သင့်ရဲ့တုပ်ကွေးကို ပိုဆိုးစေတဲ့အရာတွေ
>> တုပ်ကွေးကာကွယ်ဆေး မထိုးထားတာ
တုပ်ကွေး ကာကွယ်ဆေးဟာ တုပ်ကွေးကို လုံးဝမဖြစ်စေဖို့ မကာကွယ်နိုင်ပေမယ့် ဖြစ်ခဲ့ရင်တောင် သိပ်ပြီးမခံရစေပါဘူး။ တုပ်ကွေးရာသီ ရောက်ပြီဆိုတာနဲ့ ကြိုတင်ကာကွယ်ထားတာ အကောင်းဆုံးပါပဲ။
>> ရေ/ အရည်များများ မသောက်တာ
ရေများများ သောက်တာက ချွဲသလိပ်တွေ ပျော်စေပြီး ရောဂါသက်သာစေပါတယ်။ ဒါကြောင့် ရေ/စွပ်ပြုတ်/ သကြားမပါတဲ့ ဖျော်ရည်/ကဖင်းဓာတ် မပါတဲ့ လက်ဖက်ရည် စတာတွေ သောက်ပြီး ရေဓာတ် မခမ်းခြောက်အောင် ကာကွယ်ပါ။
>> ဆရာဝန်နဲ့ မပြတာ
ရိုးရိုးဖျားတာ၊ ကိုက်ခဲတာလောက်နဲ့တော့ ဆရာဝန်နဲ့ အမြဲပသစရာ မလိုဘူးလို့ ထင်နေရင် မှားပါတယ်။ စောစောပြတာက စောစောသက်သာစေပြီး သူများတွေကို ကူးစက်ခြင်းက လျော့ကျစေပါတယ်။
>> အချိုတွေ၊ ဂျုံတွေ စားတာ
အချိုမုန့်တွေ၊ ပေါင်မုန့်တွေ၊ ပါစတာတွေက သကြားအဖြစ်ကို လွယ်လွယ်ကူကူ ပြောင်းပေးပါတယ်။ ရောဂါပိုးတွေဟာ သကြားဆီက အာဟာရဓာတ်ရတာမို့ ရောဂါကို ပိုဆိုးစေပါတယ်။ ဒါကြောင့် ဖျားနေတဲ့ အချိန်မှာ ကျန်းမာရေးနဲ့ ညီညွတ်တာပဲ စားပါ။
>> လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်တာ
အနားကောင်းကောင်းယူပါ၊ ကောင်းကောင်းအိပ်ပါ။ လေ့ကျင့်ခန်းတွေ လုပ်မယ့်အစား ရိုးရိုးလမ်းလျှောက်တာလောက်ပဲ လုပ်သင့်ပါတယ်။
>> အအေးခံတာ
အေးပြီး စိုစွတ်တဲ့ ပတ်ဝန်းကျင်ဟာ ဖျားနာတာကို ပိုဆိုးစေပါတယ်။ အေးနေတဲ့ ခုခံဆဲလ်တွေဟာ virus ကို သိပ်ပြီး မတိုက်ခိုက်နိုင်ပါဘူး။ virus တွေကလည်း အေးတဲ့အခါ ပိုပြီးအားကောင်းကြပါတယ်။ ဒါကြောင့် နွေးနွေးထွေးထွေးနေပါ။
>> အရွက်ပြုတ်တွေ သောက်တာ
ဒါတွေ သောက်တာက ဖျားနာတာကို သက်သာစေတယ်ဆိုတဲ့ တိကျတဲ့လေ့လာမှု မရှိပါဘူး။
>> အိပ်ရေးဝဝ မအိပ်တာ
ကောင်းကောင်းအနားယူမှသာ ကိုယ့်ရဲ့ ကိုယ်ခံအားစနစ်က ကောင်းကောင်း အလုပ်လုပ်ပြီး ရောဂါပိုးကို မြန်မြန်တိုက်ထုတ်နိုင်မှာပါ။ ဒါကြောင့် အိပ်ရေးဝဝ အိပ်ပါ။
>> ဆေးတွေ လျှောက်သောက်တာ
ဖျားတာ၊ ခေါင်းကိုက်တာ၊ ခန္ဓာကိုယ် ကိုက်ခဲတာမျိုးကို ရိုးရိုးအကိုက်အခဲပျောက်ဆေးလောက်ပဲ သောက်စရာ လိုပါတယ်။ အဲဒီလိုမဟုတ်ဘဲ နှာခေါင်းထဲ နှာစေးပျောက်ဆေးတွေ မလိုအပ်ဘဲ ဖြန်းတာမျိုးက နောက်ပိုင်း ပိုဆိုးလာစေသလို စွဲသွားစေတတ်ပါတယ်။
Dr. Htar (www.drmyanmar.com)






























