/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/လည်ချောင်းနာခြင်းအတွက်-ဆေးနည်းကောင်းများ

လည်ချောင်းနာခြင်းအတွက် ဆေးနည်းကောင်းများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

>>    အမြန်သက်သာစေဖို့

          လည်ချောင်းနာခြင်းဟာ အအေးမိခြင်းရဲ့ပထမဆုံး လက္ခဏာသော်လည်းကောင်း၊ သံအိုးအက်ခြင်းကြောင့်သော်လည်းကောင်း၊ ဘက်တီးရီးယားပိုးကြောင့်လိုမျိုး အရေးကြီးတဲ့ အကြောင်းရင်း တစ်ခုခုကြောင့်သော်လည်းကောင်း ဖြစ်တတ်ပါတယ်။

          ဘာကြောင့်ပဲဖြစ်ဖြစ် နေရထိုင်ရခက်လှတဲ့ လည်ချောင်းနာခြင်း ဖြစ်ပေါ်လာပြီဆိုရင် အမြန်ဆုံး သက်သာချင်ကြမှာပါ။ တချို့က ဆရာဝန်ကို ပြေးပြလေ့ရှိပေမယ့် အိမ်တွင်းနည်းလမ်းတချို့နဲ့လည်း အမြန်သက်သာအောင် လုပ်နိုင်ပါတယ်။

 

>>    အရောင်ကျဆေး

          ဆေးဆိုင်မှာ အလွယ်တကူ ဝယ်ယူနိုင်တဲ့ အရောင်ကျ၊ အကိုက်အခဲပျောက်ဆေးတွေဟာ နာကျင်မှုကို သက်သာစေပြီး အရောင်လည်း ကျစေနိုင်ပါတယ်။ အဖျားရှိသူတွေမှာ အဖျားတောင် ကျစေနိုင်ပါသေးတယ်။

 

>>    ဆားရည်နှင့် ပလုတ်ကျင်းခြင်း

          တစ်နေ့လုံး အကြိမ်ကြိမ် ဆားရည်နဲ့ ပလုတ်ကျင်းခြင်းဖြင့် လည်ချောင်းနာ သက်သာစေနိုင်တာတင်မက ချွဲတွေ ပျော်စေပြီး ယားယံစေတဲ့အရာတွေ၊ ဘက်တီးရီးယားပိုးတွေ ပါသွားစေနိုင်ပါတယ်။

          ရေတစ်ခွက်မှာ ဆား လက်ဖက်ရည်ဇွန်းတစ်ဝက် ထည့်ဖျော်ပြီး ပလုတ်ကျင်းပေးနိုင်ပါတယ်။ ငန်တဲ့အရသာကို မခံစားနိုင်ရင် ပျားရည်လေး နည်းနည်းထည့်ဖျော်ပေးနိုင်ပါတယ်။ ပလုတ်ကျင်းပြီး ရေကို ပြန်ထွေးထုတ်ပစ်ဖို့တော့ မမေ့ပါနဲ့။

 

>>    ငုံဆေးနဲ့ ဖြန်းဆေးများ

          ငုံဆေးငုံခြင်းက တံတွေးထွက်စေပြီး လည်ချောင်းကို မခြောက်သွေ့အောင် တားဆီးပေးပါတယ်။ ဒါပေမဲ့ တစ်ချို့ငုံဆေးတွေကတော့ သကြားလုံးနဲ့ သိပ်မခြားလှပါဘူး။ ဒါကြောင့် လည်ချောင်းနာတာ တကယ်သက်သာစေဖို့ လည်ချောင်းအေးစေ၊ ထုံစေတဲ့ Mentholလို ယူကလစ်ဆီလိုမျိုး ပါဝင်တဲ့ ငုံဆေးတွေကိုသာ ငုံပေးသင့်ပါတယ်။ Chloraseptic လိုမျိုး ဖြန်းဆေးတွေဟာလည်း အေးမြစေတဲ့ ငုံဆေးတွေလိုပါပဲ။ ဒီဆေးတွေမှာ လည်ချောင်းနာခြင်းကို လုံးဝပျောက်ကင်းနိုင်တဲ့၊ အအေးမိခြင်းကို သက်သာစေနိုင်တဲ့ အကျိုးကျေးဇူးတော့ မရှိပေမယ့် လည်ချောင်းနာခြင်းကို ယာယီ သက်သာစေနိုင်ပါတယ်။ Chloraseptic ဖြန်းဆေးမှာပါတဲ့ phenolဟာ ဘက်တီးရီးယားပိုး သေစေနိုင်တဲ့ အစွမး်ရှိတယ်လို့တော့ သိရပါတယ်။

 

>>    ချောင်းဆိုးပျောက်ဆေး

          လောလောဆယ် ချောင်းမဆိုးသေးပေမယ့် ချောင်းဆိုးပျောက်ဆေးရည်တွေဟာ လည်ချောင်းကို ကာကွယ်ပေးပြီး ယာယီ အနာသက်သာစေနိုင်ပါတယ်။

          အလုပ်မသွားခင် မနက်ပိုင်းမှာ သောက်မယ်ဆိုရင် အိပ်ချင်ငိုက်မြည်းခြင်း မဖြစ်စေနိုင်တဲ့ ဆေးမျိုးကို ရွေးချယ်သ့င်ပြီး လည်ချောင်းနာခြင်းကြောင့် ညညအိပ်မပျော်နိုင်ခဲ့ရင်တေ့ာ အကိုက်အခဲပျောက်ဆေးရော၊ Antihistamine ဆေးပါ ပါဝင်တဲ့ဆေးမျိုးကို ရွေးချယ်ပါ။

 

>>    အရည်ဓာတ်

          ဖျားနာနေပြီး လည်ချောင်း ရောင်ရမ်းနာကျင်နေစဉ်မှာ အရည်ဓာတ် ပြည့်ဝနေဖို့ အလွန်အရေးကြီးပါတယ်။ ဆီးအရောင် အဝါဖျော့ဖျော့ သို့မဟုတ် အကြည်ရောင် သွားတဲ့အထိ အရည်ဓာတ် ပြည့်ဝရပါမယ်။ အရည်ဓာတ် ပြည့်ဝခြင်းဖြင့် လည်ချောင်းကို စိုစွတ်နေစေပြီး ဘက်တီးရီးယားပိုးတွေနဲ့ ယာယံခြင်းတွေကို ပိုမိုထိန်းချုပ်နိုင်ပြီး အအေးမိဝေဒနာကို အမြန်ဆုံးသက်သာစေဖို့ အထောက်အပံ့ပေးပါတယ်။

          ရေ၊ ရေခဲ၊ အသီးဖျော်ရည်၊ စွပ်ပြုတ် စသည်ဖြင့် ကိုယ်ကြိုက်နှစ်သက်ရာ အရည်တစ်မျိုးမျိုးကို သောက်ပေးနိုင်ပါတယ်။

 

>>    ရေနွေးကြမ်း

          ရေသောက်ရတာပျင်းလာခဲ့ရင် ရေနွေးကြမ်းတစ်မျိုးမျိုးကို သောက်ပေးနိုင်ပါတယ်။ လက်ဖက်ရည်ကြမ်းတွေမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်တာကြောင့် ကိုယ်ခံစွမ်းအားပိုမြှင့်တင်ပေးပြီး ရောဂါပိုးမွှားတွေကို ကာကွယ်ပေးပါတယ်။

          ပျားရည်မှာ ဘက်တီးရီးယားပိုးတွေ သေစေနိုင်တဲ့ အစွမ်းသတ္တိရှိတဲ့အတွက် ပျားရည်တစ်ဇွန်းလောက် ထည့်သောက်ပေးခြင်းက ပိုအရသာရှိစေနိုင်သလို ရောဂါကိုလည်း ပိုသက်သာစေနိုင်ပါတယ်။

 

>>    ကြက်စွပ်ပြုတ်

          ကြက်စွပ်ပြုတ်ဟာ ဘိုးဘွားစဉ်ဆက် အသုံးပြုလာတဲ့ အအေးမိ ပျောက်ကင်းစေနိုင်တဲ့ ဆေးနည်းတစ်လက် ဖြစ်ပါတယ်။ ကြက်စွပ်ပြုတ်မှာပါတဲ့ ဆိုဒီယမ်ဓာတ်ဟာ အရောင်ကျစေနိုင်တဲ့ အစွမ်းသတ္တိ ရှိပါတယ်။

          လည်ချောင်းနာနေစဉ်မှာ အစာစားရတာ ခက်ခဲတတ်တာကြောင့် ကြက်စွပ်ပြုတ်လေး သောက်ပေးခြင်းက လိုအပ်တဲ့အာဟာရစွမ်းအင်ကိုလည်း ဖြည့်တင်းပေးနိုင်ပါတယ်။

 

>>    အနားယူခြင်း

          အကောင်းဆုံးနည်းလမ်းတော့ မဟုတ်ပေမယ့် အအေးမိချိန်မှာ အနားယူပေးခြင်းက ရောဂါပိုးကို တိုက်ထုတ်နိုင်ဖို့ လိုအပ်တဲ့စွမ်းအင်ကို ပေးစွမ်းနိုင်ပါတယ်။

          အအေးမိခြင်းဟာ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တတ်ပြီး ဗိုင်းရပ်စ်ပိုးကို တိုက်ထုတ်ဖို့ ကိုယ်ခံစွမ်းအားကိုသာ မှီခိုရတာကြောင့် အမြန်ဆုံး သက်သာစေဖို့ ကောင်းကောင်းအနားယူဖို့ လိုပါလိမ့်မယ်။

 

>>    ပိုးသတ်ဆေး

          ရံဖန်ရံခါ လူကြီးတွေရဲ့ ၁၀% ဟာ ဘက်တီးရီးယားပိုးကြောင့် လည်ချောင်းနာတတ်ပါတယ်။ ဒီိလို ဘက်တီးရီးယားပိုးကြောင့် လည်ချောင်းနာခြင်းတွေအတွက်သာ ပိုးသတ်ဆေး သောက်ရပါမယ်။ ပိုးသတ်ဆေး သောက်တဲ့အခါလည်း သက်သာသွားရင်တောင် ဆေးပတ်လည်အောင် သောက်သင့်ပါတယ်။

 

>>    နှာခေါင်းဆေးခြင်း

          နှာခေါင်းထဲကို ဆားရည်ထည့်ရတာကို မလန့်သွားပါနဲ့။ တစ်နေ့ကို နှာခေါင်းထဲဆားရည်နဲ့ ဆေးပေးခြင်းက အအေးမိခြင်းကို သက်သာစေနိုင်တယ်လို့ သိရပါတယ်။

          ဒါပေမဲ့ တစ်ဖက်မှာလည်း နေ့စဉ်နေ့တိုင်းဆေးခြင်းကြောင့် နှာခေါင်းတွင်းကို ကာကွယ်ပေးထားတဲ့ အချွဲတွေကို လျော့နည်းစေနိုင်တာကြောင့် ရောဂါပိုး ဝင်ရောက်ခြင်းကို ပိုအားပေးတယ်လို့လည်း ဆိုပါသေးတယ်။ ဒါကြောင့် ဆေးမယ်ဆိုရင် FDA အသိအမှတ်ပြု ပိုးသတ်ရေနဲ့ ဆေးသင့်ပါတယ်။

 

>>    ရေငွေ့ပေးစက်

          ခြောက်သွေ့နေတဲ့ အခန်းထဲနေခြင်းက လည်ချောင်းကို ပိုနာစေနိုင်ပါတယ်။ ဒါကြောင့် ရေငွေ့ပေးစက်က ဒီပြဿနာကို ဖြေရှင်းပေးနိုင်ပြီး အသက်ရှူရလွယ်စေကာ ရောဂါလက္ခဏာတွေကို သက်သာစေနိုင်ပါတယ်။

 

>>    ပျားရည်တစ်ဇွန်းပြည့်ပြည့်

          ပျားရည်တစ်ဇွန်း စားပေးခြင်းက လည်ချောင်းနာခြင်းကို ယာယီသက်သာစေနိုင်သလို ပိုးသေစေနိုင်တဲ့အစွမ်းကြောင့် မြန်မြန်သက်သာစေပါလိမ့်မယ်။

 

>>    ရေခဲခြစ်

          လည်ချောင်းနာလွန်းလို့ ဘာမှမစားနိုင်တဲ့အခါ ရေခဲခြစ်လေးစုပ်ပေးခြင်းက ထုံစေပြီး အနာ ခေတ္တ သက်သာစေပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်ပြီး အာဟာရပြည့်ဝတဲ့ ရေခဲခြစ်တွေကို ဘယ်ရီသီး၊ Basil ရွက်၊ သခွားသီး၊ နာနတ်သီး၊ အုန်းသီး၊ လက်ဖက်စိမ်း စတာတွေနဲ့ ကိုယ်တိုင် ပြုလုပ်တာက ပိုကောင်းပါတယ်။ သန့်ရှင်းဖို့က အရေးကြီးပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)