/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/သင်္ကြန်မှာထွက်လည်ပြီး-လည်ချောင်းနာခဲ့ရင်

သင်္ကြန်မှာထွက်လည်ပြီး လည်ချောင်းနာခဲ့ရင်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          မြန်မာတို့ရဲ့ နှစ်သစ်ကူးအတာသင်္ကြန်ကို အလွန်ပူပြင်းလှတဲ့နွေရာသီအချိန်အခါမှာ ကျင်းပပြုလုပ်တာဖြစ်တဲ့အတွက် သင်္ကြန်လည်တဲ့သူတွေဟာ ခြောက်သွေ့တဲ့လေကို ရှုရှိုက်မိရုံသာမ ရေဓာတ်ခန်းခြောက်တဲ့ အခြေအနေတွေကိုပါကြုံတွေ့ရနိုင်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ကတော့ လည်ချောင်းတွေခြောက်သွေ့အက်ကွဲပြီး လည်ချောင်းနာလာနိုင်ပါတယ်။ လည်ချောင်းနာခြင်းဟာ ခဏတာဆိုလျှင် ဘာမှမဖြစ်ပေမယ့် အချိန်ကြာလာပြီဆိုလျှင်တော့ ဆရာဝန်နှင့် သွားရောက်ပြသသင့်ပါတယ်။

          သင်္ကြန်လည်တဲ့သူတွေမှာ လည်ချောင်းနာနိုင်စေတဲ့အတွက် 2 ချက်ကတော့ -

1. ခြောက်သွေ့သောလေကိုရှူခြင်း

        နှာခေါင်းနဲ့ လည်ချောင်းနံရံမှာရှိတဲ့ ချွဲထုတ်ပေးနိုင်တဲ့ဆဲလ်တွေဟာ တစ်သျှူးတွေကိုအမြဲစိုစွတ်နေစေပါတယ်။ ဒါပေမယ့် စိုထိုင်းစမပါဝင်တဲ့ ခြောက်သွေ့တဲ့လေတွေကို ရှုရှိုက်မိတဲ့အခါမှာတော့ လည်ချောင်းဟာခြောက်သွေ့အက်ကွဲပြီး ယားယံလာနိုင်ပါတယ်။ ဒီလိုခြောက်ပြီးယားယံလာတဲ့အတွက် ပါးစပ်ဖြင့် အသက်ရှုခြင်း၊ အသက်ရှုမြန်ခြင်း စတာတွေ ဖြစ်ပေါ်လာပြီး လည်ချောင်းနာခြင်းကိုပိုဆိုးစေပါတယ်။

2. ရေဓာတ်ခန်းခြောက်ခြင်း

        ပါးစပ်နဲ့ လည်ချောင်းခြောက်ခြင်းတွေဟာ အပျော့စားရေဓာတ်ခန်းခြောက်တွေဟာ အပျော့စားရေဓာတ်ခန်းခြောက်ခြင်းရဲ့ ကနဦးလက္ခဏာတွေလို့သတ်မှတ်လို့ရပါတယ်။ လည်ချောင်းခြောက်သွေ့အက်ကွဲနေတာကြောင့် အစာမြိုချရာမှာလည်း ခက်ခဲနိုင်ပါတယ်။ သင်္ကြန်လည်တဲ့သူတော်တော်များများဟာ ပူပြင်းလှတဲ့ ရာသီဥတုကြောင့် အပျော့စားရေဓာတ်ခန်းခြောက်ခြင်းကို ကြုံတွေ့ရတတ်ပါတယ်။ ဒါ့အပြင် အရက်ပါအလွန်အကျွံသောက်မိရင်တော့ နောက်တစ်နေ့မှာ ရေဓာတ်ခန်းခြောက်၍ လည်ချောင်းတွေနာနေနိုင်ပါတယ်။

သတိပြုရန်အချက်များ

        လည်ချောင်းနာတာကိုသက်သာစေနိုင်ဖို့ ရေများများသောက်ပေးပါ။ ဒါပေမယ့် လည်ချောင်းနာတာဟာ တော်တော်ဆိုးနေတာဖြစ်ဖြစ်၊ အချိန်အတော်ကြာအထိ မပျောက်ကင်းတာပဲဖြစ်ဖြစ် ဆရာဝန်ထံသွားရောက်ပြသသင့်ပါတယ်။ အရေးကြီးဆုံးကတော့ မူးဝေခြင်း၊ မေ့လဲခြင်း၊ ချေွးမထွက်ခြင်း၊ စိတ်ဂယောင်ခြောက်ခြားဖြစ်ခြင်းနဲ့ နှလုံးခုန်မြန်ခြင်း စတဲ့ရောဂါလက္ခဏာတွေခံစားနေရပြီဆိုပါက ဆိုးဆိုးရွားရွားရေဓာတ်ခန်းခြောက်နေတာဖြစ်တဲ့အတွက် အရေးပေါ်ဌာနကို အမြန်သွားရောက်ဖို့လိုပါတယ်။

အိမ်တွင်းကုသနည်းများ

        လည်ချောင်းနာတာကို အိမ်မှာပဲအလွယ်တကူကုသနိုင်တဲ့နည်းလမ်းတွေကတော့ -

1. ဆားရည်နွေးဖြင့် အာလုတ်ကျင်းခြင်း

2. လက်ဖက်ရည်၊ စွပ်ပြုတ်၊ ရေနွေး စတဲ့အရည်ပူပူများကို များများသောက်ပေးခြင်း

3. ဆေးလိပ်သောက်ခြင်း၊ ဓာတုပစ္စည်းများဖြင့် ထိတွေ့ခြင်းများကိုရှောင်ကျဉ်ခြင်း

4. လည်ချောင်းနာသက်သာစေမယ့် ငုံဆေးများငုံပေးခြင်း

5. အကိုက်အခဲပျောက်အရောင်ကျဆေးများသောက်သုံးခြင်း (ဥပမာ - paracetamol)

          အကယ်၍လည်ချောင်းနာခြင်းဟာ ဘက်တီးရီးယားပိုးကြောင့်ဖြစ်တယ်ဆိုပါက ဆရာဝန်မှ ပိုးသတ်ဆေးများသောက်သုံးရန် ညွှန်ကြားပါလိမ့်မယ်။ ပိုးသတ်ဆေးတွေကို စတင်သောက်သုံးလိုက်ပြီဆိုသည်နှင့် လည်ချောင်းနာတာ သက်သာသွားသည့်တိုင်အောင် မရပ်လိုက်ဘဲ ဆေးပတ်လည်အောင် ဆက်လက်သောက်သုံးဖို့လိုအပ်ပါတယ်။ ဆေးသောက်တာကို မိမိသဘောနှင့်မိမိ စောစောစီးစီးရပ်လိုက်ပါက လည်ချောင်းပြန်နာနိုင်ပါတယ်။

          ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ လည်ချောင်းနာခြင်းမျိုးဆိုပါက ရောဂါလက္ခဏာတွေသက်သာစေဖို့ လည်ချောင်းနာသက်သာစေမယ့် ငုံဆေးနှင့် အကိုက်အခဲပျောက်အရောင်ကျဆေးများကို ဆရာဝန်မှညွှန်ကြားပေးပါလိမ့်မယ်။

 

Dr. Thinzar Wynn

www.drmyanmar.com