/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/သင်လည်ပင်းနာနေတာက-ဓာတ်မတည့်ခြင်း-hay-fever-ကြောင့်လား၊-covid-19

သင်လည်ပင်းနာနေတာက ဓာတ်မတည့်ခြင်း (Hay fever) ကြောင့်လား၊ COVID-19 ကြောင့်လား

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ဒီအချိန်ဟာ ဓာတ်မတည့်ခြင်း (Hay Fever) ဖြစ်လေ့ရှိတဲ့ အချိန်ကာလဖြစ်ပါတယ်။ COVID-19 ကပ်ရောဂါဟာလည်း ဒီအချိန်မှာ ကူးစက်ခံရမှု များပြားနေတဲ့ရောဂါ ဖြစ်ပါတယ်။ ရောဂါနှစ်ခုစလုံးဟာ လည်ပင်းနာခြင်း လက္ခဏာကို ဖြစ်စေနိုင်ပါတယ်။ ဒီရောဂါနှစ်ခုက ဘာတွေကွာခြားလဲ ဆက်လက်ဖော် ပြပေးပါမယ်။
ဓာတ်မတည့်ခြင်း (Hay fever) ဆိုတာကတော့ ရာသီအလိုက်ဖြစ်လေ့ရှိတဲ့ ဝတ်မှုန်တွေနဲ့ ဓာတ်မတည့်ခြင်း ဖြစ်ပါတယ်။ နှာစေးခြင်းကို အဓိကဖြစ်စေပြီးတော့ ယားယံခြင်း၊ လည်ပင်းနာခြင်းကိုလည်း ဖြစ်စေနိုင်ပါတယ်။ COVID-19 နဲ့ ခြားနားချက်ကတော့ ဓာတ်မတည့်ခြင်းက နေရာတစ်နေရာ၊ နိုင်ငံတစ်နိုင်ငံ စသည်ဖြင့် ဖြစ်လေ့ရှိပြီး COVID-19 ကတော့ တစ်ကမ္ဘာလုံးပျံ့နှံ့ကူးစက်နေတာဖြစ် ပါတယ်။ ဓာတ်မတည့်ခြင်း ဖြစ်ဖို့အတွက် ဝတ်မှုန်တွေနဲ့ ထိတွေ့မှုရှိဖို့လိုပါတယ်။ COVID-19 ကတော့ ဝတ်မှုန်နဲ့ ထိတွေ့စရာမလိုပါဘူး။
ဓာတ်မတည့်ခြင်းရဲ့လက္ခဏာတွေကတော့ နှာစေးခြင်း၊ နှာပိတ်ခြင်း၊ မျက်လုံး၊ ပါးစပ်၊ အရေပြားတွေ ယားယံခြင်း၊ လည်ပင်းနာခြင်း စတာတွေ ဖြစ်ပါတယ်။ ဒါ့အပြင် ခေါင်းကိုက်ခြင်း၊ ချမ်းတုန်ခြင်းတွေကိုလည်း ခံစားရနိုင်ပါတယ်။ ဓာတ်မတည့်ခြင်းအတွက် ကုသနည်းကတော့ antihistamine ပါတဲ့ သောက်ဆေး၊ လိမ်းဆေး စတာတွေပဲ ဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကလည်း လည်ပင်းနာခြင်းကို ဖြစ်စေပါတယ်။ ဒါပေမဲ့ အဓိကလက္ခဏာတွေက ဖျားနာခြင်း၊ ချောင်းဆိုးခြင်းတို့ ဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ်လက်မအီမသာဖြစ်ခြင်း၊ ညောင်းညာ ကိုက်ခဲခြင်း၊ ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်း၊ အော့အန်ခြင်း၊ နှာစေးခြင်း စတဲ့လက္ခဏာတွေလည်း ဖြစ်စေ နိုင်ပါတယ်။
ဒါ့ကြောင့် လည်ပင်းနာခြင်းနဲ့ နှာစေးခြင်းကို ခံစားနေရပြီဆိုရင် Hay fever ရော၊ COVID-19 ရော ကြောင့် ဖြစ်နိုင်ပါတယ်။ ဒီလက္ခဏာတွေအပြင် မျက်စိ၊ အရေပြား ယားယံတာကိုပါ ခံစားရပြီဆိုရင် ဓာတ်မတည့်ခြင်းကြောင့် ပိုဖြစ်နိုင်ပြီး ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ နွမ်းနယ်ခြင်းတွေကိုပါ ခံစားရပြီဆိုရင်တော့ COVID-19 ကြောင့် ပိုဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ဒီအချိန်ကာလမှာ အထက်ပါလက္ခဏာတွေ ခံစားရပြီဆိုရင်တော့ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်း၊ ဖျားနာကုဆေးခန်းများသို့ အမြန်ဆုံးသွားရောက်ပြသကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

ဒေါက်တာအောင် (www.drmyanmar.com)