လန်းဆန်းတက်ကြွစွမ်းအင်ထက်စေမည့်ဘဝသို့ရောက်ရှိရန် အမူအကျင့် (7) ဆင့်
တစ်နေကုန်မောပန်းနွမ်းနယ်သမျှ ပြေပျောက်ရန် တစ်နေ့ 7 နာရီ၊ 8 နာရီခန့် အိပ်စက်နားနေခြင်းသည် အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်သော်လည်း မနက်ခင်းအိပ်ရာထစတွင် အပြည့်အဝလန်းဆန်းသကဲ့သို့ပင် ညနေချိန်တွင်လည်းလန်းဆန်းနေစေရန်အတွက် အောက်ပါအမူအကျင့်ကောင်းများကို လေ့ကျင့်ပျိုးထောင်ရန် လိုအပ်ပါသည်။
1. မအိပ်စက်မီတွင် ဦးနှောက်ကိုအပြည့်အဝအနားယူခြင်း
မနက်ခင်းနိုးထချိန်တွင် အပြည့်အဝလန်းဆန်းစေရန်အတွက် ညနေခင်းနှင့် ညမအိပ်မီတွင် အမူအကျင့်များ ပြောင်းလဲသင့်သည်။ ဦးနှောက်ကိုမလိုအပ်သောအရာများ မစဉ်းစားစေသင့်ဘဲအဆိုးမြင်၊ အဆိုးဘက်ရောက်စေသော စကားများပြောဆိုခြင်းကိုရှောင်ကြဉ်သင့်သည်။ အလင်းပြာရောင်ခြည်ဓာတ်များ ထုတ်လွှတ်သည့် လျှပ်စစ်ပစ္စည်းများဖြစ်သောဖုန်း၊ ကွန်ပျူတာ၊ တယ်လီဗီးရှင်းစသည့်ပစ္စည်းမှန်သမျှကို ညဘက်တွင်မသုံးစွဲသင့်ပေ။ အဆိုပါပစ္စည်းများကိုရှောင်ကြဉ်ရန်မှာခက်ခဲသော်လည်း ၄င်းတို့ကိုညဘက် အသုံးမပြုခြင်းဖြင့် အကျိုးကျေးဇူးများစွာရရှိမည်ဖြစ်သည်။ ၄င်းတို့ကို ကြည့်ရှုမည့်အစားစာဖတ်ခြင်း၊ မိသားစုနှင့် အပျင်းပြေကစားနည်းများကစားခြင်း၊ အိမ်မွေးတိရစၧာန်နှင့်ဆော့ကစားခြင်း၊ နောက်တစ်နေ့လုပ်ဆောင်ရန်များ အစီအစဉ်ဆွဲခြင်းတို့ကိုလုပ်ဆောင်နိုင်ပါသည်။
2. သဘာဝအလင်းရောင်ကိုခံယူပါ
သဘာဝအလင်းရောင်သည် လူကိုလျင်မြန်စွာနိုးထစေသည့်အပြင် စွမ်းအင်များပြည့်သကဲ့သို့ခံစားရစေပြီး စိတ်ကိုလန်းဆန်းတက်ကြွစေပါသည်။ သဘာဝအလင်းရောင်သည် ပုံမှန်အိပ်စက်မှုမျှခြေကိုထိန်းညှိပေးပြီး ထပ်ဖန်တလဲလဲအိပ်ငိုက်မှေးစက်ခြင်းမှ ကာကွယ်ပေးပါသည်။
3. ရေအေးအေးချိုးပါ (သို့)ရေအေးအေးသောက်ပါ
နံနက်ခင်းစောစောရေအေးအေးချိုးခြင်းသည် လူကိုလန်းဆန်းတက်ကြွစွာနိုးထစေသည်မှာ အမှန်ပင်ဖြစ်ပါသည်။ သို့ရာတွင် ကိုယ်ခံအားမကောင်းသူတို့အတွက်မူ အအေးပတ်ခြင်းကဲ့သို့သော ဘေးထွက်ဆိုးကျိုးများရှိနိုင်ပါသည်။ သို့ဖြစ်ရာကိုယ်ခံအားနည်းသူတွေအနေဖြင့် နိုးနိုးချင်းရေအေးအေးတစ်ခွက်သောက်ခြင်းသည် ရေအေးချိုးခြင်း ကဲ့သို့ပင် လန်းဆန်းတက်ကြွစေပြီး ခန္ဓာကိုယ်ဇီဝဖြစ်စဉ်ကိုလည်းလျင်မြန်စေပါသည်။
4. ခန္ဓာကိုယ်တွင်းအောက်ဆီဂျင်ဓာတ်ပိုများရန်လုပ်ဆောင်ခြင်း
လေ့ကျင့်ခန်းလုပ်ခြင်းသည် ခန္ဓာကိုယ်တွင်းလိုအပ်သောစွမ်းအင်များကို မြှင့်တင်ပေးပြီးနံနက်ခင်းပိုင်း အိမ်ပတ်ဝန်းကျင်တွင်ပြေးခြင်း (သို့မဟုတ်) လေ့ကျင့်ခန်းလုပ်ခြင်းသည် တစ်နေ့တာလုံး ကိုယ်ရောစိတ်ပါ တက်ကြွလန်းဆန်းစေပါသည်။
5.လက်ဖက်ရည်ကြမ်းသောက်ပါ
လူအများအတွက် နံနက်ခင်းပိုင်းကော်ဖီသောက်ခြင်းသည် အလေ့အထတစ်ခုဖြစ်သော်လည်းလေ့လာ သူများက လက်ဖက်ရည်ကြမ်းသောက်ခြင်းသည် စွမ်းအင်ပြန်လည်ဖြည့်တင်းရာတွင် ပိုမိုကောင်းမွန်သော ရွေးချယ် မှုဖြစ်ကြောင်းပြောကြားထားပြီး ဆေးလက်ဖက်ရည်နှင့် လက်ဖက်ရည်စိမ်းတို့ကိုလည်း ရွေးချယ်နိုင်ကြောင်းသိရသည်။
6. အစားပုံမှန်စားပါ
မည်မျှပင် အလုပ်ရှုပ်စေကာမူ၊ စိတ်ဖိစီးမှုများနေစေကာမူ အစားပုံမှန်မစားဘဲမနေသင့်ပေ။ နံနက်ခင်းတွင် နံနက်စာကို ပြည့်ဝစွာစားသုံးခြင်း၊ ပုံမှန်နေ့လည်စာနှင့် ကျန်းမာရေးနှင့်ညီညွတ်သော မုန့်ပဲသရေစာစားသုံးခြင်းနှင့် အရသာရှိသောညစာကို နေ့စဉ်ပုံမှန်စားသုံးသင့်ပါသည်။ အာဟာရမပြည့်ဝလျှင် လှုပ်ရှားသွားလာရန် စွမ်းအင်လည်းပြည့်ဝမှာမဟုတ်ပါ။
7. တစ်ရေးတမောအိပ်ခြင်း
မောပန်းနွမ်းနယ်အားအင်ကုန်ခန်းခြင်းကို အချိန်ကြာမြင့်စွာခံစားနေရပါက နေ့လည်နေ့ခင်းပိုင်းတွင် 15 မိနစ်၊ မိနစ် 20 ခန့် ခေတ္တတစ်ရေးတမောအိပ်စက်ခြင်းဖြင့်လည်း အားပြန်ပြည့်နိုင်ပါသည်။ လုပ်ငန်းခွင်တွင်းဖြစ်ပါက အလုပ်ရှင်နှင့် လုပ်ဖော်ကိုင်ဖက်တို့ကို မိမိကျန်းမာရေးပြဿနာအတွက် ကြိုတင်ပြောပြခွင့်ပန်ထားသင့်သည်။
အိပ်ရေးမဝခြင်းသည် အားအင်ကုန်ခန်းရခြင်း၏ တစ်ခုတည်းသောအကြောင်းရင်းမဟုတ်ဘဲ စားသောက်နေထိုင်မှုပုံစံမှားယွင်းခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ အင်တာနက်အလွန်အမင်းသုံးစွဲခြင်းတို့ကလည်း စွမ်းအင်ကုန်ခန်းရခြင်း၏ အကြောင်းများဖြစ်ရာ အထက်တွင်ဖော်ပြခဲ့သောအမူအကျင့်များကို မွေးမြူ လုပ်ဆောင်သင့်ပါသည်။
Dr. Thanda Lin






























