ်ပုဝါ၊ စတာတွေကို ရေနွေးနဲ့ လျှော်ပစ်ပါ။
>> ဆေး ထပ်မလိမ်းခင် ဆရာဝန်နဲ့ ပြသပါ။
တစ်ခါတစ်ရံ ဆေးထပ်လိမ်းဖို့ လိုအပ်လာတဲ့အခါ ဆေးဝါးကျွမ်းကျင် သို့မဟုတ် ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဆရာဝန်ညွှန်ကြားချက်မပါပဲ ၂ကြမ်ထပ်ပိုပြီး ကိုယ့်သဘောနဲ့ကိုယ်ဆေးမလိမ်းသင့်ပါဘူး။ ပိုးမွားသေဆေးအလွန်အကျွံသုံးစွဲခြင်းဟာလည်း အရေပြားကို ယားယံစေတတ်ပါတယ်။
>> ယားယံခြင်းနဲ့ နီရဲနေခြင်း
အများစုမှာတော့ ဆေးလိမ်းပြီး ရက်အနည်းငယ်အတွင်း အယား သက်သာသွားတတ်ပေမယ့် အချို့လူတွေမှာ အကောင် သေသွားတာတောင် အတန်ကြာ ယားယံပြီး နီရဲနေတတ်ပါတယ်။
ဖြစ်ရတဲ့ အကြောင်းရင်းကတော့ -
● ဝဲဖုတွေဟာ ပျောက်ကင်းဖို့ လနဲ့ချီပြီး ကြာတတ်ပါတယ်။ စတီးရွိုက်လိမ်းဆေးက သက်သာစေနိုင်ပါလိမ့်မယ်။
● အကောင်ကြောင့်၊ ကုတ်တာတွေကြောင့်၊ ဆေးကြောင့်နဲ့ အခြားအကြောင်းရင်း အမျိုးမျိုးကြောင့် နှင်းခူ ဖြစ်လာတတ်ပါတယ်။ အယားပျောက်ဆေးတွေ၊ စတီးရွိုက်လိမ်းဆေးတွေ လိမ်းပေးနိုင်ပါတယ်။
● ဝဲ မဟုတ်တာမျိုး ဖြစ်နေတတ်ပါတယ်။ ဝဲဟာ အခြားအရေပြားရောဂါတွေဖြစ်တဲ့ နှင်းခူ၊ အင်ပြင် စတာတွေနဲ့ မှားတတ်ပါတယ်။
● ပိုးပြန်ဝင်ခြင်း၊ အကောင် ဆေးပြီးနေခြင်းတွေလည်း ဖြစ်နိုင်ပါတယ်။ ဝဲဟာ တစ်ခါတလေ ဝဲဆေးတွေကို ဆေးပြီးနေတတ်တာမျိုး ဖြစ်တတ်ပါတယ်။ ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆေးတစ်မျိုးမျိုး ပြောင်းပေးရပါမယ်။
>> ကုသဖို့ ဘာကြောင့် လိုအပ်တာလဲ?
မကုသဘဲ ထားပါက -
● ကုတ်ဖဲ့ရမှ ပိုးဝင်ပြီး အမာရွတ်တွေ ဖြစ်တတ်ပါတယ်။
● ကုတ်ဖဲ့ရာမှာ ဘတ်တီးရီးယားပိုး ဝင်တာကို သေချာမကုသပါက ကျောက်ကပ်နဲ့ သွေးရောဂါတွေ ဖြစ်လာနိုင်ပါတယ်။
● ကုတ်ဖဲ့နေရတဲ့ ကလေးဟာ ကျောင်းမှာ စာမှာ အာရုံစူးစိုက်မှု နည်းလာနိုင်ပါတယ်။
● မူကြိုနဲ့ ကျောင်းဆရာမတွေဟာ ဝဲပေါက်နေတဲ့ကလေးတွေကို ကုသပြီးသည်အထိ အိမ်မှာပဲ နေစေသင့်ပါတယ်။
Dr. Emerald (www.drmyanmar.com)






























