ရေခဲသေတ္တာထဲ ထည့်မထားသင့်တဲ့ အစားအစာများ
အခုခေတ်မှာ အစားအသောက်တွေကို ပိုခံအောင်၊ လတ်ဆတ်အောင် ရေခဲသေတ္တာထဲ ထည့်ပြီး စားလေ့ရှိပါတယ်။ ဒါပေမဲ့ ဒီလိုရေခဲသေတ္တာထဲ ထည့်ပြီး မစားသင့်တဲ့ အစားအသောက်တွေလည်း ရှိပါတယ်။
• ငှက်ပျောသီး
ငှက်ပျောသီးကို အပြင်မှာ ထုတ်ထားခြင်းက အာဟာရဓာတ်တွေ ပိုမိုရရှိစေနိုင်တာကြောင့် ရင့်မှည့်တဲ့ချိန်အထိ စားပွဲပေါ်မှာ ထားပါလို့ အကြံပေးချင်ပါတယ်။ ရေခဲသေတ္တာရဲ့ အအေးဓာတ်က ငှက်ပျောသီး မမှည့်အောင် တားဆီးတဲ့အပြင် ရေခဲသေတ္တာအတွင်း အစိုဓာတ်နဲ့ အမှောင်က ပုပ်တောင် ပုပ်သွားစေနိုင်ပါသေးတယ်။
• အာလူး
အာလူးကို သိမ်းဖို့ အကောင်းဆုံးနေရာက ခြောက်သွေ့အေးမြပြီး မှောင်နေတဲ့နေရာမျိုး ဖြစ်ပါတယ်။ ရေခဲသေတ္တာထဲက အအေးဓာတ်ဟာ အာလူးထဲက ကစီဓာတ်တွေကို သကြားဓာတ်အဖြစ် အလျင်အမြန် ပြောင်းလဲပစ်နိုင်စွမ်း ရှိပါတယ်။ ဒါကြောင့် ရေခဲသေတ္တာထဲ လုံးဝထည့်မထားသင့်ပါဘူး။ အိတ်တွေနဲ့ ထုတ်ထားတာမျိုးလည်း မလုပ်သင့်ပါဘူး။ အကောင်းဆုံးက မဆေးမကြောဘဲ အလုံးလိုက် ကတ်ထူသေတ္တာထဲ ထည့်ထားတာပဲ ဖြစ်ပါတယ်။
• ကြက်သွန်နီ
ကြက်သွန်နီကို ရေခဲသေတ္တာထဲ ထည့်သိမ်းထားခြင်းက ပျော့ပြဲသွားပြီး မှိုတက်တတ်ပါတယ်။ ဒါကြောင့် အခွံမနွှာ မသင်ရသေးတဲ့ ကြက်သွန်နီတွေကို ပလတ်စတစ်အိတ်တွေ၊ ရေခဲသေတ္တာတွေထဲမှာ မထည့်ထားဘဲ လေနဲ့ ထိတွေ့မှုရှိအောင် အပြင်မှာ ထုတ်ထားပါ။ ဒါပေမဲ့ အခွံနွှာပြီးသား ကြက်သွန်နီတွေကိုတော့ ရေခဲသေတ္တာထဲမှာ အဖုံးပိတ် ဘူးထဲထည့်ပြီး သိမ်းထားရပါမယ်။
• ထောပတ်သီး
မမှည့်သေးတဲ့ ထောပတ်သီးတွေကို ရေခဲသေတ္တာထဲ ထည့်ထားရင်တော့ မမှည့်ပဲ ပုပ်သွားနိုင်ပါတယ်။ ဒါကြောင့် မှည့်ပြီးသား ထောပတ်သီးတွေကိုသာ မစားသေးရင် ရေခဲသေတ္တာထဲ ထည့်သိမ်းထားနိုင်ပါတယ်။
• ကြက်သွန်ဖြူ
ကြက်သွန်ဖြူကို ရေခဲသေတ္တာထဲ ထည့်ထားရင် အညှောင့် ထွက်လာတတ်ပါတယ်။ ဒါ့အပြင် မှိုတက်ပြီး ချောကျိကျိ ဖြစ်လာတတ်ပါတယ်။ ဒါပေမဲ့ ဒီအတိုင်း ကြည့်တာနဲ့ မသိသာတတ်ပဲ လှီးကြည့်မှသာ ကောင်း၊ မကောင်း သိရတတ်ပါတယ်။
• ပေါင်မုန့်
ရေခဲသေတ္တာထဲက အအေးဓာတ်ဟာ ပေါင်မုန့်ကို ခြောက်သွေ့ မာကြောစေနိုင်ပါတယ်။ ဒါကြောင့် အသားညှပ်ပေါင်မုန့် လုပ်ထားရင်တော့ ရေခဲသေတ္တာထဲ ထည့်သိမ်းစားပေးခြင်းဖြင့် ကြွပ်ကြွပ်ရွရွ ပေါင်မုန့်သားကို ရစေနိုင်မှာပါ။
• ခရမ်းချဉ်သီး
အရည်ရွှမ်းပြီး ချိုတဲ့ ခရမ်းချဉ်သီးကို ရေခဲသေတ္တာထဲ ထည့်ထားလိုက်တဲ့အခါ သူ့ရဲ့အချိုဓာတ်တွေ ပျောက်ပျက်သွားနိုင်ပါတယ်။ ဒါ့အပြင် ရေခဲသေတ္တာ အအေးဓာတ်က ခရမ်းချဉ်သီးကို မမှည့်အောင် တားဆီးပေးထားပါတယ်။ ဒါကြောင့် ခရမ်းချဉ်သီးရဲ့ ချိုမြိန်တဲ့အရသာကို ခံစားနိုင်ဖို့အတွက် အပြင်မှာ ခြင်းတောင်းလေးနဲ့ ထည့်ပြီး သိမ်းထားပေးတာက အကောင်းဆုံးပဲ ဖြစ်ပါတယ်။
• ပျားရည်
ပျားရည်ဟာ သဘာဝအတိုင်း အထားခံတဲ့ စားစရာတစ်မျိုး ဖြစ်တာကြောင့် ရေခဲသေတ္တာထဲ ထည့်ထားစရာမလိုဘဲ အဖုံး လုံလုံပိတ်ပြီး ပုလင်းထဲ ထည့်ထားရုံနဲ့ တစ်သက်လုံး ခံပါတယ်။ ရေခဲသေတ္တာထဲ ထည့်ထားခဲ့ရင် သကြားတွေ ခဲသွားပြီး အခဲလိုက်၊ အထပ်လိုက် ဖြစ်လာတာကြောင့် ခပ်ရ၊ စားရတာ အဆင်မပြေ ဖြစ်တတ်ပါတယ်။
• ဖရဲသီး
မခွဲရသေးတဲ့ ဖရဲသီးကို အခန်းထဲမှာ ဒီအတိုင်း သိမ်းထားလို့ ရပါတယ်။ ဖရဲသီးမှာပါတဲ့ ဓာတ်တိုး ဆန့်ကျင်ပစ္စည်းတွေဟာ ဘာမှအပြောင်းအလဲ မဖြစ်သွားနိုင်ပါဘူး။ ခွဲထားပြီးသား ဖရဲသီးစိတ်တွေကိုတော့ ရေခဲသေတ္တာထဲမှာ ဖုံးကာပြီး ထည့်ထားနိုင်ပါတယ်။
• ရွှေဖရုံသီး
ရွှေဖရုံသီးတွေကို လေကောင်းလေသန့်ရတဲ့ နေရာတွေမှာ သိမ်းနိုင်ပါတယ်။ ခြောက်သွေ့အေးမြတဲ့ မြေအောက်ခန်းလို နေရာမျိုးဟာ ရွှေဖရုံသီး သိုလှောင်ဖို့ အကောင်းဆုံးနေရာပဲ ဖြစ်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)





























