သန်ပြားကောင်ရောဂါ စွဲကပ်နေပြီလို့ ဆိုနိုင်တဲ့ လက္ခဏာတွေ
ဗိုက်ထဲမှာ သန်ပြားကောင်လေးတွေ သီချင်းဆိုနေပြီလို့ ယူဆရမယ့်လက္ခဏာတွေက ဘာတွေများလဲ?
● ဗိုက် မကြာခဏ နာတတ်မယ်၊ ချက်ပတ်ပတ်လည်မှာ စူးစူးကြီး နာနေတတ်တာက သန်ပြားကောင် စွဲနေတာကို ပြသပါတယ်။
● ဝမ်းသွားတဲ့အခါ သန်ပြားကောင် ပါသွားသလိုမျိုး ခံစားချက်၊ မိမိ သွားလိုက်တဲ့ဝမ်းထဲမှာ သန်ကောင်အစအန သို့မဟုတ် အကောင်လိုက်တွေ့ရင် ထိတ်လန့်မသွားပါနဲ့၊ ဆရာဝန်နဲ့ ချက်ချင်းပြသပြီး သန်ချဆေးကောင်းကောင်းသောက်ဖို့ မြန်သွားတာပေါ့။
● သန်ပြားကောင် စွဲကပ်နေသူတွေဟာ ဘယ်လောက်စားစား အလိုလိုနေရင်း နုံးချိနေကြပါတယ်။ မိမိခန္ဓာက လိုအပ်တဲ့အစာအာဟာရတွေကို သန်ပြားကောင်က စုပ်ယူစားသောက်နေတာကြောင့် လုံလောက်တဲ့ အာဟာရမရဘဲ တနေ့တခြား နုံးချိပင်ပန်းလာတတ်ပါတယ်။
● ဗီတာမင်ဘီတွဲနဲ့ အသားဓာတ်တွေ ချို့တဲ့လာပြီး သွေးအား တစ်နေ့တခြား နည်းပါးလာပါတယ်။
● သန်ပြားကောင်ကို ဗိုက်ထဲမှာတင် ပျော်တယ်မထင်ပါနဲ့။ ဝမ်းထဲကနေ အသာလေး တက်သွားပြီး ဦးနှောက်ထဲမှာ ဇိမ်ကျနေတတ်ပါသေးတယ်။ အဲဒီအခါ လူနာက အတက်ရောဂါတွေနဲ့ ရောက်ချလာတတ်ပါတယ်။ ခေါင်း မကြာခဏကိုက်ပြီး တက်တတ်တာပါ။
● သွေးထဲမှာ သွေးဖြူဥတစ်မျိုး များနေရင် အကောင်တည်ရှိနေတာကို ပြပါတယ်။
● တစ်ခါတလေ ဆား စားချင်လာတာမျိုး၊ မြေကြီး ကောက်ဝါးချင်သလိုလို အထူးတဆန်းလည်း ခံစားရတတ်ပါတယ်။
● ပေ ရာနဲ့ချီပြီး ရှည်လျားတဲ့သန်ပြားကောင်တွေ ဗိုက်ထဲမှာ နေတာကြာလာတဲ့အခါ လူက အလိုလို ပိန်ကျလာပါတယ်။
● ပျို့အန်မယ်၊ ပိန်မယ်၊ အစားမစားချင်ဘူး၊ ဝမ်း မကြာခဏ လျှောမယ်။
● အသည်းထဲမှာ သွားခွေနေပြီး အကျိတ်တွေ့နေတယ်ဆိုရင် သန်ပြားကောင်အကျိတ် ဖြစ်နေတတ်ပါတယ်။ အသည်းကို ဆိုးဝါးစွာ ထိခိုက်စေတဲ့ အကြောင်းတစ်ချက်ပဲပေါ့။
● တစ်ခါတလေ ဗိုက်ကြီးကယ် လေမသွား၊ ဝမ်းမသွားရင် သန်ကောင်ထွေးကြောင့် အူပိတ်နေတာ ဖြစ်နေတာတွေ ရှိပါတယ်။ ခွဲစိတ် ထုတ်ယူရတာပေါ့။
● ဘာလက္ခဏာမှ မပြဘဲ အူထဲမှာ အူတွေနဲ့ မိတ်ဆွေဖွဲ့ပြီး တိတ်တိတ်လေး ကြီးထွားနေတတ်တဲ့ သန်ကောင်တွေ ရှိတတ်ပါသေးတယ်။
သန်ပြားကောင်ရောဂါ စွဲကပ်တဲ့အခါ ဆရာဝန်နဲ့ပြသ ဆေးသေချာသောက်ရင် လုံး၀ပျောက်ကင်းနိုင်တာမို့ ဒီလက္ခဏာတွေရှိရင် စဉ်းစားကုသကြဖို့ အကြံပြုပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)




























