/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/သင့်မှာ-လေဖြတ်နိုင်ချေရှိနေလား-ဆန်းစစ်ကြည့်ပါ

သင့်မှာ လေဖြတ်နိုင်ချေရှိနေလား ဆန်းစစ်ကြည့်ပါ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

လေဖြတ်ခြင်းဆိုတာ သင် သတိမထားမိခင်မှာပင် ရုတ်တရက် ဖြစ်ပေါ်လာနိုင်သော ပြဿနာတစ်ခုပါပဲ။ အရမ်းကြီးတော့ မစိုးရိမ်လိုက်ပါနဲ့။ ဘာလို့လဲဆိုရင် လေဖြတ်ခြင်းကို အစားအသောက်၊ အနေအထိုင် ဆင်ခြင်ပြီး ကျန်းမာရေးနဲ့ညီညွတ်အောင် နေထိုင်ခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်ပါတယ်။
ဦးနှောက်ဆီသို့ သွေးစီးဆင်းမှု ပိတ်ဆို့သောအခါ သို့မဟုတ် ဦးနှောက်သွေးကြောပြတ်သောအခါတွင် လေဖြတ်ခြင်း ဖြစ်ပေါ်ပါတယ်။ လေဖြတ်ခြင်းကြောင့် နှစ်စဉ် လူအများအပြား သေဆုံးနေပြီး နာတာရှည်အိပ်ရာထဲ လဲနေရသူတွေလည်း မနည်းပါဘူး။
ဒါဆိုရင် လေဖြတ်ခြင်းကိုဖြစ်စေဖို့ အလားအလာများစေတဲ့ အကြောင်းရင်းတွေကို လေ့လာကြည့်ရအောင် -
(၁)  သွေးတိုးရောဂါ
သွေးတိုးရောဂါကို ကောင်းစွာမကုသပါက အချိန်ကြာတာနဲ့အမျှ သွေးကြောတွေပိတ်ပြီး ဦးနှောက်ဆီသို့ သွေးကောင်းစွာမရောက်ရှိနိုင်ဘဲ လေဖြတ်စေပါတယ်။

(၂)  ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်သူတွေဟာ သာမန်သူတွေထက် သွေးပျစ်တာမို့ သွေးခဲများဖြစ်ပေါ်စေဖို့ အလားအလာ ပိုများပါတယ်။ ထိုသွေးခဲတွေဟာ နှလုံးနဲ့ဦးနှောက်သွေးကြောတွေကို ပိတ်ဆို့မှုဖြစ်ပေါ်စေတဲ့အပြင် ဆေးလိပ်သောက်ခြင်းကြောင့်လည်း သွေးကြောတွေကို နဂိုထက် ပိုကျဉ်းစေတာမို့ ကိုယ်ခန္ဓာရဲ့ သွေးစီးဆင်းမှုတွေကို အနှောင့်အယှက် ဖြစ်စေပါတယ်။

(၃)  နှလုံးရောဂါ
နှလုံးသွေးကြောကျဉ်းရောဂါ ရှိသူများအနေနဲ့ လုံလောက်တဲ့ကုသမှု မခံယူပါက လေဖြတ်နိုင်ပါတယ်။

(၄)  ဆီးချိုရောဂါ
ဆီးချိုရောဂါရှိသူအများစုဟာ အဝလွန်တဲ့အပြင် သွေးတိုးနဲ့ ကိုလက်စထရောများခြင်းပါ တွဲဖက်ဖြစ်ပေါ်တတ်တာမို့ လေဖြတ်ခြင်းဖြစ်ဖို့ အလားအလာ များပါတယ်။

(၅)  အဝလွန်ခြင်း၊ လှုပ်ရှားမှုနည်းခြင်းနဲ့ ကျန်းမာရေးနဲ့ မညီညွတ်သောစားသောက်ပုံ
အဝလွန်ခြင်း၊ အထိုင်များခြင်း၊ အသင့်စား သရေစာများ၊ အငန်များ၊ အဆီအဆိမ့်များ အစားများခြင်းတို့ကြောင့် နှလုံးရောဂါအပြင် ကိုလက်စထရော များခြင်းနဲ့သွေးတိုးခြင်းပါ ဖြစ်စေပါတယ်။ ထိုကနေတစ်ဆင့် လေဖြတ်ခြင်းကို ဖြစ်ပေါ်စေမှာ ဖြစ်ပါတယ်။

(၆)  အသက် နဲ့ ကျားမ
ငယ်တဲ့သူတွေမှာလည်း လေမဖြတ်ဘူးလို့ မဆိုနိုင်ပေမယ့် အသက်ကြီးလေ လေဖြတ်ဖို့ ရာနှုန်းများလေ ဖြစ်ပါတယ်။ ဒါပေမဲ့ လေဖြတ်ခြင်းဟာ ကလေးတွေမှာတောင်ဖြစ်နိုင်တာမို့ သတိထားသင့်ပါတယ်။
အမျိုးသားတွေထက် အမျိုးသမီးတွေဟာ သန္ဓေတားဆေးများ သောက်ရခြင်း၊ ကိုယ်ဝန်ဆောင်ရခြင်းတို့ကြောင့် လေဖြတ်နိုင်ချေ ပိုများတာ တွေ့ရပါတယ်။

(၇)  ယခင်လေဖြတ်ဖူးခြင်း သို့မဟုတ် မျိုးရိုးရှိခြင်း
လေဖြတ်ဖူးပြီး ပြန်ကောင်းလာသူများ သို့မဟုတ် မိဘ၊ ဘိုးဘွားနဲ့ မောင်နှမတွေမှာ လေဖြတ်ဖူးသူတွေဟာ လေဖြတ်နိုင်ချေ ပိုများလာပါတယ်။  လေဖြန်းဖူးသူတွေအနေနဲ့လည်း လေဖြတ်နိုင်ချေရှိလို့ သတိထားသင့်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)