ရေသောက်သင့်တဲ့ အချိန်အခါ
>> ဘယ်လိုအချိန်မှာ ရေမသောက်ဘဲ နေသင့်သလဲ?
ပုံမှန်အားဖြင့်တော့ ရေက ဆိုးကျိုးပေးတယ်ဆိုတာ ရှားပါတယ်။ ရေသောက်ခြင်းဖြင့် ရေဓာတ် ပြည့်ဝစေတယ်၊ အလွန်အကျွံ စားမိတာတွေကို ရှောင်ရှားပေးနိုင်တဲ့အပြင် ပိုနေတဲ့ကယ်လိုရီတွေကိုတောင်မှ လောင်ကျွမ်းစေနိုင်တဲ့အစွမ်း ရှိပါတယ်။ ယုံဖို့ခက်ပေမယ့် ရေမသောက်ဘဲနေသင့်တဲ့ အချိန်အခါတွေလည်း ရှိပါတယ်။
ရှားပါးပေမယ့် ရေအများကြီးသောက်ခြင်းက ကျန်းမာရေးပြဿနာအချို့ ဖြစ်နိုင်ခြေများပါတယ်။ ရေကို တစ်ကြိုက်တည်း အများကြီး မော့သောက်လိုက်ခြင်းဖြင့် ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဆားရဲ့သဘာဝအရ ညီမျှနေမှုကို လျော့ကျသွားစေပြီး Hyponatremia ဆိုတဲ့ ဆိုဒီယမ်ဓာတ်နည်းနေတဲ့ အခြေအနေမျိုးကို ဖြစ်စေနိုင်ပါတယ်။ ဥပမာအားဖြင့် - ခံနိုင်ရည်ရှိတဲ့ အားကစားသမားတွေမှာ မာရသွန်ပြေးနေစဉ် တစ်လျှောက်လုံးမှာ ရေမေသောက်ဘဲ နေလေ့ရှိပါတယ်။ ဘာလို့လဲဆိုတော့ ဒီအချိန်မှာ သောက်လိုက်ခြင်းဖြင့် ဆဲလ်တွေရောင်ပြီးတော့ အန်ခြင်း၊ တက်ခြင်းနဲ့ အသက်သေဆုံးသည်အထိတောင် ဖြစ်နိုင်ပါတယ်။
အသည်း၊ ကျောက်ကပ်၊ နှလုံး၊ ပီကျူထရီဂလင်းပြဿနာ ရှိသူတွေ၊ ဆီးဆေး၊ စိတ်ကျရောဂါကုဆေးနဲ့ အနာသက်သာဆေးတွေ သောက်နေရသူတွေမှာလည်း သွေးတွင်းဆိုဒီယမ် နည်းတတ်ပါတယ်။
ဒီတော့ ရေဓာတ် လုံလောက်ပြီလား၊ ဆက်သောက်ဖို့ လိုသေးလား ဆိုတာကို ဘယ်လိုသိနိုင်မလဲ။
အရင်သိထားတဲ့ နည်းလမ်းဖြစ်တဲ့ တစ်နေ့ကို ရေ 8 ဖန်ခွက် သောက်ရမယ်ဆိုတာကို မေ့ထားလိုက်ပါ။ ဒီအစား ဆီးအရောင်ကိုကြည့်ပြီး ဆုံးဖြတ်နိုင်ပါတယ်။ ဆီးရောင်က အဝါရောင်ဖျော့ဖျော့လေးပဲဆိုရင် ရေဓာတ် လုံလောက်နေပါပြီ။ ဆီက အရမ်းကြည်နေတယ်ဆိုရင် ရေ ဆက်မသောက်ပါနဲ့တော့၊ ဆီးရောင်က ရင့်နေမယ်၊ အရမ်းဝါနေတယ် ဆိုရင်တော့ ရေကို ဖြည်းဖြည်းချင်း တစွတ်စွတ် သောက်ပေးပါ။
ကယ်လိုရီတွေ မတက်စေဖို့ အစားမစားခင်မှာ ရေသောက်လေ့ ရှိကြပါတယ်။ ဗိုက်ထဲမှာ ရေတွေ နေရာယူသွားတဲ့အခါမှာ အစာစားတာ နည်းသွားစေပါတယ်။ ဒါပေမဲ့ အစား အများကြီးမစားခင် (သို့) စားနေချိန်မှာ ရေများများသောက်ခြင်းက မအီမသာ ဖြစ်စေပါတယ်။ ရေများများသောက်ခြင်းက ဗိုက်ကြီး ပြည့်ပြီး ကယ်နေစေနိုင်ပါတယ်။
ချေွးထွက်တဲ့အခါမှာ ပိုတက်ဆီယမ်၊ ဆိုဒီယမ် စတဲ့ဓာတ်တွေ ဆုံးရှုံးသွားပါတယ်။ ချေွး အရမ်းထွက်တဲ့အခါမှာ ခန္ဓာကိုယ်ထဲကို ဒီဓာတ်တွေ ပြန်လည်ဖြည့်ပေးဖို့ လိုအပ်ပါတယ်။ ဒါကို ရေကနေ မရနိုင်ပါဘူး။ သကြားဓာတ်ပါတဲ့ အားဖြည့်အချိုရည်တွေ သောက်မယ့်အစား ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဆိုဒီယမ်နဲ့ ဗီတာမင်စီတွေ သဘာဝအတိုင်း ပါဝင်မှုများပြီး ကယ်လိုရီ အများကြီးမပါဘဲ အမျှင်ဓာတ်ပါဝင်မှုများတဲ့ အုန်းရည်ကို သောက်ပေးနိုင်ပါတယ်။
>> သိမှတ်စရာအချက်
အရသာရှိတဲ့ ချိုရည်တွေ ရွေးချယ်စရာများနေတဲ့ ဒီလိုခေတ်ကြီးမှာ ရေသောက်နည်းပြီး ဒီအချိုရည်တွေ အသောက် များလာကြပါတယ်။ ဒါပေမဲ့ ဒီလိုအရသာရှိတဲ့အချိုရည်တွေမှာ အချိုဓာတ် ဖြည့်ထားတဲ့အရာတွေ ထည့်ထားပြီးတော့ ဒီအချိုဓာတ်တွေက ဆာလောင်မှုကို အားပေးပြီး ကိုယ်အလေးချိန် တက်စေပါတယ်။ ဒါကြောင့် ကြော်ငြာအားကောင်းတဲ့ ဒီအချိုရည်တွေက ကောင်းကျိုးထက် ဆိုးကျိုးကို ပိုပြီးပေးစွမ်းနိုင်ပါတယ်။ ဒီအစား အရသာရှိချင်ရင် ကိုယ်သောက်မယ့်ရေထဲမှာ ကိုယ့်ဟာကိုယ် သံပရာသီး၊ သခွားသီး၊ ကျွဲကောသီး၊ ဘယ်ရီသီးနဲ့ အခြားအသီးအနှံတွေကို ညှစ်ထည့်ပြီး သောက်သုံးနိုင်ပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























