သွားတိုက်တဲ့အခါ သွားဖုံးသွေး ဘာကြောင့်ထွက်
သွားတိုက်ပြီးတိုင်း ထွေးထုတ်လိုက်တဲ့ရေထဲမှာ သွေးပါတယ်ဆိုရင် ဒါက သွားဖုံးရောဂါ တစ်ခုခုကြောင့် ဖြစ်နိုင်ပါတယ်။
သာမန်သွားဖုံးရောဂါ (သို့) သွားဖုံးရောင်ခြင်းက သွားပေါ်မှာ ကာလရှည်ကြာစွာ ကပ်ကျန်နေတဲ့ ဘက်တီးရီးယားပိုးတွေနဲ့ အညစ်အကြေးတွေ အစာ အကြွင်းအကျန်တွေကြောင့် ဖြစ်ပါတယ်။ ဒီသွားချေးဖတ်တွေ ကပ်ကျန်နေတဲ့အချိန် ကြာလေလေ သွားဖုံးပိုရောင်လေလေပါပဲ။ ဒါကြောင့် ပုံမှန်သွားတိုက်တာတောင် သွားဖုံးကို ထိခိုက်သလိုဖြစ်ကာ သွေးထွက်စေပါတယ်။ ပြဿနာက ဒီသွားဖုံးရောင်တာတွေက ပုံမှန်ဆိုရင် ပိုမဆိုးလာမချင်း နာတာ၊ ကိုက်တာ မရှိတဲ့အတွက် ကျွန်ုပ်တို့အများစုက ကိုယ့်မှာ သွားဖုံးရောင်နေမှန်း မသိကြပါဘူး။
သွားဖုံးရောင်တာကို မကုဘဲနေမယ်ဆိုရင် သွားပတ်ပတ်လည်က တစ်သျှူးတွေပါ ရောင်လာပြီး သွားနဲ့လာမယ်၊ ပိုပြီးဆိုးလာပါက သွားကျွတ်ထွက်သွားမယ် (သို့) သွားနှုတ်ပစ်ရတတ်ပါတယ်။
သွားဖုံးရောဂါက ခံတွင်းရောဂါသာမက နှလုံးရောဂါ၊ ဆီးချိုရောဂါနဲ့ လေဖြတ်ခြင်းတို့ ဖြစ်နိုင်ခြေတွေနဲ့ ဆက်စပ်မှု ရှိပါတယ်။
>> သွားနဲ့ခံတွင်း ကျန်းမာစေဖို့
သွားဖုံးရောင်ခြင်းကို ကာကွယ်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းကတော့ ခံတွင်းသန့်ရှင်းအောင်ထားတဲ့ အလေ့အကျင့်ကောင်းပဲ ဖြစ်ပါတယ်။ သွားချေးတွေ ကပ်ကျန်မနေစေဖို့အတွက် တစ်နေ့ကို နှစ်ကြိမ် သွားတိုက်ပြီး ညဘက်မှာ သွားပွတ်ကြိုးနဲ့ သေချာပွတ်ပေးပါ။
သွားဆရာဝန်နဲ့ ပုံမှန်စစ်ဆေးမှုပြုပါ။ သွားဖုံး သွေးယိုခြင်း၊ သွားပိုးပေါက်ဖြစ်ခြင်း၊ သွားကိုက်ခြင်း၊ ပူတဲ့ အေးတဲ့ အစာတွေ စားသောအခါ သွားကိုက်ခြင်း၊ တစ်ခုခု ကိုက်တဲ့အခါမှာ သွားနာခြင်းတို့ဖြစ်လျှင်် 3 လ တစ်ကြိမ် ဆေးခန်းတွင် သွားသန့်ရှင်းရေး လုပ်ပေးဖို့ လိုပါတယ်။
လတ်တလော ဘာလက္ခဏာမှ မရှိပေမယ့် အရင်က သွားပိုးပေါက် ဖြစ်ဖူးတယ်ဆိုရင် သွားဆရာဝန်နဲ့ 6 လ (သို့) 1 နှစ် တစ်ကြိမ် ပြသစစ်ဆေးသင့်ပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























