/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/လည်ချောင်းနာခြင်းမှ-အမြန်ဆုံးသက်သာစေနိုင်မယ့်-နည်းလမ်းများ

လည်ချောင်းနာခြင်းမှ အမြန်ဆုံးသက်သာစေနိုင်မယ့် နည်းလမ်းများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

            လည်ချောင်းနာခြင်းဆိုတာ အအေးမိ တုပ်ကွေးေ၀ဒနာကြောင့် ဖြစ်လေ့ရှိတဲ့ အခြေအနေတစ်ခုပဲဖြစ်ပြီး ဗိုင်းရပ်စ်ရောဂါပိုးကြောင့် ဖျားနာခြင်းရဲ့ ကနဦးလက္ခဏာတစ်ခုလည်း ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ပိုးများကို သုတ်သင်ရှင်းလင်းပြီးသည်နှင့် လည်ချောင်းနာေ၀ဒနာဟာ သက်သာသွားနိုင်သော်လည်း ပိုမိုလျင်မြန်စွာ နာလန်ထူစေဖို့အတွက် အောက်ပါတို့ကို ပြုလုပ်နိုင်ပါတယ်။

 

1.       အရည်များများ သောက်ပါ

            ရေ၊ လက်ဖက်ရည်၊ စွပ်ပြုတ် (သို့) သစ်သီးဖျော်ရည် စတဲ့အရည်တွေကို ပိုမိုသောက်သုံးပေးခြင်းဖြင့် လည်ချောင်းတစ်၀ိုက်ကို စိုစွတ်စေကာ လည်ချောင်းယားယံခြင်းနဲ့ လည်ချောင်းရှခြင်းတို့မှ ကာကွယ်ပေးနိုင်ပါတယ်။ လက်ဖက်ရည်ကြမ်းကို ပျားရည်၊ ရှောက်ရည်တို့ဖြင့် သောက်သုံးခြင်းဟာလည်း အလွန်အကျိုးထူးစေနိုင်ပါတယ်။ ပျားရည်သည် လည်ချောင်းကို ရှင်းစေ၍ ရှောက်ရည်သည် ချွဲပျော်နိုင်စွမ်း ရှိပါတယ်။ ရေများများ သောက်သုံး၍ ကဖိန်းပါ၀င်တဲ့ အရည်တွေနဲ့ အရက်သောက်ခြင်းကို ရှောင်ကြဉ်ခြင်းဖြင့် ရေဓာတ်ချို့တဲ့ခြင်းမှ ကာကွယ်နိုင်ပါတယ်။

 

2.       အာလုတ်ကျင်းပါ

            ဆားရေနွေး နွေးနွေးဖြင့် အာလုတ်ကျင်းခြင်းဟာလည်း လည်ချောင်းနာခြင်းကို ကုသရာမှာ အထောက်အကူပြုပါတယ်။ ရေနွေးသည် အစိုဓာတ်ကိုပေး၍ ဆားသည် ခံတွင်းနဲ့ လည်ချောင်းမှာရှိတဲ့ ချွဲ၊ ဘက်တီးရီးယားပိုးများကို သုတ်သင်ရှင်းလင်းပေးနိုင်ပါတယ်။ ဆား လက်ဖက်ရည်ဇွန်းတစ်၀က်ခန့်ကို ရေ 8 အောင်စ( 240 ml ၀န်းကျင်) ဖြင့် ရောမွှေ၍ ဆားရည်ကုန်သည်အထိ ငုံလိုက်၊ ထွေးလိုက် ပြုလုပ်ပါ။ လိုအပ်သလောက် အကြိမ်ရေများများ လုပ်ပေးနိုင်ပါတယ်။

 

3.       အသံကို အနားပေးပါ

            တတ်နိုင်သမျှ အသံကို အနားပေးပါ။ တစ်ယောက်တည်း နေရမယ်လို့ မဆိုလိုပေမယ့် လည်ချောင်းနာနေတဲ့ အချိန်အတောအတွင်းမှာတော့ အခြားနည်းလမ်းများဖြင့်သာ လူတွေနဲ့ ဆက်သွယ်ဖို့ ကြိုးစားသင့်ပါတယ်။ လည်ချောင်းအတွင်းသို့ ဗိုင်းရပ်စ်ပိုး ၀င်ရောက်နေတဲ့အချိန်မှာဆိုရင် ကြွက်သားတွေရဲ့ ကြံ့ခိုင်မှုကို လျော့ကျစေနိုင်တာကြောင့် စကားပြောခြင်း၊ သမ်းေ၀ခြင်း၊ သီချင်းဆိုခြင်းတွေဟာ ကြွက်သားတွေကို ပိုမိုထိခိုက်စေပါတယ်။ အသံကို အနားမပေးဘဲ အချိန်ကြာမြင့်စွာ အသုံးပြုခြင်းဟာ အသံအိုး ရောင်၍ ခဏတာ အသံ၀င်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

 

4.       ဆေးဝါးများ

            ပါရာစီတမောကဲ့သို့ အကိုက်အခဲပျောက်ဆေးများကို သောက်သုံးခြင်းဟာလည်း လည်ချောင်းနာခြင်းကို သက်သာစေနိုင်တယ်ဆိုပေမယ့် ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးကိုတော့ မဖယ်ရှား၊ မရှင်းလင်းနိုင်ပါဘူး။

 

Dr. Thinzar Wynn (www.drmyanmar.com)