/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/သွေးအလွန်အကျွံခဲခြင်း

သွေးအလွန်အကျွံခဲခြင်း

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

သွေးအလွန်အကျွံခဲခြင်းဆိုတာ ဘာလဲ?

            ထိခိုက်ဒဏ်ရာရတဲ့အခါမှာ ခန္ဓာကိုယ်က သွေးခဲဖြစ်ပေါ်စေပြီး သွေးထွက် ရပ်စေပါတယ်။ သွေးမွှားလို့ခေါ်တဲ့ အမှုန်သေးသေးလေးတွေက သွေးခဲဖြစ်စေပါတယ်။ သွေးခဲခြင်းက ဒဏ်ရာရချိန်မှာ သွေးထွက်ရပ်စေပေမယ့် သွေးကြောထဲမှာဆိုရင်တော့ သွေးခဲမနေရပါဘူး။ သွေးအလွန် အကျွံခဲတဲ့ အခြေအနေကို သွေးခဲလွန်းခြင်းလို့ခေါ်ပြီး အန္တရာယ်ရှိပါတယ်။

 

အကြောင်းအရင်းများ

            သွေးထဲမှာရှိတဲ့ ပရိုတင်းဓာတ်အချို့က သွေးအလွန်အကျွံမခဲအောင် ကာကွယ်ပေးပါတယ်။ အချို့လူတွေမှာ ဒီပရိုတင်း လုံလောက်စွာ မရှိကြပါဘူး။ အချို့မှာတော့ ဒီပရိုတင်းက ကောင်းကောင်း အလုပ်မလုပ်ဘဲနေသလို အချို့လူတွေမှာကြတော့ သွေးခဲခြင်းကိုအားပေးတဲ့ပရိုတင်းတွေများပြီး သွေးခဲလွန်စေပါတယ်။ ဒါက မွေးရာပါ (သို့) မျိုးရိုးလိုက်တတ်ပါတယ်။ သွေးခဲခြင်းကို အားပေးတဲ့အချက်တွေကတော့ -

  • လေယာဉ် (သို့) ကားထဲတွင် အချိန်ကြာမြင့်စွာ ထိုင်ရခြင်း
  • ရက်သတ္တပတ် အတော်ကြာအောင် အိပ်ရာထဲ လဲနေခြင်း (ခွဲစိတ်ပြီးနောက် ၊ ဆေးရုံအကြာကြီး တက်ရခြင်း)
  • ခွဲစိတ်ခြင်း (သွေးစီးဆင်းမှု နှေးကွေးစေနိုင်ပါတယ်)
  • ကင်ဆာ (ကင်ဆာရောဂါအချို့က သွေးခဲစေတဲ့ ပရိုတင်းဓာတ်တွေ များလာစေနိုင်ပါတယ်)
  • ကိုယ်ဝန်ဆောင် ( ဝမ်းဗိုက်အောက်ပိုင်းနဲ့ ခြေထောက်တွေကို ဖိအားများစေပြီး သွေးခဲတွေ ဖြစ်စေနိုင်ပါတယ်)
  • ကိုယ်ဝန်တားဆေးများ သောက်ခြင်း၊ ဟော်မုန်းကုထုံးများ (သွေးစီးဆင်းမှုကို နှေးကွေးစေပါတယ်)
  • ဆေးလိပ်သောက်ခြင်း

 

အောက်ပါအချက်တွေကြောင့်လည်း သွေးအလွန်အကျွံ ခဲစေနိုင်ပါတယ်။

  • မျိုးရိုးထဲတွင် သွေးခဲခြင်းနှင့်ဆိုင်သည့် ရောဂါရှိခြင်း
  • အသက်ငယ်ငယ်ရွယ်ရွယ်နှင့် သွေးခဲမှု ပုံမမှန်ခြင်း
  • ကိုယ်ဝန်ဆောင်စဉ်၊ တားဆေးများသောက်စဉ် (သို့) ဟော်မုန်းကုထုံးများကြောင့် သွေးခဲများဖြစ်ခြင်း
  • အကြောင်းအရင်းမရှိဘဲ ကိုယ်ဝန်ပျက်ကျမှု အကြိမ်ရေများခြင်း
  •  

စမ်းသပ်ချက်များ

            သွေးခဲလွန်းတယ်လို့ သံသယရှိရင် သွေးထဲက ပရိုတင်းဓာတ်ကို စစ်ဆေးကြည့်နိုင်ပါတယ်။

 

ကုထုံးများ

            သွေးကျဲဆေးတွေ သောက်လို့ရပါတယ်။ အချို့ကတော့ သွေးခဲမှုကို အားပေးတဲ့အခြေအနေတွေ ကြုံတွေ့ရချိန်မှာပဲ ဆေးသောက်ဖို့လိုပြီး အချို့ကတော့ သွေးကျဲဆေးကို တစ်သက်လုံး စွဲသောက်ဖို့ လိုပါတယ်။

           အသုံးများတဲ့ သွေးကျဲဆေးတွေကတော့ Heparin နဲ့ Warfarin တို့ ဖြစ်ကြပါ တယ်။ ဆေးနှစ်မျိုးစလုံးက သွေးထွက်လွယ်စေပါတယ်။ ဒါကြောင့် ဒဏ်ရာရတဲ့အခါမှာ သွေးထွက်ချိန် ကြာလားဆိုတာကို သတိထားပြီး ကြည့်ရပါမယ်။ သွေးထွက်များရင်၊ သွေးထွက်တာ ပုံမမှန်ရင် ချက်ချင်းကုသမှု ခံယူရပါမယ်။ warfarin ကတော့ ဘေးထွက်ဆိုးကျိုး ပိုများပါတယ်။ ဒါ့အပြင် အချို့သောဆေးတွေက warfarin ရဲ့ ဂုဏ်သတ္တိအပေါ် အကျိုးသက်ရောက်မှုရှိစေတဲ့အတွက် အစားအစာ၊ ဆေးတွေသောက်တဲ့အခါမှာ ဆရာဝန်ကို သေချာမေးပြီးမှ သောက်သင့်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်မှာ warfarin ကို မသောက်သင့်ပါဘူး။ ကလေးမွေးချိန်အထိ heparin ပဲ သောက်သင့်ပါတယ်။ warfarin သောက်နေစဉ်မှာ ကလေးယူချင်တယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး heparin ပြောင်းသောက်ရပါမယ်။ လိင်ဆက်ဆံမှုများတဲ့ အမျိုးသမီးတွေမှာဆိုရင် warfarin သောက်ရင် ကိုယ်ဝန်တားဆေး သောက်သုံးဖို့ လိုပါတယ်။

 

သွေးခဲလွန်းခြင်းက အန္တရာယ်ရှိပါသလား?

            သွေးကြောထဲမှာ သွေးခဲရင် ဒီသွေးခဲက သွေးကြောတလျှောက် စီးဆင်းသွားပြီး အဆုတ်မှာ သွားပိတ်တတ်ပါတယ်။ အဆုတ်ကို သွေးမရောက်တော့ဘဲနဲ့ အသက်အန္တရာယ် ထိခိုက်စေနိုင်ပါတယ်။ ဦးနှောက်သွေးကြောထဲမှာ သွေးခဲပိတ်ရင် လေဖြတ်နိုင်ပါတယ်။ နှလုံးသွေးကြောထဲမှာ ပိတ်ရင်တော့ နှလုံးခုန် ရပ်နိုင်ပါတယ်။ အမျိုးသမီးတွေမှာ သွေးခဲလွန်းရင် ကိုယ်ဝန်ပျက်စေနိုင်ပါတယ်။ ဒါတွေအားလုံးက အသက်အန္တရာယ်ကို ထိခိုက်စေနိုင်ပါတယ်။

 

Dr. Mya Myo Myo Swe (www.drmyanmar.com)