ရောဂါကာကွယ်ဖို့ တစ်သီးတစ်သန့်နေချိန်မှာ စိတ်ပင်ပန်းမှု မဖြစ်ရလေအောင်
အခုကပ်ရောဂါချိန်မှာ ဗိုင်းရပ်စ်ပိုးမပြန့်အောင် ကြိုးစားတဲ့အနေနဲ့ အရင်က တစ်ခါမှမတွေးကြည့်ဖူးတဲ့ လူအချင်းချင်း မထိမတွေ့အောင်နေခြင်း social distancing နဲ့ တစ်သီးတစ်သန့်နေခြင်း quarantine တို့ကို ကျင့်သုံးနေကြပါတယ်။
အတင်းအကြပ်ပဲဖြစ်စေ၊ မေတ္တာရပ်ခံလို့ပဲဖြစ်စေ ဒီလိုနေစေခြင်းဟာ ရောဂါမပြန့်ပွားအောင် ကာကွယ်ပေးရာ ရောက်တယ်ဆိုပေမယ့် လူတွေရဲ့စိတ်အခြေအနေကိုတော့ ထည့်တွက်ဆထားတာမျိုး မရှိပါဘူး။
လန်းဆတ်ဆေးပညာဂျာနယ်ရဲ့ လေ့လာမှုအရဆိုရင် ဒီလိုတစ်သီးတစ်သန့်နေခြင်းရဲ့ စိတ်အပေါ် သက်ရောက်မှုက အင်မတန်များပါတယ်တဲ့။ စိတ်ပူပန်တာ၊ ဒေါသထွက်တာကစလို့ အိပ်မပျော်တာ၊ စိတ်ဓာတ်ကျတာ၊ post traumatic stress disorder (PTSD) လို့ခေါ်တဲ့ ကြီးမားတဲ့အဖြစ်အပျက်အပြီးမှာ စိတ်ဖိစီးပြီး စိတ်ဒဏ်ရာရခြင်းတွေအထိ ဖြစ်စေနိုင်ပါတယ်။ ဆားစ်ကပ်ရောဂါအချိန်တုန်းက တစ်သီးတစ်သန့် အထားခံရတဲ့လူနာတွေရဲ့ ၁၀% ကနေ ၂၉% မှာ စိတ်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ဒီလိုအချိန်မှာ စိတ်ဖိစီးမှုတွေဟာ ရောဂါကူးမှာ ကြောက်တာ၊ စိတ်ညစ်တာ၊ ပျင်းရိတာ၊ ထောက်ပံ့မှုတွေ မလုံလောက်တာ၊ သတင်းအချက်အလက်တွေ မသိရတာ၊ ငွေရေးကြေးရေး ဆုံးရှုံးမှုဖြစ်တာ၊ ရောဂါကူးစက်မှုကြောင့် ရှုံ့ချခံရတာ ဒီလိုအကြောင်းရင်းတွေ အများကြီးကြောင့် ဖြစ်နိုင်ပါတယ်။ ဒါတွေဟာ နဂိုစိတ်ရောဂါရှိသူတွေမှာတင်မက ပုံမှန်စိတ်ကျန်းမာရေးရှိသူတွေမှာပါ ဖြစ်နိုင်ပါတယ်။
>> ဒီလို စိတ်ဒဏ်ရာမရအောင် ဘာတွေလုပ်ကြမလဲ?
လူတွေနဲ့ မထိတွေ့၊ မဆက်ဆံရဘဲနေတာ ကြာလာတဲ့အခါ အိမ်မှာ ကိုယ့်စိတ်ကျန်းမာရေးကိုကိုယ် ဂရုစိုက်ဖို့လိုပါတယ်။
● လုပ်ရိုးလုပ်စဉ်အတိုင်း လုပ်ဆောင်ပါ။ အိမ်နေရင်း အဝတ်အစားကိုလဲပါ။ ရေမိုးချိုးပြီး တစ်နေ့တာ လုပ်ကိုင်စရာရှိတာတွေကို စာရင်းချမှတ်ပြီး လုပ်ဆောင်ပါ။
● အလုပ်ကိုခွဲလုပ်ပါ။ ဖြစ်နိုင်ရင် နေရာပြောင်းပြောင်းပြီး လုပ်ပေးပါ။
● ကိုယ့်ခန္ဓာကိုယ်ကို ဂရုစိုက်ပါ။ ကျန်းမာရေးနဲ့ ညီညီညွတ်ညွတ် စားသောက်ပါ။ အိပ်ရေးဝဝအိပ်ပါ။ လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ။ အိမ်တွင်းမှာပဲ လေ့ကျင့်ခန်းလေးတွေလုပ်ပါ။ အကြောလျှော့တာ၊ တရားထိုင်တာတွေ လုပ်ပေးပါ။
● တခြားသူတွေကို ကူညီပေးပါ။ လုံးလုံးကြီး အိမ်တွင်းအောင်းနေရမယ့်လူမျိုး မဟုတ်ဘူးဆိုရင် တစ်ပါးသူတွေကို ကူညီပေးဖို့ နည်းလမ်းလေးတွေ စဉ်းစားပါ။
● ဆက်သွယ်ပြောဆိုပါ။ လုပ်ဖော်ကိုင်ဖက်တွေ၊ မိသားစုတွေ၊ သူငယ်ချင်းတွေကို ဖုန်း၊ မတ်ဆေ့ချ်၊ ဗီဒီယိုကောလ်တွေနဲ့ ဆက်သွယ်ပြောဆိုပါ။
● အချက်အလက်တွေကို ခိုင်မာတဲ့သတင်းဌာနက ရယူပါ။ တစ်ချိန်လုံး သတင်းတွေချည်းပဲ ထိုင်ကြည့်နေတာမျိုးလည်း မလုပ်ပါနဲ့။
● ဆေးတွေကို လုံလုံလောက်လောက် ဆောင်ထားပါ။ အပြင်မထွက်ရတဲ့အချိန်မှာ မိမိသောက်လက်စဆေးတွေကို လုံလောက်အောင် ဆောင်ထားပါ။
● ပျင်းရိခြင်းကို ဖြေဖျောက်ပါ။ တီဗီစီးရီးစ်တွေကြည့်တာ၊ စာအုပ်ဖတ်တာ၊ ပစ်ထားတဲ့ပရောဂျက်တွေ လုပ်တာ စတာတွေ လုပ်ပေးပါ။
● အရမ်းအပင်ပန်းမခံပါနဲ့။ အလုပ်လုပ်ရင်လည်း နားချိန်လေးပေးပါ။
● အကောင်းမြင်စိတ်မွေးပါ။ ကောင်းတဲ့သတင်းတွေကို နားစွင့်ပြီး နေ့မအား ညမအား အလုပ်လုပ်ပေးတဲ့ ကျန်းမာရေးလုပ်သားတွေကို ဂုဏ်ပြုပါ။ တစ်ဖက်တစ်လမ်းက အကူအညီပေးပါ။
● တစ်ရက်စာတစ်ရက်သာ စဉ်းစားပါ။ အနာဂတ်ကို အရမ်းကြီးမတွေးပါနဲ့။ ဒီအခြေအနေဟာ ယာယီမျှသာဖြစ်ပြီး ကိုယ်တစ်ယောက်တည်း မဟုတ်တာကို သတိထားပါ။
ကပ်ရောဂါဘေးမှ ကင်းဝေးပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိကြပါစေ ...
Dr. Mya Phoo Ngon (www.drmyanmar.com)






























