/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/သွေးနီဥများပြီး-သွေးပျစ်တဲ့ရောဂါ

သွေးနီဥများပြီး သွေးပျစ်တဲ့ရောဂါ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          သွေးနီဥ များတယ်ဆိုတာ ဘာလဲ၊ ဘာကြောင့်ဖြစ်ရတာလဲ၊ ဘယ်လိုကုသဖို့ လိုတယ်ဆိုတာတွေကို ပြောပြပေးပါ့မယ်။

          Polycythrmia vera လို့ခေါ်တဲ့ သွေးနီဥများရောဂါဆိုတာ ရိုးတွင်းခြင်ဆီထဲမှာ သွေးနီဥတွေ အများကြီး ထုတ်လုပ်နေတဲ့ သွေးကင်ဆာ အနှေးစားတစ်မျိုးပါ။ ဒီလိုသွေးနီဥတွေ များလာတဲ့အခါ သွေးပြစ်လာပြီး သွေးစီးနှုန်းကို ဟန့်တားလာပါတော့တယ်။ ဒါကြောင့် သွေးခဲပိတ်ပြီး နှလုံးပုတ်တာ၊ လေဖြတ်တာတွေ ဖြစ်လာနိုင်ပါတယ်။

          သွေးနီဥများတဲ့ရောဂါဟာ သိပ်ပြီးဖြစ်လေ့ဖြစ်ထ မရှိပါဘူး။ ဖြစ်လို့ရှိရင်လည်း တဖြည်းဖြည်းချင်းသာ ဖြစ်လေ့ရှိတဲ့ရောဂါတစ်မျိုးပါ။ နှစ်ပေါင်းများစွာ ဖြစ်လို့ဖြစ်နေမှန်းမသိဘဲ တခြားအကြောင်းတစ်ခုခုကြောင့် သွေးစစ်ရင်းနဲ့မှ သိတာမျိုးများပါတယ်။

          မကုသဘဲထားမယ်ဆိုရင် သွေးနီဥများရောဂါဟာ အသက်အန္တရာယ်ကိုပါ ထိခိုက်နိုင်ပါတယ်။ ဒါပေမဲ့ သေချာဆေးကုသမှုခံယူမယ်ဆိုရင် သူ့ရဲ့ရောဂါလက္ခဏာတွေ၊ နောက်ဆက်တွဲဆိုးကျိုးတွေကို သက်သာကာကွယ်နိုင်မှာပါ။ တချို့မှာဆိုရင် နောက်ပိုင်းကြာလာတဲ့အခါ ပိုဆိုးတဲ့သွေးကင်ဆာမျိုးတွေဖြစ်တဲ့ ရိုးတွင်းခြင်ဆီ အမျှင်ပွားရောဂါနဲ့ သွေးဖြူဥကင်ဆာရောဂါတွေ ဖြစ်လာနိုင်ပါသေးတယ်။

 

>>    သွေးနီဥများတဲ့အခါ ...

          များသောအားဖြင့် ဘာလက္ခဏာမှမပြတတ်ပါဘူး။ ပြခဲ့ရင် -

●        အသားအရေ ယားယံခြင်း၊ (အထူးသဖြင့် ရေနွေးနဲ့ ရေချိုးတဲ့အခါမျိုး)

●        ခေါင်းကိုက်ခြင်း

●        မူးဝေခြင်း

●        သွေးထွက်ခြင်း၊ သွေးခြေဥခြင်း

●        နွမ်းနယ်ခြင်း

●        နုံးနေခြင်း

●        အမြင်ဝေဝါးခြင်း

●        ချွေး အလွန်အကျွံထွက်ခြင်း

●        အဆစ်အမြစ်တစ်ခုခု အထူးသဖြင့် ခြေမ နာကျင်ရောင်ရမ်းခြင်း

●        အသက်ရှူ ကြပ်ခြင်း

●        လက်တွေ ခြေထောက်တွေ ထုံခြင်း၊ ကျဉ်ခြင်း၊ အားနည်းခြင်း

●        ဘေလုံးကြီးခြင်းကြောင့် ဗိုက်ဘယ်ဘက်အပေါ်ခြမ်း ပြည့်တင်းနေခြင်း၊ လေပွသလို ခံစားရခြင်း

●        ဖျားနာခြင်း

●        မရည်ရွယ်ပါဘဲ ကိုယ်အလေးချိန်တွေ လျော့နည်းလာခြင်း စတဲ့ လက္ခဏာတွေနဲ့ လာတတ်ပါတယ်။

 

>>    ဆရာဝန်နဲ့ ဘယ်အချိန်မှာ ပြသရမလဲ?

          ဒီလို သွေးနီဥများတဲ့လက္ခဏာတွေ ပြသခဲ့ရင် ဆရာဝန်နဲ့သာ ပြကြည့်ပါတော့။

          သွေးနီဥများရောဂါဖြစ်ရတဲ့ အကြောင်းရင်းတွေကတော့ -

          ရိုးတွင်းခြင်ဆီပွား ကင်ဆာရောဂါတွေထဲက သွေးကင်ဆာတစ်မျိုးပါ။ သွေးဆဲလ်တွေ ထုတ်လုပ်မှုအတွက် အရေးပါတဲ့ မျိုးရိုးဗီဇတစ်မျိုးမှာ ပြဿနာဖြစ်တာပါ။ ပုံမှန်ဆိုရင် သွေးကြောထဲက သွေးဆဲလ် ၃ မျိုးဖြစ်တဲ့ သွေးနီဥ၊ သွေးဖြူဥ၊ သွေးခဲဆဲလ်ပမာဏကို ခန္ဓာကိုယ်က ထိန်းညှိပေးပါတယ်။ သွေးနီဥများရောဂါမှာတော့ ရိုးတွင်းခြင်ဆီထဲမှာ သွေးနီဥထုတ်လုပ်မှု များနေတာကို တွေ့ရပါတယ်။

          သွေးနီဥများရောဂါမှာ ဆိုရင်တော့ ဆဲလ်တွေကိုပွားစေဖို့ တွန်းအားပေးတဲ့ ခလုတ်တစ်ခုဖြစ်တဲ့ ပရိုတင်းမှာ ပြဿနာဖြစ်တာပါ။ တိတိကျကျ ဆေးပညာစကားလုံးနဲ့ ပြောရမယ်ဆိုရင် Janus kinase 2 (JAK2) ဆိုတဲ့ ပရိုတင်းမှာ ပြဿနာဖြစ်တာပါ။ ဘာကြောင့်ဒီလို ပြဿနာဖြစ်တယ်ဆိုတာ မသိရပေမယ့် မျိုးရိုးလိုက်တာတော့ မဟုတ်ပါဘူး။

 

>>    ဖြစ်စေတဲ့ အကြောင်းရင်းတွေကတော့ -

          အသက်အရွယ်မရွေး ဖြစ်နိုင်တယ်ဆိုပေမယ့် အသက် ၆၀ ကျော်အရွယ်မှာ ပိုတွေ့ရတတ်ပါတယ်။

 

          နောက်ဆက်တွဲဆိုးကျိုးတွေအနေနဲ့ -

●        သွေးခဲခြင်း : သွေးတွေ ပျစ်ခဲလာပြီး သွေး အသွားအလာ နှေးလာတာအပြင် သွေးခဲဆဲလ်လေးတွေပါ ပုံမမှန်ဖြစ်လာတာကြောင့် သွေးခဲဖို့ အခွင့်အလမ်း ပိုများလာတာပေါ့။ သွေးခဲခြင်းကြောင့် လေဖြတ်ခြင်း၊ နှလုံးပုတ်ခြင်း၊ အဆုတ်သွေးခဲပိတ်ခြင်း၊ ခြေသလုံး သွေးခဲပိတ်ခြင်းတို့ ဖြစ်တတ်ပါတယ်။

●        ဘေလုံးကြီးခြင်း : ဘေလုံးဆိုတာ ခန္ဓာကိုယ်မှာ ရောဂါပိုးမွှားတွေနဲ့ သွေးဆဲလ် အအိုအဟောင်းတွေလိုမျိုး မလိုလားတဲ့အမှိုက်တွေကို ရှင်းထုတ်ပေးနိုင်စွမ်းရှိတဲ့ အင်္ဂါအစိတ်အပိုင်းတစ်ခုပါ။ ဒီတော့ သွေးနီဥတွေ များလာတဲ့အခါ ဘေလုံးက နဂိုထက်ကို ပိုပြီးအလုပ်လုပ်ရတော့တာပေါ့။ ဒါကြောင့် တဖြည်းဖြည်းနဲ့ ကြီးလာတာပါ။

●        သွေးနီဥများခြင်းကြောင့် ဖြစ်တဲ့ပြဿနာများ : သွေးနီဥများခြင်းကြောင့် အစာအိမ်နံရံ အတွင်းသား၊ အူသိမ်အပေါ်ပိုင်းနဲ့ အစာပြွန်မှာ အနာဖြစ်ခြင်း၊ အဆစ်အမြစ်တွေ ရောင်ရမ်းခြင်း စတဲ့ ပြဿနာအမျိုးမျိုးတွေ ကြုံတွေ့လာရတတ်ပါတယ်။

●        တခြားသွေးရောဂါများ : ရှားရှားပါးပါး သွေးနီဥများရောဂါကြောင့် တခြားသွေးရောဂါတွေ ဖြစ်လာတတ်ပါတယ်။ ရိုးတွင်းခြင်ဆီမှာ အမာရွတ် အမျှင်တွေ ဝင်လာခြင်း (myelofibrosis)၊ သွေးဆဲလ်ပင်မဆဲလ်တွေ ကောင်းကောင်း မဖွံ့ဖြိုး မရင့်ကျက်ခြင်း (myelodysplastic syndrome)၊ သွေးနဲ့ ရိုးတွင်းခြင်ဆီမှာ ကင်ဆာဖြစ်ခြင်း စတဲ့ ရောဂါတွေအဖြစ် ပြောင်းလဲတတ်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)