ရေသောက်ခြင်းဖြင့် ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်ပါသလား
ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်ပြီး မကြာသေးမီက social media များတွင် သတင်းများစွာနှင့် လမ်းညွှန်ချက်များစွာ ပေါ်ထွက်လာပါတယ်။ ဒီလမ်းညွန်ချက်တွေထဲကတစ်ခုကတော့ ရေများများသောက်ခြင်းဖြင့် ခံတွင်းစိုစွတ်စေပြီး ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်တယ်ဆိုတဲ့အချက်လည်း အပါအဝင်ဖြစ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ဒီအချက်ဟာ လက်တွေ့မှာ မှန်ကန်မှု ရှိ၊ မရှိဆိုတာကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
● အသိပေးချက်တွေမှာ ဖော်ပြထားပုံအရ ကျွန်မတို့ဟာ ၁၅ မိနစ်တစ်ကြိမ် ရေသောက်ပေးခြင်းဖြင့် လည်ချောင်းစိုစွတ်စေပြီး ဗိုင်းရပ်စ်ကို အစာရေမျိုကနေတစ်ဆင့် ဗိုက်ထဲသို့ ရောက်သွားစေမှာပါ။ ဒီအခါမှာတော့ ဗိုက်ထဲရှိ အစာချေအက်စစ်တွေကနေ ချေဖျက်လိုက်ပြီး ဗိုင်းရပ်စ်ဟာ သေဆုံးသွားနိုင်တယ်လို့ ယူဆလို့ ဖြစ်ပါတယ်။
● ဒီအချက်နှင့် ပတ်သက်ပြီး လန်ဒန်နိုင်ငံရှိ epidemiologist တစ်ဦးဖြစ်တဲ့ Sabapathy ကတော့ ဒီ Covid-19 ဟာ ထောင်ကနေသန်းချီတဲ့ ဗိုင်းရပ်စ်အမှုန်တွေ ကိုယ်ခန္ဓာထဲသို့ ဝင်ရောက်ရာကနေ ရောဂါကူးစက်စေတာ ဖြစ်တဲ့အတွက် အနည်းငယ်မျှကို ရေသောက်ပြီး မျိုချလိုက်တာဟာ ဘာအကျိုးသက်ရောက်မှုမှ ရှိစေမှာမဟုတ်ပါဘူး။ သင့်အနေနှင့် ပါးစပ်ထဲမှာသာမက နှာခေါင်းကနေလည်း ဗိုင်းရပ်စ်တွေ ဝင်ရောက်လာဦးမှာ ဖြစ်တဲ့အပြင် လက်ကနေတစ်ဆင့်လည်း ကိုယ်ထဲသို့ ဝင်ရောက်စေနိုင်ပါသေးတယ်လို့ ဆိုထားပါတယ်။
● ရေဖြင့် ပလုတ်ကျင်းခြင်းဟာ အဆုတ်နှင့်ပတ်သက်တဲ့ ကူးစက်ရောဂါတွေကို ကာကွယ်နိုင်သလားဆိုတာကို လွန်ခဲ့တဲ့ ၁၅ နှစ်က ဂျပန်နိုင်ငံမှာ သုတေသနပြုလုပ်ခဲ့ကြပါတယ်။ ရက် ၆၀ အကြာမှာ တစ်နေ့ကို ရေဖြင့် ၃ ကြိမ် ပလုတ်ကျင်းလေ့ရှိသူများဟာ အခြားပလုတ်ကျင်းဆေးရည်ဖြင့် ပလုတ်ကျင်းသူများ သို့မဟုတ် လုံးဝပလုတ်ကျင်းခြင်းမရှိသူများထက်စာရင် အသက်ရှူလမ်းကြောင်းလက္ခဏာတွေ အမှန်တကယ် လျော့နည်းတာကို တွေ့ရှိခဲ့ရပါတယ်။ ဒါပေမဲ့ ဒီတွေ့ရှိချက်ကိုတော့ Covid-19 မှာ အသုံးချဖို့ သိပ်မလွယ်ကူလှဘူးလို့ ယူဆကြပါတယ်။
● ပညာရှင်များရဲ့ ယူဆချက်အရ ၁၅ မိနစ်တစ်ကြိမ် ရေသောက်စေခြင်းဟာ အန္တရာယ်ကင်းတဲ့ ဆောင်ရွက်ချက်တစ်ခုဖြစ်တာ မှန်သော်လည်း လူတွေအနေနှင့် ဒီလိုရေသောက်နေခြင်းဖြင့် Covid-19 ကို ကာကွယ်နိုင်ပြီဆိုတဲ့ လွဲမှားတဲ့ယုံကြည်စိတ်ချမှု ရှိနေရင်တော့ ဆိုးကျိုးတွေဖြစ်လာစေမှာ ဖြစ်ပါတယ်။
● ဒါကြောင့် Covid-19 ကို အမှန်တကယ်ကာကွယ်ဖို့အတွက်က လက်ကို မကြာခဏဆေးခြင်း၊ လူစုလူဝေးရှောင်ခြင်း၊ mask တပ်ခြင်း၊ ကိုယ်ခံအားကောင်းအောင် နေထိုင်ခြင်းတို့ကိုသာ လိုက်နာဆောင်ရွက်သင့်ပါတယ်။
● ဒီလို ပူအိုက်တဲ့ရာသီဥတုမှာ ရေသောက်ဖို့က အရေးကြီးပါတယ်။ ဒါပေမဲ့ Covid-19 ကို အမှန်တကယ် ကာကွယ်ဖို့အတွက်ကတော့ ဆပ်ပြာကိုသာကိုင်ပြီး လက်ဆေးတာက ပိုကောင်းပါတယ်လို့ အကြံပြုလိုက်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)






























