လက်ချောင်းလေးတွေ ထုံကျဉ်ခြင်း၊ ဒဏ်ဖြစ်ခြင်းတွေကို သက်သာစေဖို့
ကွန်ပျူတာ တစ်နေ့လုံးနှိပ်ပြီး လက်မ၊ လက်ညှိုးနဲ့ လက်ခလယ်မှာ ထုံကျဉ်မှုကို ခံစားရတတ်ကြပါတယ်။ လက်ဖျံကနေ လက်ထဲကိုလာတဲ့ အာရုံကြောတစ်မျိုး ထိခိုက်မိတာကို Carpal tunnel syndrome လို့ ခေါ်ပါတယ်။ ဒီအာရုံကြောက အရိုးနဲ့အရွတ်တွေကြားမှာ ရှိနေတဲ့အတွက် ညပ်မိတယ်ဆိုရင် အာရုံကြော ထိခို်က်တဲ့လက္ခဏာတွေ ခံစားရတတ်ပါတယ်။
>> Carpal tunnel syndrome နဲ့ ပတ်သက်ပြီး သိသင့်တဲ့အချက် 5 ချက်
1. Carpal tunnel syndrome နှင့် လက်ကောက်ဝတ်အရွတ်ရောင်ခြင်း
Carpal tunnel syndrome နဲ့ လက်ကောက်ဝတ် အရွတ်ရောင်ခြင်းရဲ့ လက်နဲ့ လက်ချောင်းတွေမှာ ခံစားရလေ့ရှိတဲ့ လက္ခဏာတွေက တူညီတဲ့အတွက် အများစုက ဒီနှစ်ခုကို မှားပြီး လက်ကောက်ဝတ် အရွတ်ရောင်တာကို carpal tunnel syndrome လို့ ထင်တတ်ပါတယ်။
ဒီနှစ်မျိုးက ကုသပုံခြင်း တူညီပြီး လက်ကောက်ဝတ် အရွတ်ရောင်တာက ပိုပြီးကုရ လွယ်ပါတယ်။ ခွဲစိတ်ဖို့လည်း လိုလေ့မရှိပါဘူး။
2. ကွန်ပျူတာသုံးတာ တစ်ခုတည်းကြောင့် မဟုတ်ပါဘူး။
လက်ကို အသုံးပြုမှုလွန်တဲ့ ဘယ်လိုအလုပ်မျိုးမဆို လက်ချောင်းနဲ့ လက်တွေကို ဒဏ်ဖြစ်စေနိုင်ပါတယ်။ Carpal tunnel syndrome နဲ့ လက်ကောက်ဝတ် အရွတ်ရောင်တဲ့ရောဂါတွေက ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ အဖြစ်များပါတယ်။
ကွန်ပျူတာနဲ့ အလုပ်လုပ်ရတဲ့သူတွေ၊ လက်သမားတွေလို ရေပေါ်ထိုးရတဲ့သူတွေ၊ ဆံပင်ညှပ်သူတွေ စတဲ့ လက်ကို အမြဲအသုံးပြုနေရတဲ့သူတွေမှာ ဒီလက်ကို ဒီပုံစံအတိုင်း အမြဲသုံးနေရတဲ့အတွက် ဒဏ်ဖြစ်ပြီး ရောဂါလက္ခဏာတွေ ခံစားရစေပါတယ်။
အဆစ်အမြစ်ရောင်ရောဂါ၊ ဆီးချိုရောဂါနဲ့ ကို်ယ်ဝန်ဆောင်တွေမှာလည်း Carpal tunnel syndrome ဖြစ်တတ်ပါတယ်။
3. ခန္ဓာကိုယ်ပုံစံ အမျိုးမျိုး ပြောင်းပေးဖို့ လိုပါတယ်။
စာရိုက်ခြင်း၊ သိုးမွေးထိုးခြင်းစတဲ့ နာရီအတော်ကြာအောင် လုပ်ရတဲ့အလုပ်တွေမှာ ခန္ဓာကိုယ်ပုံစံ တစ်မျိုးတည်း အကြာကြီးမနေသင့်ပါဘူး။ မကြာခဏ ပုံစံပြောင်းပေးပါ။ ၁၂ နာရီလောက် ပုံစံတစ်မျိုးတည်း ထိုင်နေခြင်းက ခါးနာခြင်းကိုလည်း ဖြစ်စေပါတယ်။
4. လူသက်သာစေမယ့် ပစ္စည်းကိရိယာတွေကို အသုံးပြုပါ။
အလုပ်မှာ စာအများကြီး ရိုက်ရတယ်ဆိုရင် -
• ကိုယ်စာရိုက်တဲ့အခါမှာ ခန္ဓာကိုယ်ပုံစံအတိုင်း လိုက်လျောညီထွေဖြစ်စေတဲ့ ကီးဘုတ်
• လက်ကောက်ဝတ်ကို ပုံမှန်အနေအထားအတိုင်း ဖြစ်နေစေတဲ့ လက်ကောက်ဝတ်အောက်အခံ
• လက်ကောက်ဝတ်ကို 90° ဖြစ်နေစေပြီး လည်ပင်းကို သက်သောင့်သက်သာဖြစ်စေတဲ့ ထိုင်ခုံနဲ့ စားပွဲ စတာတွေကို အသုံးပြုခြင်းဖြင့် လက်ဒဏ်ဖြစ်ခြင်းကို သက်သာစေနိုင်ပါတယ်။
5. ခန္ဓာကိုယ် အညောင်းဆန့်ဖို့နဲ့ နှိပ်နယ်ပေးဖို့အတွက် အနားယူပါ။
လက်ကောက်ဝတ် တောင့်တင်းပြီး ဒဏ်ဖြစ်တယ်လို့ ခံစားရရင် ကိုယ့်လက်ကို နှိပ်နယ်ပေးပါ (သို့) အကြောဆန့်ပေးပါ။ လက်ကို 20-30 စက္ကန့်လောက် သေချာအကြောဆန့်ပေးပါ။
လက်မောင်းနဲ့ လက်တွေ တင်းနေတာကို သက်သာစေဖို့ နှိပ်နယ်ပေးတဲ့ အလုံးလေးတွေ၊ ကိရိယာလေးတွေ သုံးပြီး နှိပ်နယ်ပေးပါ။ လက်မအောက် အကြောကိုလည်း နှိပ်ပေးပါ။ လက်ကောက်ဝတ် အရမ်းတောင့်တင်းနေတယ်ဆိုရင် ရေခဲ အုံပေးနိုင်ပါတယ်။
အပေါ်က နည်းလမ်းတွေနဲ့မှ မသက်သာဘူးဆိုရင် ကြပ်စီးခြင်း၊ အကိုက်အခဲပျောက် သောက်ဆေး/ထိုးဆေးတွေက သက်သာစေပါလိမ့်မယ်။ ဒါမှမပျောက်ဘဲ ပိုဆိုးလာတယ်ဆိုရင်တော့ ခွဲစိတ်ပြီး အာရုံကြော ပိနေတာကို လျှော့ချပေးရပါမယ်။
အရေးကြီးဆုံး အချက်ကတော့ - ခန္ဓာကိုယ် တသမတ်တည်း အကြာကြီးမနေဘဲ မကြာခဏ ပုံစံပြောင်းပေးပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























