/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/သွေးလှူတော့မယ်ဆိုရင်-ဒီအချက်တွေကို-သိထားသင့်တယ်နော်

သွေးလှူတော့မယ်ဆိုရင် ဒီအချက်တွေကို သိထားသင့်တယ်နော်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ဒီနေ့ခေတ်မှာ သွေးလိုအပ်တဲ့လူနာတွေ များလာပြီးတော့ သွေးဘဏ်တွေကလည်း သွေးတွေ အလုံအလောက်ရဖို့ အခက်အခဲတွေ ရင်ဆိုင်နေရပါတယ်။ အထူးသဖြင့် သွေးလှူရှင်တွေကိုပဲ အားထားနေရပါတယ်။ အများအားဖြင့်တော့ သွေးလှူရှင်အဖွဲ့တွေမှာ ဝင်ပြီးပဲဖြစ်ဖြစ်၊ တစ်ဦးချင်းစီပဲဖြစ်ဖြစ် ကိုယ့်စိတ်ဆန္ဒအလျောက် လှူဒါန်းတာတွေ များလာပါတယ်။ ဒီတော့ သွေးမလှူခင်မှာတော့ ဒီအချက်လေးတွေကို သိထားသင့်ပါတယ်။

1.       သွေးလှူတာ တစ်ကြိမ်နဲ့ တစ်ကြိမ်ကြား အနည်းဆုံး ၃ လခြားဖို့ လိုပါတယ်။ သွေးလှူပြီးရင် သွေးဆဲလ်တွေ ပြန်ပြီးထုတ်လုပ်နိုင်ဖို့ အချိန် ၃ လလောက် ကြာလို့ပါ။ ဒီတော့ ယေဘုယျ ပြောရမယ်ဆိုရင် တစ်နှစ်ကို ၄ ကြိမ် သွေးလှူလို့ ရပါတယ်။

2.       သွေးလှူရှင်က အသက် ၁၈-၆၅ နှစ်ကြားမှာ ရှိပြီးတော့ ကိုယ်အလေးချိန်က 45kg အထက် (ပေါင် ၁၀၀ ကျော်) ရှိရပါမယ်။ သွေးနီဥပမာဏလည်း 12.5 mg% ထက် များရပါမယ်။

3.       သွေးမလှူခင်မှာ သွေးလှူရှင် သွေးလှူဖို့အတွက် ကျန်းမာလားဆိုတာကို သွေးပေါင်တိုင်း၊ သွေးနီဥပမာဏတွေနဲ့ ကိုယ်အလေးချိန်တွေတိုင်းပြီး စစ်ဆေးဖို့ လိုပါတယ်။

4.       သွေးလှူပြီး မူးနောက်နောက် ဖြစ်တာတော့ ရှားပါတယ်။ အဲဒီလိုဖြစ်တာကလည်း စိတ်လှုပ်ရှားလို့ဖြစ်တာ များပါတယ်။ ဒါကလွဲပြီးတော့ သွေးလှူတာက ဘေးထွက်ဆိုးကျိုး မရှိတဲ့အပြင် ကောင်းကျိုးတွေတောင်မှ ရှိပါသေးတယ်။

5.       သွေးလှူပြီးတဲ့အခါမှာ ရေဓာတ် ပြည့်ဝစေဖို့အတွက် ရေနဲ့ တခြားအရည်တွေ လုံလောက်အောင် သောက်ပေးပါ။ ဂက်စ်ပါတဲ့ အချိုရည်တွေ မသောက်ပါနဲ့။

6.       သွေးမလှူခင်မှာ ပေါ့ပေါ့ပါးပါး အစားအစာတစ်ခုခု စားထားပါ။ သွေးမလှူခင် တစ်ရက်အလိုမှာ အရက် လုံးဝမသောက်ပါနဲ့။ ပြီးတော့ သွေးလှူခါနီးအချိန်လေးမှာ ဆေးလိပ် လုံးဝမသောက်ပါနဲ့။

7.       သွေးလှူရင်လည်း စိတ်ချရတဲ့ သွေးဘဏ်တွေ၊ ဆရာဝန်ရှိတဲ့နေရာတွေမှာ လှူပါ။ ဖြစ်နိုင်ရင် ဆေးရုံမှာပဲ လှူပါ။

8.       သွေးလှူပြီးချိန်မှာ မူးဝေခြင်း ကင်းဝေးစေဖို့ လေ့ကျင့်ခန်းလုပ်တာ၊ လှုပ်ရှားမှု ပြင်းပြင်းထန်ထန်လုပ်တာတွေ ရှောင်ပါ။ သွေးလှူပြီးတဲ့နေ့မှာ စိတ်ရောကိုယ်ရော ဖိစီးမှုမရှိစေဘဲ အနားယူပါ။

9.       သွေးမလှူခင်မှာ သွေးလှူရှင်ကို အသည်းရောင် အသည်းဝါ B, C, ဆစ်ဖလစ်၊ ငှက်ဖျား၊ HIV စတဲ့ ကူးစက်တတ်တဲ့ရောဂါတွေ ရှိ၊ မရှိလည်း စစ်ဆေးပါတယ်။ ရောဂါပိုးတစ်ခုခုတွေ့ရင် လှူခွင့်မရှိပါဘူး။

10.     ဒီခေတ်မှာတော့ တစ်ခါသုံးအပ်တွေပဲ သုံးပါတော့တယ်။ ဒါပေမဲ့လည်း တစ်ခါသုံးအပ် သုံး၊ မသုံး ဆိုတာကိုလည်း စစ်ကြည့်ပါ။

Dr. Mya Myo Myo Swe (www.drmyanmar.com)