/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ရေလမ်းခရီး-သွားလာရာတွင်-မူးေ၀ပျို့အန်ခြင်းများ-မဖြစ်ပွားအောင်

ရေလမ်းခရီး သွားလာရာတွင် မူးေ၀ပျို့အန်ခြင်းများ မဖြစ်ပွားအောင် ကာကွယ်ရန်အတွက် အလွယ်ကူဆုံး နည်းလမ်းများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

သငေ်္ဘာမူးခြင်း၊ လှေမူးခြင်းလို့ လူသိများတဲ့ အခြေအနေကို သက်သာစေမယ့် နည်းလမ်းတွေကတော့ -

•        သငေ်္ဘာမစီးမီ ကောင်းစွာအနားယူပါ။ အိပ်ရေးပျက်ခြင်းနဲ့ စိတ်ပူပန်မှုများခြင်းတွေဟာ ခရီးသွားတဲ့အခါ မူးေ၀ပျို့အန်တာတွေ ဖြစ်နိုင်တာကြောင့် မထွက်ခွာမီ သေချာစွာ အနားယူဖို့ လိုပါတယ်။

•        အ,အန်သက်သာဆေးများကို သောက်သုံးနိုင်ပါတယ်။ ခရီးသွားရင် မူးေ၀အော့အန်တာကို သက်သာစေမယ့်ဆေးတွေ အများအပြား ရှိပါတယ်။ (ဥပမာ - Dramamine) ဆေးတော်တော်များများကတော့ ဆေးဆိုင်မှာ အလွယ်တကူ ၀ယ်လို့ရနိုင်ပြီး တချို့ကတော့ ဆရာ၀န်ဆေးစာ လိုအပ်ပါတယ်။ ၎င်းဆေးတွေဟာ မူးေ၀ပျို့အန်တဲ့အချိန်မှာ ဦးနှောက်ကထွက်တဲ့ ဓာတုပစ္စည်းတွေရဲ့ အကျိုးသက်ရောက်မှုကို ချေဖျက်ပေးကြတာ ဖြစ်ပါတယ်။

          ဆရာ၀န်နှင့် တိုင်ပင်၍ မိမိနှင့် သင်တော်မယ့် ဆေးအမျိုးအစားကို ရွေးချယ်သောက်သုံးနိုင်မှာ ဖြစ်ပါတယ်။ Antihistamine လို့ခေါ်တဲ့ ဆေးအုပ်စုအမျိုးအစားကို သောက်သုံးမယ်ဆိုပါက လေးလံထိုင်းမှိုင်းခြင်း၊ မျက်စိခြောက်ခြင်း၊ ပါးစပ်ခြောက်ခြင်းတို့ကို ခံစားရစေနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ၎င်းဆေးတွေဟာ ပျို့အန်ခြင်းကို ဖြစ်စေနိုင်တဲ့ ဦးနှောက်အစိတ်အပိုင်းတစ်ခုကို ပိတ်လိုက်လို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ထိုဆေးတွေကို ခရီးမသွားမီ နာရီအနည်းငယ်အလိုတွင် ကြိုတင်သောက်သုံးခြင်းဖြင့် မူးေ၀ပျို့အန်ခြင်းကို ကာကွယ်နိုင်ပါတယ်။

•        လေကောင်းလေသန့် ရှူပါ။ သငေ်္ဘာမူးခြင်းကို စတင်ခံစားလာရပြီဆိုပါက သငေ်္ဘာဦးပိုင်းသို့သွားကာ ရှေ့တည့်တည့်ကိုပဲ ကြည့်ပါ။ ထိုကဲ့သို့ ပြုလုပ်ခြင်းဖြင့် မျက်စိမှ ရွေ့လျားပုံရိပ်များကိုမြင်ကာ ဦးနှောက်သို့ သတင်းပို့နိုင်တာကြောင့် အတွင်းပိုင်းနားမှ ပေးပို့ထားသော အချက်ပေးလှိုင်းများထက် ပို၍မှန်ကန်နိုင်ပါတယ်။ မျက်နှာသို့ ဖြတ်တိုက်သွားတဲ့လေတွေဟာ သငေ်္ဘာလှုပ်ရှားမှုမှ အာရုံလွှဲပြောင်းပေးနိုင်တာကြောင့် သငေ်္ဘာစီးတဲ့အခါ တတ်နိုင်သမျှ လှုပ်လှုပ်ရှားရှားနေပေးပါ။

•        သငေ်္ဘာအလယ်ပိုင်းနဲ့ ရေပြင်နဲ့ နီးတဲ့အခန်းကိုပေးဖို့ တောင်းဆိုပါ။ သငေ်္ဘာလှိုင်းပုတ်တာ အသက်သာဆုံးက သငေ်္ဘာအလယ်ပိုင်း ဖြစ်ပါတယ်။ ထို့ပြင် ရေပြင်ကို မြင်ရ၍ ပြတင်းပေါက်ပါတဲ့ အခန်းမျိုးဟာ သငေ်္ဘာမူးတတ်တဲ့သူတွေအတွက် အသင့်တော်ဆုံးပါပဲ။

•        အစာစားပေးပါ။ အာလူးကြော်၊ ပေါင်မုန့်ကဲ့သို့ သရေစာတွေဟာ အကောင်းဆုံး ဖြစ်ပါတယ်။ ဗိုက်ထဲမှာ အစာရှိတာ ကောင်းတယ်ဆိုပေမယ့် အလွန်အကျွံ မစားမိဖို့တော့ သတိပြုသင့်ပါတယ်။ ချင်း (ဂျင်း) ဟာ ခရီးသွားစဉ် မူးေ၀ပျို့အန်ခြင်းအတွက် သင့်တော်တဲ့ သဘာ၀ဆေးမြီးတိုဖြစ်တာကြောင့် ချင်း (ဂျင်း) ဖျော်ရည်ကိုလည်း သောက်သုံးပေးနိုင်ပါတယ်။ ပူစီနံဟာလည်း အစာအိမ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ပိုမိုကောင်းမွန်စေနိုင်ပါတယ်။ အာလူးကြော်ကို ရေ (သို့) ဆိုဒါဖြင့် သောက်သုံးခြင်းကြောင့်လည်း မူးေ၀ပျို့အန်တာတွေ သက်သာစေနိုင်တယ်လို့ ဆိုကြပါတယ်။

•        ပျို့အန်စေနိုင်မယ့် အရာအားလုံးကို ရှောင်ကြဉ်ပါ။ ပျို့အန်ခြင်းဟာ သငေ်္ဘာမူးခြင်းရဲ့ ၀ိသေသလက္ခဏာတစ်ခု ဖြစ်တာကြောင့် ပျို့အန်တာ ပိုဆိုးလာပါက အခြားရောဂါလက္ခဏာတွေပါ ပိုဆိုးလာနိုင်ပါတယ်။ ပျို့အန်ခြင်းကို ဆိုးရွားစေနိုင်တဲ့ အကြောင်းကတော့ အစာမကြေလွယ်တဲ့ အစားအစာများ၊ အစပ်များ၊ အက်ဆစ်ပါ၀င်သော အစားအသောက်များနဲ့ ဗိုက်ပြည့်အောင် စားသောက်ခြင်းတို့ပဲ ဖြစ်ပါတယ်။ အရက်ကို ရှောင်ကြဉ်ရတဲ့ အကြောင်းအရင်းကတော့ အရက်ဟာ ဆီးရွှင်စေတာကြောင့် ခန္ဓာကိုယ်မှ ရေဓာတ်ဆုံးရှုံးမှုများ ဖြစ်စေကာ သငေ်္ဘာမူးခြင်းကို ပိုပြီးမခံနိုင်တာမျိုး ဖြစ်လာစေပါတယ်။ ထို့ပြင် အခြားသူများ ပျို့အန်ခြင်းကြောင့် ရလာမယ့် အနံ့အသက်များကို မရှူရှိုက်မိပါစေနှင့်။

•        မိမိရဲ့ခရီးစဉ်ကို သေချာစွာ ရွေးချယ်ပါ။ ရေလမ်းခရီးသွားတဲ့အခါမှာ မူးေ၀ပျို့အန်တတ်တဲ့သူတွေဟာ သငေ်္ဘာအကြီးကို ရွေးချယ်ခြင်း၊ လှိုင်းပုတ်မှုနည်းတဲ့လမ်းကြောင်းကို ဦးစားပေး ရွေးချယ်သင့်ပါတယ်။

Dr. Thinzar Wynn (www.drmyanmar.com)