လမ်းအကြာကြီး လျှောက်ပြီးရင် ဘာလို့ ခြေထောက်တွေ ကိုက်ခဲရတာလဲ
လမ်းလျှောက်တာက သက်လုံကောင်းစေတယ်၊ ကြံ့ခိုင်စေတယ်၊ ကျန်းမာစေတယ် စတဲ့ အကျိုးကျေးဇူးတွေ များပေမယ့် လျှောက်နေကျမဟုတ်ဘဲ အကြာကြီးလျှောက်ရင် ပင်ပန်းတာ၊ ခြေထောက်တွေ ကိုက်ခဲတာ ဖြစ်တတ်ပါတယ်။
ဆိုတော့ လမ်းလျှောက်တာများလို့ဘဲ ကိုက်ခဲတာလား၊ ကျန်းမာရေးအခြေအနေ တစ်ခုခုကြောင့်လားဆိုတာ သိချင်ကြမှာပါ။
ဘယ်လို ကိုယ်လက်လှုပ်ရှားမှုမျိုးပဲလုပ်လုပ် ကြွက်သားတွေ ပင်ပန်းနွမ်းနယ်နိုင်ပါတယ်။ အကြာကြီးလမ်းလျှောက်တဲ့အခါ၊ လှေကားထစ်တွေ အမြင့်တွေ တက်ရင်၊ လမ်းလျှောက်ရာမှာ အဆင်မပြေတဲ့ ဖိနပ်တွေ ဝတ်ရင်၊ မာကျောတဲ့နေရာမှာ လျှောက်ရင် ခြေထောက်ကို အရမ်းအလုပ်ပေးသလိုဖြစ်ပြီး ကြွက်သားတွေ ပင်ပန်းနွမ်းနယ်လာပါတယ်။
တခြား ခြေထောက်ကို ကိုက်ခဲစေတဲ့ ကျန်းမာရေးအခြေအနေတွေက သွေးကြောရောင်တာ၊ သွေးခဲပိတ်တာ၊ အာရုံကြောပျက်စီးတာနဲ့ ခြေထောက်သွေးကြော သွေးကျတာတို့ ဖြစ်ပါတယ်။ နောက် ကိုလက်စထရောကျအောင် သောက်ရတဲ့ဆေးတွေ၊ ဆီးဆေးတွေကလည်း ခြေထောက်ကို ကိုက်ခဲစေပါတယ်။ အရွတ်ယောက်တာ၊ ခြေဖနောင့်ကွဲတာ၊ ကြွက်သားတွေ တောင့်တင်းတာမျိုးကလည်း ခြေထောက် နာစေတတ်ပါတယ်။
>> နာတာကို ဘယ်လိုသက်သာအောင် လုပ်လို့ရမလဲဆို
ခြေထောက်ကို အပေါ်မြောက်ထားပြီး အနားယူပါ။ ခြေထောက်အောက်က ခေါင်းအုံးခုထားရင်လည်း နှလုံးဆီကို သွေးပြန်စီးဆင်းစေပါတယ်။
ခြေထောက်နာနေချိန်မှာ မတ်တတ်အကြာကြီး ရပ်တာ၊ လမ်းအကြာကြီး လျှောက်တာမျိုးကို ရှောင်ပါ။
အနာသက်သာအောင် ခြေထောက်ကြွက်သားပေါ်ကို ရေခဲတင်ပါ။ ရေခဲကပ်ပါ။
နီရဲရောင်ရမ်းတာတွေမရှိရင် ရေနွေးစိမ်တာမျိုး ရေနွေးနဲ့ ရေချိုးတာမျိုး လုပ်ပေးပါ။
ခြေထောက် နာကျင်တာက နောက်ရက်တွေဆို ဖြည်းဖြည်းချင်း သက်သာသွားပါတယ်။ တကယ်လို့ မသက်သာရင် ဆရာဝန်နဲ့ ပြပြီး ဒဏ်ရာ ရှိ၊ မရှိ စစ်ဆေးဖို့ လိုပါမယ်။
Dr. Htar (www.drmyanmar.com)






























